ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၂၆) ညနေပိုင်းက ရေချိုးဆင်းလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရက္ခိုင့်တပ်တော် (AA) ၏ ချုံခိုတိုက်ခိုက်ခြင်းခံရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ရသေ့တောင်မြို့နယ် အနောက်ခြမ်း မေယုကမ်းဒေသ အငူမော်- မောင်တောကားလမ်းပေါ် ချိန်ခါလိန်ကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲကင်းခစန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စမ်းချောင်းသို့ ရေချိုးဆင်းစဉ် AA နှင့် ထိတွေ့တိုက်ပွဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ရွာနားက ချောင်းကို သူတို့က (စစ်တပ်) ရေချိုးဖို့ သွားတဲ့အချိန်မှာ အပစ်ခံရတာ။ AA ကလည်း စောင့်ကြည့်နေတာ ကြာပြီထင်တယ်။ မနေ့က ချောင်းကိုရေချိုးဖို့လာတဲ့ စစ်သားတွေကို AA က လက်နက်ကြီးနဲ့ ပစ်တာ သေသွားလောက်တယ်”။
ရေချိုးရာ စမ်းချောင်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိရာ အပြန်အလှန် ပစ်ခတ်ကြသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
“စခန်းက လူတွေရေချိုးဖို့လာတဲ့အချိန်မှာ သေနတ်နဲ့ စစ်သား နောက်ထပ် ၄ ယောက် ၅ ယောက်လောက်က နောက်ကပါတယ်။ ရေချိုးတဲ့နေရာအနီးမှာ ကင်းပုန်းဝပ်နေတာ။ အဲဒါကို AA ဘက်က မမြင်ဘူးထင်တယ်။ ရေချိုးနေတဲ့ စစ်သားတွေကို AA က စပစ်တော့ ဒီက ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကလည်း ပြန်ပစ်တော့ အဲဒီမှာ အပြန်အလှန်ဖြစ်ကြတာ”
ညနေ ၅ နာရီခွဲခန့်က ချိန်ခါလိန်ကျေးရွာဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ အဆက်မပြတ်ကြားလိုက်ရပြီး ထိုစခန်းအား AA က ဝင်တိုက်သည်ဟု ကြားသိရကြောင်း ထိုရွာမှ ၃ မိုင်ခန့်အကွာရှိ ဒုံးပိုက်ကျေးရွာမှ ရွာသားတစ်ဦးကလည်း ပြောသည်။
“တချို့ကတော့ စခန်းကို AA က ဝင်တိုက်တယ်လို့ ပြောကြတယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ပစ်သံခတ်သံတွေကိုတော့ ကြားလိုက်ရတယ်” ဟု ထိုဒုံးပိုက်ကျေးရွာသားက ဆိုသည်။
ချိန်ခါလိန်ကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲကင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အင်အား ၄၀ ခန့်သာရှိပြီး လက်ရှိ၌ အင်အားမည်မျှရှိသည်ကို မသိရကြောင်း သူက ဆက်ပြောသည်။
ထိုသို့အပြန်အလှန် ပစ်ခတ်နေကြုစဉ် ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ချိန်ခါလိန်ကျေးရွာမှ ဒေသခံများမှာ နီးစပ်ရာကျေးရွာများသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။
“စခန်းက ရွာမြောက်ဘက်မှာ ရှိတာဆိုတော့ ရွာသားတွေက တောင်ဘက်ကို ထွက်ပြေးလို့ရသွားတယ်။ အခု ကုန်တန်းရွာဘက်ကို ပြေးသွားကြတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရသေ့တောင်တပ်ရင်းက လက်နက်ကြီး ပစ်ကူပေးတယ် ထင်တယ်။ အဲဒီဘက်ကလာတဲ့ လက်နက်ကြီးကျည် ရွာနားမှာ လေးချက်ကျကွဲတယ်” ဟု အထက်ပါ ဒုံးပိုက်ရွာသားက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၃ ကလည်း အငူမော် – မောင်တောကားလမ်းပေါ် ချိန်ခါလိန်နှင့် ဒုံးပိုက်ကျေးရွာကြားရှိ ကျော်လမ်းမြောင်တံတားအနီး AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်။
ထိုစဉ်ကလည်း ချိန်ခါလိန်၊ ဒုံးပိုက်၊ ဆင်ပိုက် စသည့်ကျေးရွာမှ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။
၂၀၂၀ ခုနှစ် ဇွန်လအတွင်းကလည်း ဒုံးပိုက်ကျေးရွာနယ်ခြားစောင့်ရဲကင်းစခန်းကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။
ယခုနှစ် စက်တင်ဘာ ၂၇ က မေယုတောင်ခြေရင်းတွင်ရှိသော အထက်နန်းရာကုန်းအနီး နယ်ခြားစောင့် ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါရဲကင်းစခန်း မီးလောင်မှုဖြစ်ပွားခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)