
ရက္ခိုင့်တပ်တော် (AA) နှင့် ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် ရေကြောင်းမှ ရိက္ခာဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။
အပစ်ရပ်လိုက်သည်ဟု သတင်းဌာနများကို ပြောကြားကြပြီး နောက်တစ်နေ့ (နိုဝင်ဘာ ၂၇) မှစ၍ ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား စသည့် မြို့နယ်များရှိ တပ်ရင်းတပ်စခန်းများတွင် ရိက္ခာများ ဖြည့်တင်းနေသည်ကို ဒေသခံတို့ တွေ့ခဲ့သည်။
“ဒီလ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေမြို့ တပ်ထိန်းဂိတ်ဘက်ကနေ မြို့ပြင်လမ်းကြောင်းအတိုင်းလာတဲ့ စစ်ကားတွေ ရွှေမင်းဂံဘက်ကို မောင်းသွားတာ တွေ့လိုက်တယ်။ ရှေ့ကသွားတဲ့ကားတစ်စီးမှာ ဆန်အိတ်တွေ အပြည့်တင်သွားတာ တွေ့တယ်။ နောက်က ကားမှာက စစ်သားတွေ ပါတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၃ နှင့် ၄ တို့တွင် စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းရှိ ဇက်ရေယာဉ် ၄ စီးပေါ် ကုန်များတင်ခဲ့သည်၊ နောက်တစ်နေ့ ဒီဇင်ဘာ ၅ တွင် မင်းပြားမြို့နယ်ဘက်သို့ ဦးတည်ခုတ်မောင်းလာကြသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“အဲဒီဇက်ရေယာဉ်တွေက စစ်တွေ – မင်းပြားရေလမ်းကြောင်းအတိုင်း ဦးတည်လာတာ။ မင်းပြားဘက်မှာရှိတဲ့ တပ်ရင်းတပ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်အင်အားတွေ ဖြည့်နေတာလို့ ယူဆရတယ်” ဟု ထိုသူက ပြောသည်။
ယခုနှစ် သြဂုတ်အတွင်း ပြန်ဖြစ်ပွားလာသော AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများသည် ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် နိုဝင်ဘာလကုန်ပိုင်းတွင် ယာယီရပ်နားရန် သဘောတူထားကြသည်။
ရခိုင်မြောက်ပိုင်းမြို့နယ်များသည် ယခင် ၂၀၁၈ နှစ်ကုန်မှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ တိုက်ပွဲများပြင်းထန်စဉ်ကလည်း ဒေသခံအများအပြား ထွက်ပြေးခဲ့ရပြီး စစ်ဒဏ်သင့်ခံရသောနေရာများလည်း ဖြစ်သည်။
ဒီဇင်ဘာ ၄ ရက်က စစ်တွေမြို့မှ မေယုမြစ်ကြောင်းအတိုင်း လာသော ဇက်ရေယာဉ် ၂ စီး ပေါ်တွင် တင်ဆောင်လာသော သစ်သားသေတ္တာများကို ဘူးသီးတောမြို့အရောက် အခြေစိုက် တပ်ရင်းတပ်စခန်းများမှ စစ်ကားများဖြင့် လာရောက်ယူဆောင်သွားသည်ကို တွေ့ရကြောင်း ဘူးသီးတောင်ဒေသခံတစ်ဦးက ပြောသည်။
“ဇက်က ၄ ရက်က ရောက်လာပြီးတော့ နောက်တစ်နေ့မှာ ပြန်ဆင်းသွားတယ်။ ပါတာက ရိက္ခာတွေနဲ့ သစ်သားသေတ္တာ ပါတယ်။ အဲဒီသစ်သားသေတ္တာတွေက လက်နက်တွေထည့်လာတဲ့ သေတ္တာတွေ ဖြစ်နိုင်တယ်။ လူတွေကလည်း အဲဒီလိုပဲ ပြောနေကြတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ နိုဝင်ဘာ ၃၀ ရက်ကလည်း ရိက္ခာ၊ လူသူလက်နက်အင်အား အပြည့်တင်ဆောင်လာသည့် စစ်ကောင်စီ ဇက်ရေယာဉ် ၃ စီးမှာ စစ်တွေဘက်မှ ကုလားတန်မြစ်ရေလမ်းကြောင်းအတိုင်း ကျောက်တော်ဘက်သို့ တက်လာပြီး နောက်တစ်နေ့တွင် ပြန်ထွက်ခွာသွားကြောင်း မြင်တွေ့လိုက်ရသော ဒေသခံတစ်ဦးက ပြောသည်။
“အပစ်ရပ်ပြီးတာနဲ့ ဇက်တွေတက်တာ နှစ်ကြိမ်ရှိပြီ။ နိုဝင်ဘာ ၃၀ က တစ်ကြိမ်တက်တယ်။ ပြီးတော့ ဒီဇင်ဘာ ၃ ရက်က တစ်ကြိမ်တက်တယ်။ တစ်ခါတက်ရင် နှစ်စီး သုံးစီး အဲဒီလိုပါတယ်။ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ပါမယ် ထင်တယ်။ ကုလားတန်မြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ၉၉ တောင်ကုန်းအနီးက စကခ ၉ ရေယာဉ်ဆိပ်မှာ ရပ်တယ်” ဟု အထက်ပါကျောက်တော်ဒေသခံက ဆက်ပြောသည်။
ကျေက်တော်-ပလက်ဝရေလမ်းကြောင်းသည် ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမားရေး၊ ပညာရေး စသော လူမှုဘဝလိုအပ်ချက်များနှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအားထားရာ လမ်းကြောင်းဖြစ်ပြီး စစ်ကောင်စီက သြဂုတ်အစောပိုင်းက သွားလာခွင့် ကန့်သတ်ခဲ့သည်။
စစ်ကောင်စီသည် သုံးလကျော်ကြာ ပိတ်ထားခဲ့သည့် ကျောက်တော် – ပလက်ဝ ရေလမ်းကို အပစ်ရပ်ပြီးနောက် ပြန်ဖွင့်ပေးခဲ့သော်လည်း ပုဂ္ဂလိကပိုင်စက်လှေများကို ပြေးဆွဲခွင့် ကန့်သတ်ထားဆဲဖြစ်ကာ ၎င်းတို့ချုပ်ကိုင်ထားသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဇက်ရေယာဉ်ကို တစ်ပတ်နှစ်ကြိမ် ပြန်လည်ပြေးဆွဲပေးနေသည်။
အဆိုပါ ကျောက်တော်- ပလက်ဝ ဇက်ရေယာဉ်များပေါ်တွင်လည်း စစ်ကောင်စီတပ်၏ ရိက္ခာအများအပြား ပါရှိသည်ကို တွေ့ရကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။
“သုံးလကျော်လောက် လမ်းပိတ်လိုက်တော့ ကုန်စည်စီးဆင်းမှုမရှိလို့ ကုန်စျေးတွေတက်။ လူတွေ တော်တော် ဒုက္ခရောက်ခဲ့ကြရတယ်။ ဆန်စျေး၊ ဆီစျေးတွေ တက်ပြီးတော့ ဝယ်ဖို့ လိုက်ရှာလို့တောင် မရဖြစ်ခဲ့ရတယ်။ အခု လမ်းဖွင့်ပြီးတော့ အစိုးရပိုင်ဇက် တစ်ပတ်နှစ်ကြိမ် ပြေးဆွဲနေတယ်။ ဇက်တစ်ခါတက်ရင် ကုန်ပစ္စည်းတွေက အပြည့်ပါတယ်။ အဲဒီအထဲမှာ စစ်တပ်က ရိက္ခာတွေလည်း အများကြီးပါတယ်” ဟု ၎င်းမြို့ခံက ဆိုသည်။
AA နှင့် စစ်တပ်တို့ လူသားချင်းစာနာမှုသဘောတူညီချက်ဖြင့် ယာယီအပစ်ရပ်လိုက်ကြသော်လည်း စစ်တပ်က ရိက္ခာဖြည့်တင်းနေသလို AA ဘက်ကလည်း အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု ပြောဆိုထားသည်။
ထို့ကြောင့် နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာကာ တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေသည်။
စစ်ရေးပြင်းထန်စဉ်က ရပ်ကွက် ကျေးရွာများတွင် နှစ်ဖက်အပြန်အလှန်ဖမ်းဆီးခဲ့သလို အပစ်ရပ်ပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီသည် မောင်တောဒေသခံ ၁၀၀ နီးပါးကို AA ကူညီသူများဟု ဆိုကာ ဖမ်းဆီးရန် လိုက်လံရှာဖွေနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)