
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၇) က စက်လှေဖြင့် မြစ်ကို ဖြတ်ကူးနေစဉ် စစ်တပ်ကလှမ်းပစ်ရာ ဒေသခံနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။
ကျောက်တော်မြို့နယ်မှ ဒေသခံသုံးဦးသည် ကုလာတန်မြစ်ရှေ့ဘက်ကမ်းရှိ ရွှေပြည်ကျေးရွာမှ မြစ်အနောက်ဘက် ဒုန်းရွာဘက်သို့ စက်လှေဖြင့် ပြန်လာစဉ် စစ်ကောင်စီတပ်က သေနတ်ဖြင့်လှမ်း ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။
နံနက် ၆ နာရီခန့်တွင် အမျိုးသမီးတစ်ဦးက ပစ္စည်းလိုက်ပို့ရန် စက်လှေခေါ်သွားခြင်းဖြစ်ပြီး အပြန်လမ်း မြစ်ကိုဖြတ်ကူးစဉ် နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“သူတို့က ပစ္စည်းတွေသွားပို့ပြီး ဟွန်ဒါ (စက်လှေ) နဲ့ပြန်အလာ ရုပ်သားရွာနားအရောက်မှာ တပ်မကနေ ပစ်တာခံလိုက်ရတာ။ တစ်ယောက်က ပေါင်မှာထိတယ်။ ကျန်တဲ့တစ်ယောက်က ခေါင်းမှာထိတယ်။ နောက်တစ်ယောက်က လွတ်သွားတယ်” ဟု ၎င်းက ပြောသည်။
သေနတ်ဖြင့် အပစ်ခံရသူများမှာ ကျောက်တော်မြို့မြောက်ဘက် တစ်မိုင်ခန့်အကွာတွင်ရှိ ဝင်စုအုပ်စုမှ ဒုန်းရွာမှ ဟိန္ဒူဘာသာဝင် လူငယ်များဖြစ်သော နီရှား၊ ဖော်ကာချ်နှင့် ရာရ်ဆိုသူတို့ဖြစ်ပြီး နီရှားတွင် ညဘက်ပေါင်ကိုထိမှန်ကာ၊ ရာရ်မှာ ဦးခေါင်းတွင် ထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။
ဦးခေါင်းတွင် ဒဏ်ရာရသူ ရာရ်မှာ စက်လှေပေါ်တွင် သတိမေ့ကျန်ခဲ့ပြီး အခြားဒဏ်ရာရသူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာသည်ဟု ဒုန်းရွာသားတစ်ဦးက ပြောသည်။
“ပေါင်းမှာ ကျည်ထိသွားတဲ့ နီရှားနဲ့ ဖော်ကာချ်တို့က လူငယ်တွေ အားနဲ့ဆိုတော့ မြစ်ကိုကူးပြီး ရွာဘက် ခြမ်းကို လွတ်လာကြတယ်။ ရာရ်ဆိုသူက ဟွန်ဒါပေါ်မှာကျခဲ့တာ။ မြစ်ရှေ့ဘက်ကမ်း သကြားစက်မှာရှိတဲ့ လူတွေက ဆယ်ပြီးတော့ ဒီဘက်ကမ်းကို ပြန်ပို့ပေးကြတာ”ဟု ထိုကျေးရွာသားက ပြောသည်။
ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့သည့် လူငယ်မှာ လက်ရှိအချိန်ထိ သတိမရဖြစ်နေပြီး အခြေအနေစိုးရိမ်ရ သည်ဟု ၎င်းက ဆက်ပြောသည်။“သေမလားရှင်မလား မသိဘူး။ အခြေအနေဆိုးတယ်”
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မကြာခဏ ထိခိုက်ဒဏ်ရာရခြင်များရှိသည်။
ယခုလ ၁၆ ရက်ကလည်း ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် အမှတ် ၅၃၉ ခြေမြန်တပ်ရင်း (ခမရ ၅၃၉) က လက်နက်ကြီးဖြင့်ပစ်ခတ်စဉ် ချောင်းတူကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသား ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
အလားတူပင် မောင်တောမြို့နယ်မြောက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ ကြိမ်ချောင်းအခြေစိုက် ဗျူဟာ က ပစ်ခတ်သော လက်နက်ကြီးသုံးလုံး ကျရောက်ပေါက်ကွဲသဖြင့် ကြိမ်ချောင်း – ဂုပ္ပီကျော်လမ်းပေါ်ရှိ ဂျစ်ချောင်းရွာမှ ကလေးငယ်များ အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော် ဒဏ်ရာ ရရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)