သတင်း

ရခိုင်တွင် တိုက်ပွဲရပ်သော်လည်း စစ်ကောင်စီက ရေလမ်း၊  ကုန်းလမ်းများ ဆက်ပိတ်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ နှင့်  ရက္ခိုင့်တပ်တော်(AA)တို့က  ဒေသခံများကို လူသားချင်းစာနာသဖြင့် ယာယီအပစ်ရပ်ရန် သဘောတူထားသော်လည်း စစ်ကောင်စီက အဓိက အချက်အချာကျသည့် ကုန်းလမ်း နှင့် ရေလမ်းများကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်ဟု သိရသည်။ 

လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုသည် ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှု ဖြင့်  နိုဝင်ဘာ၂၆ တွင် ယာယီအပစ်ရပ်ထားခြင်း ဖြစ်သည်။ 

တောင်သူလယ်သမားများ အေးအေးချမ်းချမ်း စပါးရိတ်သိမ်းနိုင်ရန်၊  ကုန်စည်စီးဆင်းမှုတွင် အဓိက ကျသည့် ကုန်းလမ်း၊  ရေလမ်းများကို ဖွင့်ပေးရန် ကတိကဝတ်များဖြင့် အပစ်ရပ်ပြီးနောက် ဆက်ပိတ် ထားသည့် လမ်းများထဲတွင်   ရန်ကုန်-စစ်တွေကားလမ်းမကြီးတွင်ရှိသည့် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း ပါဝင်သည်ဟု  ဒေသခံတို့က ပြောသည်။  

လမ်းမဖွင့်သေးသောကြောင့် စီးပွားရေး၊  ကျန်းမာရေး၊  လူမှုရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ 

“အခက်အခဲကတော့ ကျန်းမာ‌ရေးကိစ္စဆိုရင် စစ်တွေနဲ့အမြဲတမ်းအဆက်အသွယ်ရှိနေရတာလေ။  အခု စစ်တွေကို သွားမယ်ဆိုရင် ပေါက်တောကနေပတ်ပြီး(ရေလမ်းကြောင်းကနေ)သွားနေရတယ်။ 

ဆိုတော့ ငွေရေးကြေးရေး ပိုကုန်တယ်။  သုံးသောင်း၊  လေးသောင်းလောက်ကုန်တယ်။  ကားနဲ့သွားရင် ၅၀၀၀နဲ့ အဆင်ပြေတယ်။  ကားလမ်း အမြန်ဆုံးဖွင့်ပေးမှ အားလုံးအဆင်ပြေမှာ”ဟု ၎င်းက ဆိုသည်။ ပုဏ္ဏားကျွန်းမြို့ရှိ ဘဏ်များသို့ ငွေ မရောက်နိုင်သောကြောင့် နိုဝင်ဘာ ၃၀ တွင် လစာမရကြကြောင်း ဌာနဆိုင်ရာဝန်ထမ်းများထံမှ သိရသည်။   

“ဒီလောက်ကုန်စျေးနှုန်းတက်နေတာမှာ လစာပုံမှန်မရတော့ ကျွန်မတို့ သိပ်အခက်အခဲရှိတာပေါ့။  ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်။  လခစားတွေမှာ လခမရတော့ ဘယ်လိုလုပ် ရပ်တည်နိုင်မလဲ။  အမြန်ဆုံး ထုတ်ပေးစေချင်ပါတယ်”ဟု မူလတန်းပြဆရာမတစ်ဦးက  ဒီဇင်ဘာ ၁ တွင် ပြောသည်။  

ငွေထုတ်မည့်သူများမှာ ထုတ်ယူမည့် ငွေပမာဏကို တင်ပြရပြီးနောက် ရက်ချိန်းယူနေရသည်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘဏ်လုပ်ငန်း သိသိသာသာ ထိခိုက်နေသည်ဟု ပုဏ္ဏားကျွန်းဒေသခံ တစ်ဦးက ပြောသည်။ 

“ငွေထုတ်ဖို့အတွက် ငွေပမာဏနဲ့ တိုကင်အရင်ပေးရတယ်။ ငွေပမာဏအနည်းအများအရ ဘဏ်ဘက်က အနည်းဆုံး တစ်ပတ်၊  ၁၀ ရက်ကပင် ၁၅ ရက်လောက်အထိ ငွေထုတ်ဖို့ရက်ချိန်းပေးတယ်။  တစ်ခါတလေ ငွေမလောက်ငှလို့ ရက်ချိန်းအတိုင်း မထုတ်ရတာတွေလည်းရှိပါတယ်”ဟု သူက ပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းပေါ်တွင် ပိတ်မိနေသော ကားများကို နိုဝင်ဘာတတိယပတ်တွင် တွေ့ရစဥ် ။  (ဓာတ်ပုံ-ပေးပို့)

လက်ရှိတွင် အဆိုပါလမ်းပိုင်းရှိ ရေဖြူကန်ကျေးရွာတံတားအလွန်ကပင် ကွမ်းတောင်ကျေးရွာသို့ မရောက်ခင်အထိ AA တပ်ဖွဲ့ဝင်များက နေရာယူထားပြီး မသင်္ကာသူများကို  စစ်ဆေးနေသည်။

ပလက်ဝ ရေလမ်းကြောင်း ဆက်ပိတ်

ထို့ပြင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ-ကျောက်တော်မြို့ ရေလမ်းကြောင်းကိုလည်း ပိတ်ထားဆဲ ဖြစ်သည်။  

ပလက်ဝဒေသခံများမှာ ကျန်းမာရေး၊  စားသောက်ကုန်ပစ္စည်း ဝယ်ယူရေးအတွက်  ကျောက်တော်မြို့သို့ ဆက်သွယ်သွားလာရန်မှာ ထိုလမ်းကြောင်းကိုသာ အားကိုးရသည်ဟု   ပလက်ဝမြို့ပေါ်မှ ဒေသခံတစ်ဦး က ပြောသည်။  

“ဆက်ပိတ်ထားမယ်ဆိုရင် အဓိကတော့ အခက်အခဲကြုံရမယ်၊ စားဝတ်နေရေးကိစ္စတွေလေ။ ပြီးတော့ ပိုက်ဆံရှာဖို့ လမ်းကြောင်း မရှိဘူး။ တချို့ဒေသခံတွေက ကျောက်တော်ကိုသွားပြီးအလုပ်လုပ်ရတယ်။ တချို့ကျတော့လည်း ဒီက ဟင်းသီးဟင်းရွက်တွေ၊  သစ်ဝါးတွေကို အဲဒီမှာသွားရောင်းရတာ။  အခုလို ဆက်ပိတ်ထားရင် ဘယ်လိုလုပ် အဆင်ပြေတော့မှာလဲ။  အမြန်ဆုံးဖွင့်ပေးစေချင်ပါတယ် ”ဟု ၎င်းက ဆိုသည်။  

စစ်ကောင်စီသည် တိုက်ပွဲရပ်တန့်ပြီးနောက် စစ်တွေမြို့မှ ပြေးဆွဲနေသော မင်းပြား၊ ပေါက်တော၊  ရသေ့တောင်၊  ဘူးသီးတောင် ရေလမ်းကြောင်းများဖွင့်ပေးခဲ့သည်။ သို့ရာတွင် မင်းပြား-မြေပုံကားလမ်း၊ စစ်တွေ- ရသေ့တောင် ကားလမ်း၊ စစ်တွေ-မြောက်ဦးရေလမ်း၊ ပုဏ္ဏားကျွန်း-စစ်တွေကားလမ်း၊ အငူမော်-ရေချမ်းပြင်နှင့် ပလက်ဝ- ကျောက်တော် ရေလမ်းတို့ကို ပိတ်ထားဆဲဖြစ်သည်။ 

ထို့ပြင် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာအုပ်စုကိုလည်း ကုန်းလမ်း၊  ရေလမ်း ပိတ်ပင်ထားသော ကြောင့် ကျေးရွာ ၅၀ နီးပါးမှ ဒေသခံ တစ်သောင်းကျော်ကို ထိခိုက်နေသည်။  ၎င်းတို့မှာ စားနပ်ရိက္ခာကို ကမ်းထောင်းကြီးမြို့မှ ဝယ်ယူရသကဲ့သို့ ဒေသထွက် ဟင်းသီး၊ ဟင်းရွက်များကိုလည်း အလားတူ သွား ရောက် ရောင်းချရသူများ ဖြစ်သည်။ 

စစ်ကောင်စီတပ်သည် အောက်တိုဘာပထမပတ်တွင် ကုန်းလမ်း၊   နိုဝင်ဘာ ၁  တွင် ရေလမ်းကို ပိတ်ထားခြင်း ဖြစ်သည်။ 

“အဓိကရေလမ်းကြောင်းကို ပိတ်ထားတော့ အဲဒီဒေသက ထွက်တဲ့ သစ်တွေ၊ ဝါးတွေကို ထုတ်လို့မရဘူး။ တခြားဒေသကို ရောင်းဖို့ထုတ်လို့မရသလို ကိုယ့်ဒေသမှာလည်း ခုတ်ရမလွယ်ကူဘူး။  ပြီးတော့ ဆန်တွေဆိုလည်း တခြားဒေသမှာထက် စျေးမြင့်တက်နေတယ်။  အဲဒီဒေသကထွက်တဲ့ဆန်စပါးလည်း ဒေသကလူတွေအတွက် လုံ လောက်အောင်မထွက်ဘူး။  ကမ်းထောင်းကြီး၊  အမ်းဘက်တွေက ဝယ်ရတယ်။  အကန့်အသတ်တွေရှိတော့ ဒေသမှာလည်း အလုပ်အကိုင်အခွင့်အလမ်းမရှိ၊  ပိုက်ဆံကလည်း ရှားတယ်ဆိုတော့ သိပ်အခက်အခဲကြုံနေရတယ် ”ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။ 

စစ်တပ်နှင့်AA တို့သည် ရခိုင်နှင့်ပလက်ဝဒေသတွင် ပြီးခဲ့သည့် ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၂၀  နိုဝင်ဘာလဆန်းအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။  အာဏာသိမ်းခါနီးတွင် အပစ်ရပ်လိုက်ခြင်း ဖြစ်ပြီး  ထိုသို့ သဘောတူနိုင်ရန် ဂျပန်နီပွန်ဖောင်းဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက   ကြားဝင်ညှိနှိုင်းပေးခဲ့သည် ဟု ဆိုသည်။

ပထမအကြိမ် အပစ်ရပ်ပြီးနောက် AA သည် ရခိုင်ဒေသတွင်းတွင် တရားစီရင်ရေး၊  အုပ်ချုပ်ရေး ယန္တရားများကို ဆက်လက်တည်ဆောက်လာသောကြောင့် စစ်တပ်နှင့် စစ်ရေးတင်းမာလာသည်။  ယင်းနောက် ယခုနှစ် သြဂုတ်လမှ စတင်ကာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ရာမှ နိုဝင်ဘာလ ၂၆ တွင် ထပ်မံ အပစ်ရပ်ရန် သဘောတူလိုက်ခြင်း ဖြစ်သည်။  

တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် အရပ်သား ၂၆ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာ ရရှိသူ ၁၁၁ ဦးအထိရှိကြောင်း၊  ရခိုင်ဒေသခံ ၂၄၀ ဦးခန့်ကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း  AA ထံမှ သိရသည်။  

နယ်စပ်ကုန်သွယ်ရေး 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုတွင် အရေးပါသော မောတောနယ်စပ်ကုန်သွယ်ရေးမှာလည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားချိန်မှစ၍ ကုန်သွယ်မှုတဖြည်းဖြည်းကျဆင်းလာရာ နိုဝင်ဘာလကုန်ပိုင်းတွင် ပုံမှန်တင်ပို့မှုပမာဏ၏ ၉၅ ရာခိုင်နှုန်းခန့်အထိ ကျသွားကြောင်း နယ်စပ်ကုန်သည်များက ဆိုသည်။  

နယ်စပ်ကုန်သွယ်မှု လုံးဝရပ်ဆိုင်းမည့်အခြေအနေဖြစ်သော်လည်း နှစ်ဖက်အပစ်ရပ်ဆိုင်းမှုနှင့်အတူ လမ်းကြောင်း များပြန်ဖွင့်ပေးပါက ကုန်သွယ်မှုပြန်တက်လာမည်ဟု ယုံကြည်ကြောင်း မောင်တောနယ်စပ် ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက Myanmar Now ကို ပြောသည်။  

“မတိုးတက်လာသေးဘူး။  (ကုန်သွယ်မှု) ၅ ရာခိုင်နှုန်းအတိုင်းပဲရှိနေသေးတယ်။  ဒီဇင်ဘာလဆန်းမှာ ဘယ်လို လာမလဲတော့မသိဘူး။  ကျွန်တော့်အထင် အပစ်ရပ်ပြီးရင် လမ်းဖွင့်မယ်ပေါ့။  လောလောဆယ် ဘူးသီးတောင်ကို စစ်တွေကနေ ရေကြောင်းတော့ ဖွင့်နေပြီ။  အငူမော်လမ်း ဖွင့်ဖို့လိုတယ်။  အငူမော်လမ်း ပွင့်သွားရင်တော့ ကုန်သွယ်မှု ပိုအားကောင်းလာမယ်” ဟု ၎င်းက ဆိုသည်။ ‘

လမ်းကြောင်းပိတ်ဆို့ထား၍ ရန်ကုန်နှင့် ပြည်မဘက်မှ ကုန်စည်ဝင်ရောက်မှု မရှိသဖြင့် ယခင်က တစ်ရက် လျှင် စက်လှေ ၅ စီးခန့်တင်ပို့ရာမှ တစ်ပတ်လျှင် ၃ စီးခန့်သာရှိနိုင်ကြောင်း၊ ဒေသခံတို့ စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း  ၎င်းက ဆိုသည်။   

ပုံမှန်အားဖြင့် ဘင်္ဂလားဒေ့ရှ်သို့   ငါးမြစ်ချင်း၊  ကြက်သွန်၊  ဂျင်းစိမ်းနှင့် နနွင်းတို့တင်ပို့ပြီး မြန်မာဘက်သို့ ရေတိုင်ကီ၊  အိုးခွက်ပန်းကန်နှင့် လူသုံးကုန်ပစ္စည်းများတင်သွင်းကြကြောင်း မောင်တောနယ်စပ်ကုန်သည် များထံမှ သိရသည်။  

၂၀၂၂ ဧပြီမှ နိုဝင်ဘာ ၁၈ အထိ ရခိုင်ပြည်နယ် မောင်တော၊  စစ်တွေစသည့်နယ်စပ်စခန်းများမှ  နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများတွင် ဖော်ပြထားသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button