ရွေးကောက်ပွဲ

စစ်ကောင်စီက ရွေးကောက်ပွဲ ခုံရုံး ဆောက်လုပ်နေ

ရွေးကောက်ပွဲပြန်လုပ်မည်ဟု လေသံပစ်ထားသည့် စစ်ကောင်စီက အငြင်းပွားမှုများကို ဖြေရှင်းရမည့် ခုံရုံးအတွက် နှစ်ထပ်အဆောက်အအုံအသစ်တစ်လုံးကို နေပြည်တော်တွင် ဆောက်လုပ်နေသည်။

ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီ ၂ လမ်း၊ ရုံးအမှတ် ၂၂ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ခြံစည်းရိုးအပြင်ဘက် ယာဉ်ရပ်နားရာ နေရာတွင် ယခုနှစ်ဆန်းပိုင်းမှစ၍ အကောင်အထည်ဖော်နေရာ အကြမ်းထည်အဆင့် ပြီးစီးနေပြီဟု မျက်မြင်များက ပြောသည်။

ထိုစီမံကိန်းကို စစ်အာဏာရှင်အဆက်ဆက်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသူ၊ ကမ္ဘာ့နိုင်ငံအချို့က ဒဏ်ခတ် ပိတ်ဆို့ထားသူ ခရိုနီ ဦးတေဇပိုင် ထူးဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေသည်ဟု ဌာနဆိုင်ရာ သတင်းရင်းမြစ်အချို့က ပြောသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ယခင်က UEC ပင်မအဆောက်အအုံအတွင်း ရွေးကောက်ပွဲခုံရုံး အခန်းများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ထိုနေရာများကို E -GOVERNMENT လုပ်ငန်းအတွက် သုံးနေရသဖြင့် ခုံရုံးအတွက် အဆောက်အအုံသစ် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ထိုဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းသည့် စစ်တပ်က မူလကျင့်သုံးနေသည့် မဲအများဆုံးသူ အနိုင်ရ စနစ်အစား မဲရရှိသော ရာခိုင်နှုန်းပေါ်မူတည်၍ အချိုးကျကိုယ်စားပြုစနစ် ပြောင်းကာ ရွေးကောက်ပွဲအသစ်တစ်ရပ် ပြုလုပ်ရန် ခြေလှမ်းပြင်နေသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှု များ လွန်စွာအရှိန်မြင့်နေချိန်တွင် ရွေးကောက်ပွဲကျင်းပရန် မည်သို့ စီမံမည်ကိုမူ ရှင်းလင်းစွာမသိရသေးပေ။ 

စစ်ကောင်စီက ပြုလုပ်မည့် ထိုရွေးကောက်ပွဲကို လက်သင့်ခံရန်မရှိဟု စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစု အသီးသီးနှင့် ကမ္ဘာ့နိုင်ငံအချို့က ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် ဦးသိန်းစိုး ဦးဆောင်သည့် UEC က မဲစာရင်းနှင့် မဲရုံပြုစုခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ရွေးကောက်ပွဲ အနိုင်မရဖူးသည့် ပါတီအများစုပါဝင်သော နိုင်ငံရေးပါတီတို့နှင့် လက်တွဲလုပ်ဆောင်နေသည်။

ဦးသိန်းစိုးသည် စစ်ဥပဒေချုပ်၊ ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး ကမ္ဘာကျော် မဲမသမာမှုများဖြစ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ဖူးသည်။ ၎င်းကို စစ်ကောင်စီက အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင်ပင် UEC ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်ထားခြင်းဖြစ်သည်။

စစ်ဗိုလ်ချုပ်များက ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းထားခြင်းဖြစ်သော်လည်း ထိုအချက်ကို ငြင်းဆန်လေ့ရှိသည်။

အာဏာထိန်းထားခြင်းသာဖြစ်ကြောင်း၊ ထိုဥပဒေအတိုင်း ရွေးကောက်ပွဲလုပ်မည်ဖြစ်ကြောင်းသာ တုံ့ပြန်နေသည်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းသည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း ပြည်သူအများစုနှင့် နိုင်ငံတကာက ထိုရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အပြစ်မတင်ခဲ့ကြပေ။

ဤအတောအတွင်း ဒေသအသီးသီးတွင် လက်နက်ကိုင်ခုခံသူတို့နှင့် ဆက်စပ်သည်ဟု ယူဆရသူများ၊ ထိုသူတို့အနီး နေထိုင်သူများကို စစ်သားများက နေ့စဉ် ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button