မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရခက်ခဲနေခြင်း အကြောင်းရင်းဇာစ်မြစ်ကို ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် အဖွဲ့အစည်းအမျိုးမျိုးက လေ့လာဆန်းစစ် အဖြေရှာကြရာတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကို လက်ညှိုးထိုးလေ့ရှိသည်။
ထိုအပြင် စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်စွပ်ဖက်မှုကို လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းရယူထားသည့် ကိစ္စလောက်သာ အလေးထားပြောဆိုနေကြပြီး၊ စစ်တပ်က လွှတ်တော်အတွင်းက ထွက်ခွာပေးလိုက်လျှင် ပြဿနာများ ပြေလည်သွားနိုင်သည်ဟု ယူဆပြောဆိုချက်များက လွှမ်းမိုးထားသည်။
သို့သော် ကာကွယ်ရေးဦးစီးချုပ်၏ အာဏာကျင့်သုံးမှုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် မည်သည့်ဥပဒေမှာမှ ထိန်းကျောင်းနိုင်ခြင်း မရှိပဲ၊ ထိုအချက်ကို လူပြောသူပြော နည်းလှသည်။ မြန်မာ့ တရားရေးစနစ်ကြီးတခုလုံး၏ လစ်ဟာနေသော အားနည်းချက်လည်းဖြစ်ပြီး၊ ထိုပြဿနာသည် စစ်တပ်က လွှတ်တော်ထဲ နေရာဝင်ယူထားခြင်းနှင့် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးရေး ကိစ္စများထက် ပို၍ကြီးမားသော ပြဿနာ ဖြစ်သည်။
တည့်တည်ပြောရလျှင် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် အကြွင်းမဲ့အာဏာရှင် ဖြစ်နေသည်။ ထိုအချက်ကို ပြောင်းလဲနိုင်စွမ်းမရှိပါက စောမောင်၊ သန်းရွှေ၊ မင်းအောင်လှိုင် စသဖြင့် စစ်ဗိုလ်ချုပ်ကြီးများ တယောက်ပြီး တယောက် ပြောင်းလဲသွားပါစေ၊ အကြွင်းမဲအာဏာရှင်စရိုက်နှင့် ဥပဒေအထက်က စိတ်ထင်တိုင်း လုပ်တတ်သည့် စစ်ခေါင်းဆောင်များ မင်းအောင်လှိုင်အလွန်တွင် ထပ်မံထွက်ပေါ် လာလိမ့်မည်မှာ ဧကန်မလွဲပေ။
မြန်မာနိုင်ငံရေးခရီးကို ပြန်ပြောင်းသုံးသပ်ရလျှင် ၁၉၈၈ ခုနှစ် တပါတီဆိုရှယ်လစ် အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထဲက အာဏာလွှဲပြောင်း ရယူခဲ့ချိန်ကတည်းက စစ်တပ်သည် အကြွင်းမဲ့ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့သည်။
စစ်ဦးစီးချုပ်ရာထူးကို ထိန်းကျောင်းနိုင်သော ဥပဒေတရပ်မရှိခဲ့၍ အဆိုပါ စစ်ဦးစီးချုပ်ကို ဖယ်ရှားရန် အခြေအနေတရပ် ပေါ်ပေါက်လာပါက တခုတည်းသောနည်းလမ်းမှာ သူ၏လက်အောက်မှ စစ်တပ် အရာရှိကြီးများက ၎င်းတို့အကြီးအကဲကို အာဏာပြန်သိမ်းခြင်းသာ ဖြစ်သည်။
ထိုဖြစ်ရပ်မျိုး ၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်အား ၎င်း၏အောက်က ဒု-စစ်ခေါင်းဆောင် သန်းရွှေက ဖယ်ရှားပြီး အာဏာပြန်သိမ်းခဲ့သည့် ဖြစ်ရပ်ကို လေ့လာနိုင်သည်။ သို့သော် စစ်အာဏာရှင် တဦးထံမှ နောက်တဦးက အာဏာသိမ်းခြင်းသာဖြစ်ပြီး၊ တိုင်းပြည်နှင့် ပြည်သူများ အကျိုးအတွက် မည်သို့မျှ ကောင်းမွန်ခြင်း မရှိခဲ့ပါ။
ယခုလည်း မည်သည့်ဥပဒေကိုမျှ ဂရုမစိုက်ပဲ စိတ်ထင်တိုင်း တနိုင်ငံလုံးရှိ ပြည်သူများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ညှင်းပန်းနေပြီး၊ ပြည်သူများ၏ ပိုင်ဆိုင်သမျှ အိုးအိမ်များကို မီးရှို့လုယက် ယူငင်နေ သည့် စစ်တပ်ကို ဦးဆောင်နေသော မင်းအောင်လှိုင်၏ လုပ်ရပ်များကို ဟန့်တားနိုင်သည့် ဥပဒေ မရှိပဲ၊ ဥပဒေအထက်က စစ်ခေါင်းဆောင် ဖြစ်နေသည်။
၎င်း၏လက်အောက်က ဒု-စစ်ခေါင်းဆောင် စိုးဝင်းက ပြည်သူများ အလွန်ဆင်းရဲဒုက္ခရောက်နေခြင်း ကို စာနာငဲ့ညှာပြီး မင်းအောင်လှိုင်ကို အာဏာမှ ဖယ်ရှားလိမ့်မည်လား ဟု မမျှော်လင့်နိုင်ပါ။ အကယ် ၍ ဖယ်ရှားမည်ဆိုလျှင်လည်း “သူ့ထက်ကဲ ရွှေပြည်ဆို” တယောက်ကို မြန်မာပြည်သူများ ထပ်မံ ရရှိပေးလိမ့်အုန်းမည်။
ထို့ကြောင့် ယနေ့ မြန်မာ့ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှိသလားဟု မေးလျှင် မြန်မာစစ်တပ် အကြီးအကဲကို ထိန်းကွပ်နိုင်မည့် တရားဥပဒေမရှိသမျှ ကာလပတ်လုံး ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိ၊ ရှိခဲ့လျှင်လည်း ယာယီမျှသာ ဖြစ်လိမ့်မည်။
မင်းအောင်လှိုင် လုပ်ခဲ့သော ဥပဒေအထက်က လုပ်ရပ်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေကို ဂရုမစိုက်ပဲ ဥပဒေအထက်က လုပ်ရပ်များကို အဆင်အခြင်မဲ့စွာ မင်းအောင်လှိုင် လုပ်ဆောင်ခဲ့၍ ယနေ့ တိုင်းပြည်ပျက်သုဥ်းကိန်းစိုက်နေခြင်း ဖြစ် သည်။
မင်းအောင်လှိုင်၏ ပထမဆုံး ဥပဒေချိုးဖောက်သော လုပ်ရပ်မှာ ၂၀၀၈ ခြေ/ဥက အပ်နှင်းထားခြင်းမရှိ ပဲ စစ်တပ်ကို မဲစာရင်းစစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းသည် ၎င်း၏ အာဏာမသိမ်းမီကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့သော လုပ်ရပ်ဖြစ်သည်။
ထိုလုပ်ရပ်ကြောင့် ၂၀၀၈ ခြေ/ဥ၏ အကြီးမားဆုံး အားနည်းချက်မှာ အသက်ဝင်လာသည်။ ယင်းမှာ ခြေ/ဥအရ ပုဒ်မ ၅၈ အရ သမ္မတဦးဝင်းမြင့်သည် “နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိ သည်” ဟု ဆိုသော်ငြားလည်း၊ စစ်တပ်အကြီးအကဲက ခြေ/ဥကို ချိုးဖောက်ပါက အရေးယူနိုင်သော ပြဌာန်းချက် ခြေ/ဥတွင် မပါရှိသဖြင့်၊ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သော မင်းအောင်လှိုင်၏ အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာနှင့် ဇန်နဝါရီလများအတွင်း ဥပဒေမဲ့ ရမ်းကားမှုများကို မည်သို့မျှ အရေးယူနိုင်ခြင်းမရှိ ဖြစ်ခဲ့သည်။
NLD အစိုးရသည် ၎င်းကို ခြေ/ဥ အရ မည်သို့မျှ အရေးယူနိုင်ခြင်း မရှိသည်ကို ကောင်းစွာသိရှိထားပြီး ဖြစ်သော မင်းအောင်လှိုင်သည် မည်သူ့ကိုမျှ ဂရုမစိုက်ပဲ အာဏာသိမ်းရန် ကြံစည်နေသည်ကို ပြည်သူ တရပ်လုံးက တွေ့မြင်သိရှိနေသော်လည်း ဥပဒေအရ ဟန့်တားနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
မင်းအောင်လှိုင်၏ အာဏာသိမ်းတရား ထူထောင်မှု
သို့သော် အာဏာသိမ်းရန် ကြံစည်ကြသော စစ်ခေါင်းဆောင်တိုင်းသည် တိုင်းပြည်ကို ကယ်တင်ရန် မလွှဲသာ၍ အာဏာကိုသိမ်းခဲ့ရသည်ဟု အမြဲအကြောင်းရှာ တရားထူထောင်လေ့ ရှိသည်။
ဤနေရာတွင် မင်းအောင်လှိုင်သည် ရှာဖွေခဲ့သော အကြောင်းတရားမှာ “မဲစာရင်း” ဖြစ်သည်။ လုပ်ချင် ရာလုပ်နိုင်သော အကြွင်းမဲ့အာဏာရရှိထားသည့် မင်းအောင်လှိုင်သည် ၎င်း၏စစ်တပ်ကို မဲစာရင်း စစ်ဆေးခိုင်းပြီး မဲစာရင်းမှားယွင်းမှု ၈.၆ သန်းကျော် တွေ့ရှိသည်ဟု ကြေညာကာ အာဏာသိမ်းလိုက် သည်။
သို့သော် မဲစာရင်းကိစ္စက ထိုမျှဖြင့် မပြီးပါ။
အာဏာသိမ်းသည့်နေ့ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးပြီး ယာယီသမ္မတအဖြစ် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဒု-သမ္မတ ဦးမြင့်ဆွေက ထုတ်ပြန်ခဲ့သော ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၁) ၏ အပိုဒ် ၅ တွင် မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်နိုင်ရန် ဟုဆိုကာ အရေးပေါ်အခြေအနေကြေညာပြီး မင်းအောင်လှိုင်ကို အာဏာအရပ်ရပ် လွှဲအပ်ခဲ့သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် မင်းအောင်လှိုင်သည် စစ်ကောင်စီကို ဖွဲ့စည်းပြီး၊ နိုင်ငံရေးလမ်းပြမြေပုံ (၅) ရပ် ထုတ်ပြန် ခဲ့ရာ ပထမဆုံး ဦးစားပေးလုပ်ငန်းမှာ မဲစာရင်းများ ထပ်မံစစ်ဆေးရန် ဖြစ်ပြီး၊ နောက်ဆုံးအချက်မှာ ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပရန်ဟု ဖော်ပြထားသည်။
အဆိုပါကြေညာချက်အရ အာဏာမသိမ်းမီ စစ်တပ်က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စစ်ဆေးခဲ့သော မဲစာရင်းများကို ထပ်မံစစ်ဆေးရန် မင်းအောင်လှိုင်က ၎င်း၏သစ္စာခံများဖြင့် ရွေးကောက်ပွဲကော်မရှင် အသစ်ဖွဲ့ပြီး၊ မဲစာရင်းများ မည်မျှလွဲမှားခဲ့ကြောင်း သက်သေအထောက်အထားနှင့်တကွ ကမ္ဘာကြီးကို ချပြရန် ကြိုးပမ်းခဲ့သည်။
ဤတကြိမ် မဲစာရင်းမှားယွင်းမှုက ၁.၁ သန်းကျော်သည်ဟု ပို၍များပြား သော ကိန်းဂဏန်းတခုကို ထုတ်ပြန်ခဲ့ပြန်သည်။ သို့သော် မဲစာရင်းအရှုပ်တော်ပုံက ထိုမျှဖြင့် မပြီးဆုံးခဲ့ပါ။
အာဏာသိမ်းပြီး ၂၁ လအကြာ ထပ်မံပေါ်ထွက်လာသော မဲစာရင်းအရှုပ်တော်ပုံ
အာဏာသိမ်းပြီးနောက် ၂၁ လကြာသည့်အထိ မဲစာရင်းမှားယွင်းမှုကိစ္စက NLD အစိုးရ ခေါင်းဆောင် များဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်း တို့၏ အာဏာကိုအလွဲသုံးစားလုပ်ပြီး မမှန်မကန်လုပ်ခဲ့သလားဆိုသည့် အထောက်အထား မင်းအောင် လှိုင် ပြသနိုင်ခြင်း မရှိခဲ့ပါ။
မင်းအောင်လှိုင်သည် ၎င်း၏စစ်ကောင်စီသက်တမ်း ကုန်လုအချိန် ရောက်လာသည်နှင့်အမျှ မဲစာရင်း အမှားအယွင်းကိစ္စမပြောတော့ပဲ၊ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရေးကိုသာ ပြောလာတော့ သည်။
သို့သော် မဲစာရင်းမှားယွင်းမှုကို အကြောင်းပြ၍ အာဏာသိမ်းခဲ့ခြင်း ဖြစ်သဖြင့် ၎င်းတို့ကျင်းပ မည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးက စစ်ခေါင်းဆောင်များအတွက် ကြီးမားသော ဖိအားကြီး ဖြစ် လာပါသည်။ ထို့ကြောင့် မဲစာရင်းပြုစုရာတွင် မဖြစ်မနေ အခြေခံရမည့် အိမ်ထောင်စုစာရင်းများ မှန်ကန်ရေးကို စစ်ကောင်စီသည် အသည်းအသန် ကြိုးပမ်းလာပါသည်။
ထိုအခါ NLD အစိုးရကို ထောင်ချောက်ဆင် အာဏာသိမ်းခဲ့သော မဲစာရင်းအမှား ထောက်ချောက်ထဲ စစ်ခေါင်းဆောင်များ ပြန်မိလျက်သား ဖြစ်နေပြီး၊ အာဏာသိမ်း ဒု-စစ်ခေါင်းဆောင် စိုးဝင်းက အိမ် ထောင်စုစာရင်းများ စစ်ဆေးရာမှ NLD အစိုးရမတိုင်ခင် အစိုးရအဆက်ဆက် မှားယွင်းမှုများကို အစိုးရ အဖွဲ့အစည်းအဝေးတခုတွင် လူသိရှင်ကြား စတင်ဝန်ခံ ပြောဆိုလာသည်။
စိုးဝင်း၏ ဝန်ခံချက်က မင်းအောင်လှိုင်ကို ကြိုးစင်တင်လိုက်ခြင်း
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သော မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေး တွင် ဒု-စစ်ခေါင်း ဆောင် စိုးဝင်းက “အိမ်ထောင်စုစာရင်း ပုံစံ-၆၆/၆ ကို software နည်းပညာဖြင့် စစ်ဆေးသည့်အခါ …နိုင်ငံသားစိစစ်ရေးကဒ်မရှိသူ ၂၂ သန်းကျော် တွေ့နေရကြောင်း၊ အသက် ၁၈ နှစ် အထက် ၁၄ သန်း ကျော်သည် ပုံစံ ၆၆/၆ တွင် နိုင်ငံသားစိစစ်ရေးအမှတ်များ မဖြည့်ထားကြောင်း…” စသဖြင့် ပြောဆို လိုက်သည်။
ထို့အပြင် စိုးဝင်းက နိုင်ငံသားစိစစ်ရေးကဒ်ပြား တခုထက် ပိုမိုကိုင်ဆောင်သူ “၅ သိန်းကျော်” နှင့် အချက်အလက်များ မစုံလင်သည့် နိုင်ငံသားစိစစ်ရေးကဒ် “၁ သန်းကျော်” တွေ့ရှိရကြောင်း ထိုကိစ္စ ရပ်များသည် “အစိုးရအဆက်ဆက် အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းမှုများ” ဖြစ်ကြောင်း ပြောဆို ခဲ့သည်။
စိုးဝင်၏ အထက်ပါပြောဆိုချက်များက နောက်ဆက်တွဲ မေးခွန်းများစွာဖြင့် ဂယက်ရိုက်ခတ်သွား သည်။ အဓိက ရိုက်ခတ်ခဲ့သော ဂယက်မှာ စိုးဝင်၏ ထုတ်ဖော်ပြောဆိုမှုကြောင့် ၎င်း၏အကြီးအကဲ မင်းအောင်လှိုင်သည် အလိမ်အညာများဖြင့် အကွက်ဆင် အာဏာသိမ်းခဲ့ကြောင်းကို သွယ်ဝိုက်သော နည်းဖြင့် ဝန်ခံလိုက်ရာ ရောက်သွားသည်။
စိုးဝင်ပြောသော လူဦးရေ ၂၂ သန်းကျော်တွင် နိုင်ငံသားစိစစ်ရေးကဒ်များမရှိ ဆိုသည့်အချက်မှာ ကြောက်ခမန်းလိလိ မှားယွင်းမှုကြီး ဖြစ်ပြီး၊ တိုင်းပြည်လူဦးရေ၏ ထက်ဝက်နီးပါး ဖြစ်သည်။ ထိုအမှား အယွင်းကို NLD အစိုးရက လုပ်ခဲ့ခြင်း မဟုတ်ပေ။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ ၂၂ နှစ်ကျော် အုပ်ချုပ် ခဲ့သော ယခင်စစ်အစိုးရ၊ ၂၀၁၁ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရပ်နေ့အထိ စစ်ဗိုလ်ချုပ် များ ဦးဆောင်သော ၅ နှစ်ကြာ ဦးသိန်းစိန်အစိုးရနှင့် ၂၀၁၆ မတ်လ ၃၀ ရက်မှ ၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၄ နှစ်နှင့် ၁၀ လ အုပ်ချုပ်ခဲ့သော NLD အစိုးရ၊ စုစုပေါင်း နှစ်ပေါင်း ၃၀ ကျော် မှားယွင်းမှုကြီး ဖြစ်သည်။
အဆိုပါ မှားယွင်းမှုကြီးအတွက် မည်သူတွင် တာဝန်ရှိသနည်း။ ထိုအချက်ကို လျစ်လျူရှုထား၍ လုံးဝမဖြစ်ပါ။
ခေတ်ဆက်ဆက် စစ်ဗိုလ်ချုပ်များသာ လဝကဝန်ကြီးဌာနကို စိုးမိုးအုပ်ချုပ်ခဲ့
အထက်ပါ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားဆိုင်ရာ အမှားအယွင်းများအတွက် တာဝန်အရှိဆုံးဝန်ကြီးဌာနမှာ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဖြစ်ပြီး၊ ထိုဝန်ကြီးဌာနကို စိုးမိုးအုပ် ချုပ်ခဲ့သူများ၏ အကြီးအကျယ်ခြစားမှုများနှင့် တာဝန်မဲ့မှုများကြောင့် ဖြစ်သည်မှာ ထင်ရှားသည်။
ထိုဝန်ကြီးဌာနကို အဆက်ဆက်တာဝန်ယူခဲ့ကြသော ဝန်ကြီးများကို လေ့လာဆန်းစစ်ကြည့်သည့်အခါ နောက်ဆုံး NLD အစိုးရလက်ထက် လဝကဝန်ကြီး ဦးသိန်းဆွေမှာ ကြံ့ခိုင်ရေးပါတီမှ ခေါင်းဆောင် တဦး ဖြစ်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူအရ ၎င်း၏အစိုးရ အဖွဲ့တွင် နေရာပေးခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက် လဝကဝန်ကြီးမှာ လက်ရှိကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူးကို ပူပူနွေးနွေးယူထားသူ ဦးခင်ရီ ဖြစ်သည်။ ၎င်းသည် မင်းအောင်လှိုင်၏ အာဏာသိမ်း စစ်ကောင်စီတွင်လည်း လဝကဝန်ကြီးရာထူးကိုပင် ထပ်မံရယူခဲ့သူ ဖြစ်ပြီး၊ စစ်တပ်က အာဏာသိမ်း ရန် အဓိက လှုံ့ဆော်လမ်းကြောင်းခင်းပေးခဲ့ ဖြစ်သည်။
ထို့အပြင် ယခင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက် ဒု-ဗိုလ်ချုပ်ကြီး မောင်လှနှင့် ဗိုလ်ချုပ် မောင်မောင်ဆွေတို့သည် လဝကဝန်ကြီးများမှာ ဖြစ်ကြသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းချိန်အထိ တာဝန်ယူခဲ့ကြသော လဝကဝန်ကြီး အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက လုံးဝ (လုံးဝ) မဟုတ်ပဲ ယခင်စစ်အစိုးရနှင့် ကြံ့ခိုင်ရေးပါတီမှ စစ်ဗိုလ်ချုပ်များသာ ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
ထို့ကြောင့် ဒု-စစ်ခေါင်းဆောင် စိုးဝင် ထုတ်ဖော်ပြောဆိုလိုက်သော အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြားများ မရှိသည့် အလွန်ကြီးမားသော မှားယွင်းမှုကြီးကို ထိုဝန်ကြီးဌာနတွင် ကာလရှည် တာဝန်ယူခဲ့သော ဦးခင်ရီ မသိရှိပဲ နေမည်မဟုတ်ပါ။
နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူခဲ့သော မင်းအောင်လှိုင်
အမှန်စင်စစ် ခေတ်အဆက်ဆက် အကြီးအကျယ်မှားယွင်းနေသော အိမ်ထောင်စုစာရင်းကို အခြေခံပြီး ပြုစုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့သော လူထုဆန္ဒကောက်ယူပွဲမှသည် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သော မဲစာရင်းများ မှားယွင်းခဲ့မည်မှာ သေချာပါသည်။
ထို့အမှားအယွင်းကို အာဏာရှင်ဟောင်း ဦးသန်းရွှေ မသိဘဲ မနေပါ။ ထို့အတူ ယခင်စစ်အစိုးရကတည်းက စစ်တပ်၏ ဒေသဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်နေရာ အသီးသီးတွင် ရှိခဲ့သော မင်းအောင်လှိုင် အပါအဝင် လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝန်းတခုလုံး မသိရှိပဲ မနေပါ။
ထိုကြောင့် သက်သေပြရလွယ်သော ခေတ်အဆက်ဆက် မည်သို့မျှ တိကျအောင် လုပ်ဆောင်၍ မရနိုင် သော မဲစာရင်းမှားယွင်းမှုက အာဏာသိမ်းရန် အကြောင်းပြချက်ကောင်း ဖြစ်လာသည်။
ဦးခင်ရီသည် ထိုအချက်အား မင်းအောင်လှိုင်ကို အကြံပေးခဲ့နိုင်သလို အာဏာသိမ်းပြီးကတည်းက ပျောက်ခြင်းမလှ ပျောက်နေပြီး၊ မည်သည့် အရေးယူမှုမျိုးမျှ ခံရသည်ဟု မကြားရသော NLD အစိုးရ တွင် လဝကဝန်ကြီးလုပ်ခဲ့သူ ဦးသိန်းဆွေ၏ အခန်းကဏ္ဍကိုပင် မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အကယ်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ဒု-သမ္မတ ဦးမြင့်ဆွေ၏ ကြေ ညာချက် (၁/၂၀၂၁) ၏ အပိုဒ် ၃ တွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း” ဖြစ်ခဲ့လျှင် ထိုသို့ဆောင်ရွက်ခဲ့သူမှာ သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့မဟုတ်ပဲ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်တသိုက်သာလျှင် ဖြစ်ပေလိမ့်မည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)