သတင်း

ထီးချိုင့်တွင် တစ်ပတ်ကျော် တိုက်ပွဲပြင်းထန်၊ လေကြောင်းမှ တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ လေသာရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်) တွင် ဝင်တိုက်သည်၊ လေတပ်ကလည်း လာရောက်ဗုံးကြဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ညက ၁၁ နာရီ ၁၅ လောက်မှာ လေယာဉ်နဲ့ လာကြဲသွားတယ်။ ၁၁ နာရီ ၂၅ လောက်မှာ တစ်ကြိမ် လာပစ်သွားတယ်၊ လေယာဉ်နှစ်စင်းနဲ့။ အလယ်တောနဲ့ လေသာဘက်ကို လာကြဲသွားတာ” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂ နေ့လယ်ပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်သည် မြို့မြောက်ဘက်ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ဒီဇင်ဘာ ၂၈ ရက်တွင် လေသာရွာတွင် တပ်စွဲပြီး လူနေအိမ်များကိုလည်း မီးရှို့ခဲ့ကြသည်ဟု စစ်ရှောင်အရေးကူညီနေသည့် ထီးချိုင့်မြို့နယ် ဒေသခံတစ်ဦးကလည်း ပြောသည်။

“လေသာရွာထဲမှာလည်း ဝင်တိုက်ကြတယ်ပေါ့လေ။ မီးရှို့ခံရမှတော့ မထူးဘူးဆိုပြီး ရွာထဲကို ဝင်တိုက်တယ်။ ကျွန်တော်တို့အထင် သူတို့မှာ လက်နက်ခဲယမ်း နည်းနေပြီ ထင်တယ်၊ ထိတာနာတာလည်း များနေပြီဆိုတော့ တောင်ရိုးပေါ်ကို ပြန်တက်ပြေးတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ယခင်ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း၊ လေသာရွာဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သား ၁ ဦး၏ ရုပ်အလောင်း မြှုပ်နှံထားသည်ကို ယနေ့ (ဒီဇင်ဘာ ၂) နံနက်ပိုင်း နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်သားများ ရွာအတွင်း တပ်စွဲထားစဉ် ခိုနားခဲ့သည့် နေအိမ်များနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ဆေးကုထားသည့် ပစ္စည်းများကို တွေ့ရသည်၊ ထိခိုက်ဒဏ်ရာရသူများပြားနိုင်သည်ဟု အထက်ပါ ထီးချိုင့်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သားတို့ မီးရှို့ဖျက်ဆီးခဲ့ကြသည့် လေသာရွာမှ ပြည်သူ့နေအိမ်များကို တွေ့ရစဉ်

နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း လေသာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA တပ်ဖွဲ့၊ အင်းတော်PDF, ထီးချိုင့် PDF, ပကဖတို့ ဝင်ရောက်တိုက်ခိုက်သည်၊ ထိုနေ့ ည ၉ နာရီ ဝန်းကျင်တွင်လည်း စစ်ကောင်စီက လေကြောင်းမှ စစ်ဆင်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေသာရွာအတွင်း တပ်စွဲထားစဉ် မီးရှို့သဖြင့် အိမ်ခြေ ၂၀၀ ကျော် ပြာကျသွားသည့်အပြင် ဆန်စပါးများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများပါမကျန် ပျက်စီးခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။

ပြင်းထန်တိုက်ပွဲများကြောင့် ဒေသခံများ ထောင်နှင့်ချီ ထွက်ပြေးနေရ

ဒီဇင်ဘာ ၃၀ ရက်နေ့က ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းဟု ယူဆရသည့် ပစ္စည်းများ လာရောက်ပို့ဆောင်သည်၊ ထိခိုက်ဒဏ်ရာရမှုများပြားနေသည့် စစ်ကြောင်းကို စစ်ကူဖြည့်တင်းလာသည့် စစ်သားအင်အား ၁၀၀ နီးပါးကလည်း ယနေ့နံနက်ပိုင်းတွင် ထီးချိုင့်မြို့ မြောက်ဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် စစ်ရေး ဆက်လက်ပြင်းထန်လာနိုင်သည် ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့မှ ထွက်လာသည့် စစ်ကြောင်းသည် ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကျက်သရေချောင်းရွာကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ထီးချိုင့်မြို့နယ်တွင် တစ်ပတ်ကျော်ကြာ ရက်ဆက်တိုက်ပွဲ ပြင်းထန်နေသည့်အတွက် မြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်နိုင်သည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်သားတို့ မီးရှို့ဖျက်ဆီးခဲ့ကြသည့် လေသာရွာမှ ပြည်သူ့နေအိမ်များကို တွေ့ရစဉ်

“မြို့ပေါ်မှာတော့ ကြောက်နေကြတာပါ့။ အကုန်ပြေးနေကြပြီ။ မြို့နား နီးစပ်ရာတွေက အကုန်ပြေးနေကြပြီ။ သူတို့က မီးလိုက်ရှို့နေတာကို။ ပစ္စည်းပစ္စယတွေ မြေကြီးထဲ တူးမြှုပ်ကြတော့တာလေ။ ဆန်အိတ်တွေ၊ အစားအသောက်တွေအကုန်လုံး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၅ ရက်နေ့မှ စတင်ကာ ထီးချိုင့်မြို့မြောက်ဘက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဆူးပုတ်ချောင်ရွာ၊ အင်ကြင်းကုန်း၊ အင်းတိန်၊ အလယ်တော၊ လေသာရွာတို့ကို မီးရှို့မှုကြောင့် အိမ်ခြေ ရာနှင့်ချီပြီး မီးလောင်ပျက်စီးခဲ့သည်။

စစ်တပ်က လက်နက်ကိုင်ခုခံသူတို့ကို နှိမ်နင်းရေး အကြောင်းပြပြီး ရွာမီးရှို့လေ့ရှိသော်လည်း နိုင်ငံတကာကိုမူ မီးမရှို့ကြောင်း၊ ပြည်သူများကို အကာအကွယ်ပေးနေကြောင်း ပြောဆိုလေ့ရှိသည်။ 

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းရာဒေသဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းမှ ခင်ဦး၊ ဝက်လက်၊ ရွှေဘို၊ အင်းတော်တို့တွင်လည်း လတ်တလော တိုက်ပွဲများပြင်းထန်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button