အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီလွှတ်တော်ရှိ NLD အမတ်များကို အရေးယူရန် ပါတီတွင်း တောင်းဆိုသူရှိ

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရှိ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များကို လာမည့်နှစ် ရွေးကောက်ပွဲတွင် အမတ်လောင်းများအဖြစ် ပြန်လည်ရွေးချယ်ခြင်း မပြုရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်သည့် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် တောင်းဆို ဆွေးနွေးမှုတချို့ ရှိခဲ့သည်။

ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် အမတ် ၁၄ ဦးသည် တိုင်းဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို လက်မှတ်ထိုးပြီး နေပြည်တော်သို့ ပေးပို့ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

တနင်္သာရီတိုင်းသည် ရွေးကောက်ပွဲအဆက်ဆက်တွင် NLD၏ အမာခံဒေသတစ်ခု ဖြစ်ခဲ့ကြောင်း၊ တိုင်းအစိုးရခေါင်းဆောင်တို့ကို ဖြုတ်ချရန် အကြံဖြင့် တိုင်ကြားခြင်းသည် ဒေသတွင်း ပါတီပုံရိပ်ကို ရုပ်ဆိုးစေခြင်းကြောင့် မျိုးဆက်သစ်တို့ အတုယူမမှားစေရန် အတွက် အထက်ပါအတိုင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့ အစည်းအဝေးတွင် တောင်းဆိုခြင်း ဖြစ်ကြောင်း ပါတီဗဟို ကော်မတီဝင်၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ပြောသည်။

“အခု အခြေအနေက တိုင်းအစိုးရအဖွဲ့နဲ့ တိုင်းလွှတ်တော်က ပွတ်တိုက်မှုဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် NLD ရဲ့ ထီးရိပ်မှာ ရှိတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းခြင်းအားဖြင့် ဖြေရှာပြီးတော့ အဖွဲ့ချုပ် ကောင်းရာကောင်းကြောင်းကို လုပ်ဖို့ လိုတယ်။ အစီရင်ခံစာလို့ပဲ ပြောပြော၊ တိုင်စာလို့ပဲပြောပြော ဒါက သူများကို အပြစ်ရအောင်လုပ်တဲ့ ကိစ္စမျိုးလို့ မြင်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

တိုင်ကြားသည့် အမတ်များ

လတ်တလောတွင် ပါတီဗဟိုကော်မတီထံမှ မည်သည့်ဆုံးဖြတ်ချက်၊ သဘောထားမှတ်ချက်မှ ထွက်ပေါ်လာခြင်း မရှိသေးဟု Myanmar Now က မေးမြန်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“ဗဟိုကော်မတီအစည်းအဝေးက တာဝန်ရှိသူတွေကတော့ ဘာမှမပြောပါဘူး၊ အဖြေမပေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ သူတို့စဉ်းစားမယ် ထင်တယ်”ဟု ဗဟိုကော်မတီအစည်း အဝေးတွင် အရေးယူပေးရေး တောင်းဆိုခဲ့သူ ဦးခင်ဇော်က ပြောသည်။

တိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးတင်ထွန်းက ၎င်းတို့သည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သောကြောင့်  အစီရင်ခံစာတင်ပြသည့် နည်းဖြင့်  လုပ်သင့်သည့်အလုပ်တစ်ခု လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

 “ကျွန်တော်တို့ ဘာစည်းကမ်းမှ မဖောက်ပါဘူး။ သူ့(ဦးခင်ဇော်) ဆန္ဒကို သူဖော်ထုတ်သလို၊ ကျွန်တော်တို့ လွှတ်တော်ဘက်ကလည်း လုပ်ရမယ့်အချိန် ရောက်လာလို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်တာပါ။ ဒီလိုလုပ်လိုက်တာကြောင့် နောက်လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်  အဟန့်တားခံရဖို့လည်း မတွေးထားပါဘူး။ သူ ဒီလိုတင်သွင်းလို့လည်း ကျွန်တော်တို့ကို ပယ်မှာ၊ ရွေးမှာ မဟုတ်ပါဘူး” ဟု  အစီရင်ခံစာလက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ ဘုတ်ပြင်းမြို့နယ်မှ ဦးတင်ထွန်းက Myanmar Now ကို ပြောသည်။

ပုလောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးဖြစ်သော ဦးကျော်မင်းကလည်း အလားတူ မှတ်ချက်ပေးသည်။

အတိုင်ခံရသော တိုင်းအစိုးရ

တိုင်းလွှတ်တော်က တင်ပြသော အစီရင်ခံစာတွင် ဒေါက်တာလဲ့လဲ့မော်သည် တင်ဒါခေါ်ယူခြင်း မရှိဘဲ ဆွေမျိုးနီးစပ်သူများကို လုပ်ငန်းများ ချထားပေးခြင်း၊ ကိုယ်ရေးအရာရှိခန့်ထားခြင်း အပါအဝင် ထားဝယ်လေယာဉ်ကွင်း ချုံရှင်းလင်းခအဖြစ် ကျပ်သိန်း ၄,၀၀၀ အသုံးပြုရာတွင်လည်း တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ကိုင်ခွင့်ပြုသည့် ကိစ္စများ ပါဝင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို ကိုးကားပြီး ဖေဖော်ဝါရီ ၅ရက်နေ့ထုတ် 7Day သတင်းစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ထားဝယ်နှင့် မြိတ်ဒေသမှ ဒေသခံ ၁ဝဝ ကျော်ကလည်း ပါတီဌာနချုပ်သို့ အလားတူ တိုင်ကြားထားသည်။ ၎င်းတို့၏ တိုင်ချက်ထဲတွင် တိုင်းဒီချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးကိုလည်း ထည့်သွင်း တိုင်ကြားထားသည်။

ဒေသမီးလင်းရေးစီမံကိန်းတွင် နိုင်ငံတော်အား သဘာဝဓာတ်ငွေ့ဖိုး ကျပ်သိန်း ၈၀,၀၀၀ ကျော် ပေးသွင်းရန် အကြွေးတင်လျက်ရှိသော GGS ကုမ္ပဏီတွင် ဦးအောင်စိုး၏မိသားစုဝင်များ ပါဝင်နေခြင်း အပါအဝင် ဒေသအတွင်း စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အဂတိမကင်းဟု တိုင်ကြားချက်တွင် စွပ်စွဲထားသည်။

ယခုလလယ်တွင် သုံးရက်တာ ကြာမြင့်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်တွင် ဒေသခံပြည်သူလူထုအနေဖြင့် တိုင်းအစိုးရပေါ် မကျေလည်မှုများကို ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခြင်း၊ တိုင်ကြားစာပို့ခြင်း ပြုလုပ်ခဲ့ကြသည်။ လူထုတွေ့ဆုံပွဲတွင်လည်း “တိုင်းအစိုးရအပြောင်းအလဲ လုပ်ပေးရန်” အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုက်ရိုက်ပြောဆိုခဲ့ကြသည်။

တိုင်းအစိုးရနှင့် ပြည်သူအကြား မပြေလည်မှု၊ တင်းမာမှုကို အွန်လိုင်းလူမှုကွန်ရက် တိုက်ရိုက်ထုတ်လွှင့်မှုများတွင်လည်း မြင်တွေ့ခဲ့ရသည်။

ဒေသခံများ၏ တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး  NLD ဌာနချုပ်ကသာမက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button