
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ ရဲစခန်းကို ယနေ့ (နိုဝင်ဘာ ၁၂) နံနက်တွင် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းအပြီးတွင် လေတပ်က ထိုနေရာအနီး ကျေးရွာကို ဗုံးကြဲကြောင်း သိရသည်။
မြို့အရှေ့တောင်ဘက် ၂၇ မိုင်အကွာ မွန်-ကရင်နယ်စပ်ရှိ အဆိုပါရွာထိပ်မှ ချောင်းနှစ်ခွတံတားနှင့် ရဲစခန်းတို့ကို ပူးပေါင်းတိုက်ခိုက်သူများမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ဖြစ်သည်ဟု ကျိုက်မရော ပြည်သူ့ ကာကွယ်ရေးတပ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ရဲစခန်းကို မီးရှို့လိုက်တယ်ပေါ့နော်၊ အတည်မပြုနိုင်တဲ့ သတင်းအရ ရဲနှစ်ယောက်တော့ အရှင်ဖမ်းမိသွားတယ်လို့ သတင်းရထားတယ်” ဟု ၎င်းကဆိုသည်။

ချောင်းနှစ်ခွရွာ မရောက်မီ တံတား၏ ကရင်ပြည်နယ်ဘက်ခြမ်းတွင် ကရင်နယ်ခြားစောင့်တပ် (BGF) စစ်ဆေးရေးဂိတ်ရှိပြီး မွန်ပြည်နယ်ဘက်ခြမ်းတွင် ရဲဂိတ်ရှိကြောင်း၊ ထိုမှဆက်သွားလျှင် ရဲစခန်းကို ရွာထိပ်တွင် တွေ့ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ တံတားတွင် ရဲ ၄ ဦး၊ ရဲစခန်းတွင် ၁၀ ဦးခန့်၊ BGF ဂိတ်တွင် ၇ ဦးခန့်ရှိကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက် သေဆုံးမှု အသေးစိတ်အခြေအနေကို ချက်ချင်း မသိရသေးကြောင်း ၎င်းကဆိုသည်။
“(ရဲ၊ BGF) အကုန်လုံးက ထွက်ပြေးတယ်။ တိုက်ပွဲအကြီးအကျယ်ဆိုရင်တော့ ဒါပထမဆုံးပေါ့။ ဒါပေမယ့် ဒရုန်းနဲ့တော့ မကြာခဏ သွားသွားချတယ်လို့ အသံကြားရတယ်” ဟု ၎င်းကဆက်ပြောသည်။
ရဲစခန်း စီးနင်းတိုက်ခိုက်မှာမှာ နံနက် ၅း၃၀ မှ ၆း၀၀ နာရီအတွင်း ဖြစ်ကြောင်း၊ ၇း၂၀ ခန့်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ရဟတ်ယာဉ်နှစ်စီး ရောက်လာပြီး ရွာအနီးဝန်းကျင်ကို ဗုံးကြဲကြကြောင်း၊ ပြည်သူ ၁၀၀၀ ခန့် ရွာအတွင်း ပိတ်မိနေကြောင်း ၎င်းကပြောသည်။
လေတပ် တိုက်ခိုက်မှုကြောင့် မည်သို့ ထိခိုက်သည်ကို မသိရသေးသလို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ရဲစခန်းနှင့် အနီးဝန်းကျင် တိုက်ခိုက်မှုများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ချောင်းနှစ်ခွကျေးရွာတွင် လှုပ်ရှားသည့် BGF အဖွဲ့သည် တပ်ရင်းမှူး စောဘီလူးဦးဆောင်သည့် BGF ၁၀၂၁ တပ်ရင်းလက်အောက်တွင်ရှိပြီး တပ်ခွဲမှူးမှာ ကိုဌေးနိုင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယခုနှစ် ဧပြီလတွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ချောင်းနှစ်ခွတံတား စစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ရာ BGF တပ်မှ ၅ ဦး သေဆုံးသည်။
(မှတ်ချက် – ချောင်းနှခွရဲစခန်း စီးနင်းတိုက်ခိုက်ခံရမှုတွင် ရဲ ၃ ဦးသေဆုံး၊ ၄ ဦး အရှင်ဖမ်းမိကြောင်း ကျိုက်မရော ပြည်သူ့ ကာကွယ်ရေးတပ်မှ အထက်ပါ သတင်းရင်းမြစ်က မွန်းလွဲ ၂း၀၀ နာရီခန့်တွင် ပြောသည်။
သေဆုံးသူများမှာ စခန်းမှူး ဒုရဲမှူးလှကျော်ဦးနှင့် ရဲတပ်သားနှစ်ဦးတို့ဖြစ်ကြောင်း၊ M16 လေးလက်၊ AK47 တစ်လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းကပြောသည်။)