သတင်း

အာဏာသိမ်းစစ်အုပ်စုမှ လူ ၂၀ ခန့်ကို အမေရိကန်နှင့်အီးယူ ထပ်မံအရေးယူ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများမြင့်တက်လာကာ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု ဆက်ဖြစ်နေခြင်းကြောင့် စစ်ကောင်စီဘက်မှ တာဝန်ရှိသူ ၂၀ ခန့်ကို အမေရိကန်နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ထပ်မံ ပိတ်ဆို့အရေးယူလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ဖြစ်သော ယမန်နေ့ (နိုဝင်ဘာ ၈) တွင် ဒဏ်ခတ်အရေးယူအသစ်များ ချမှတ်ကြောင်း အမေရိကန်နှင့် အီးယူတို့က ကြေညာခြင်းဖြစ်သည်။​

အာဏာသိမ်း စစ်ဗိုလ်ချုပ်များ အပါအဝင် စစ်ကောင်စီနှင့် ပတ်သက် ဆက်နွှယ်သူများကို အကြိမ်ပေါင်း ၁၀ ကျော် ဒဏ်ခတ်အရေးယူထားသည့် အမေရိကန်အစိုးရက လက်နက်ပွဲစားတစ်ဦးဖြစ်သော ဦးကျော်မင်းဦးနှင့် ၎င်းပိုင် Sky Aviator ကုမ္ပဏီ ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း ဦးကျော်မင်းပိုင် Sky Aviator ကုမ္ပဏီသည် စစ်ကောင်စီအတွက် စစ်လက်ပစ္စည်းမျိုးစုံ တင်သွင်းပေးခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ စစ်တပ်အရာရှိများ မြန်မာနိုင်ငံ လာရောက်လည်ပတ်ရေး စီစဉ်ပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးအရ ဆန့်ကျင်သူများနှင့် အရပ်သားများကိုပါ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး၊ အောက်တိုဘ ၂၃ ရက်က ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ညအချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။​

အမေရိကန်အစိုးရက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များကို အာဏာသိမ်းပြီး တစ်ပတ်ခန့်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပထမဆုံး ဒဏ်ခတ်အရေးယူခဲ့ပြီး လက်ရှိအချိန်တွင် လူပုဂ္ဂိုလ် ၁၀၀ နီးပါး၊ ကုမ္ပဏီနှင့် ဌာနအဖွဲ့အစည်း ၂၀ ကျော်ကို ပိတ်ဆို့အရေးယူပြီး ဖြစ်သည်။​

အီးယူ၏ ယမန်နေ့ ပိတ်ဆို့အရေးယူမှု စာရင်းတွင် စစ်ကောင်စီဘက်မှ တာဝန်ရှိသူ ၁၉ ဦး ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်လေအရရှိများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် စစ်တပ်နှင့် ဆက်နွှယ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သည်။

အီးယူက အရေးယူပိတ်ဆို့ထားသည့် လူပုဂ္ဂိုလ် ၈၄ ဦးနှင့် အဖွဲ့အစည်း ၁၁ ခုရှိလာပြီး စာရင်းသွင်းခံရသူများကို ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် အီးယူပိုင်နက်နယ်မြေတွင် ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးသည်။ 

ထို့အပြင် ရန်ပုံငွေရရှိမှုကို ကန့်သတ်ထားသလို လက်နက်၊ စက်ကိရိယာများ၊ စစ်ဘက်အရက်ဘက်သုံး ပစ္စည်းနှင့် နည်းပညာနှင့် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုတားမြစ်ချက်များ ဆက်ရှိနေမည်ဟု အီးယူ၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

အကြမ်းဖက်မှုတိုးမြင့်လာပြီး ကာလရှည်ကြာ ပဋိပက္ခအသွင်းပြောင်းလဲမှုအပေါ် စိုးရိမ်ကြောင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်ဖမ်းဆီးမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချကြောင်း ထပ်လောင်းပြောဆိုသည်။ 

မြန်မာ့အရေး အာဆီယံ၏ ကြိုးပမ်းမှုကို ဆက်လက်ထောက်ခံပြီး ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ထိရောက်သည့်ဆုံးဖြတ်ချက်များချမှတ်ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

ထို့အပြင် သမ္မတ ဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းခံရသူများကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button