ကမ္ဘောဒီးယားနိုင်ငံက ယနေ့ (နိုဝင်ဘာ ၂၂ ရက်) တွင် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ကို လက်ခံကျင်းပနေရာ စစ်ကောင်စီကို ဒဏ်ခတ်သည့်အနေဖြင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားသည်။
ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အာဆီယံက ပထမဆုံးအကြိမ် ပိတ်ပင်ခြင်း ဖြစ်သည်။
ဇွန်လက ကမ္ဘောဒီးယားတွင် အလားတူ အစည်းအဝေးကျင်းပစဉ်က ကန့်ကွက်သူ များပြားသည့်ကြားမှ ၎င်း တက်ခွင့်ရခဲ့သေးသည်။
သို့သော် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူထားသူ ဖြစ်ခြင်းတို့ကြောင့် ထိုအစည်းအဝေးတက်ရန် မထိုက်တန်ဟုဆိုကာ ပြင်းပြင်းထန်ထန် ကွန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ADMM အစည်းအဝေးတက်ရောက်ခွင့်မပြုရန် ဝိုင်းဝန်းတောင်းဆို ဖိအားပေးသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းပေါင်း ၆၀၀ ကျော် ရှိခဲ့သည်။
အာဏာသိမ်းအဖွဲ့မှ ထိုဗိုလ်ချုပ်ကြီးကို အစည်းအဝေးတက်ရန် ခွင့်ပြုလိုက်လျှင် ရာဇဝတ်မှုများ ထပ်ကျူးလွန်လိမ့်မည်ဟုလည်း Justice For Myanmar အဖွဲ့က ထိုစဉ်က ထုတ်ပြန်ခဲ့သည်။
အာဆီယံဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မှာ စစ်ကောင်စီ၏ အပြုအမူနှင့် သက်ဆိုင်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။
“နိုင်ငံထဲမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းချမ်းစွာမဖြေရှင်းဘူး၊ မလိုက်နာဘူးဆိုရင်တော့ ဒီလိုမျိုးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တွေ့ရမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြောင်း အမေရိကန်အခြေစိုက် Foreign Policy မဂ္ဂဇင်း၏ သတင်းတစ်ပုဒ်တွင် ရေးထားသည်။
အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အာဆီယံက ဘုံသဘောတူညီချက် ချမှတ်ထားခဲ့သော် စစ်ကောင်စီက အကြိမ်ကြိမ်ကတိဖျက်ခဲ့သည်။
ထိုသို့ ကတိဖျက်ခြင်းအတွက် ဒဏ်ခတ်သည့်အနေဖြင့် အာဆီယံထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသည်။
အာဆီယံအသင်းကြီးကမူ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်စွဲကိုင်ထားပြီး တိကျသည့် အချိန်ဇယား၊ လက်တွေ့ကျပြီး တိုင်းတာ၍ ရနိုင်သည့် အညွှန်းကိန်းများဖြင့် အကောင်အထည်ဖော်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးအပ်လိုက်ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့လည်း တက်ရောက်ခွင့် ပိတ်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က စစ်ခေါင်းဆောင်ကို တတိယအကြိမ် သွားရောက်နားချဦးမည်ဟု နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုများရပ်ရန်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်နှင့် ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်နိုင်ရန် ခရီးစဉ်က ရည်ရွယ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာ့အရေးနှင့် ပတ်သက်၍ အစီရင်ခံစာကိုလည်း အာဆီယံထိပ်သီးညီလာခံသို့ တင်သွင်းခဲ့သေးသည်။ စာမျက်နှာ ၂၀ ပါသည့် အဆိုပါ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်းဖြစ်နေသည့် ပဋိပက္ခများပြေလည်ရန် အင်အား ၂ ဆတိုး ကြိုးပမ်းရန် တိုက်တွန်းထားသည်။
ထို့အပြင် စစ်ပွဲကို စစ်ပွဲဖြင့် အဆုံးမသတ်နိုင်ကြောင်း ထောက်ပြထားပြီး အကြမ်းမဖက်နည်းလမ်း လိုအပ်ကြောင်းလည်း အစီရင်တွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင်ကမူ သူ့ကို အရာမသွင်းသည့် အာဆီယံခေါင်းဆောင်တို့ကို မျက်နှာချိုသွေးရန် ယင်းတို့ မတရားဖမ်းထားပြီး လွတ်ရက်စေ့တော့မည့် နိုင်ငံရေးအကျဉ်းသားများ အနည်းငယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်အချို့ကို ပြန်လွှတ်ပေးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)