
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် ခိုလှုံနေသူများ နေရပ်ပြန်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ရိက္ခာထောက်ပံ့မှုလည်း ရပ်တန့်ခိုင်းထားသည်ဟု သိရသည်။
ဘူးသီးတောင်မြို့နယ် အပါအဝင် မြောက်ပိုင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများကို အတင်းအကျပ် နေရပ်ပြန်ခိုင်းရေးအတွက် စစ်ကောင်စီက စာရင်းကောက်ယူနေကြောင်း ဒေသခံတို့က ဆိုသည်။
ယခုလ ၁၉ ရက်က ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းလေးခုမှ တာဝန်ခံများကို စစ်ကောင်စီက ဆင့်ခေါ်ကာ နေရပ်ပြန်ရမည်ဖြစ်ကြောင်း၊ မပြန်ပါက ကျူးကျော်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ဘယ်လို ရွာပြန်လို့ရမှာလဲ။ မိုင်းတွေဘာတွေကိုလည်း ကြောက်တယ်။ နောက်ပြီးတော့ လမ်းက သွားဖို့ လာဖို့ အခက်အခဲ။ ပြန်ရမယ်ဆိုတာ တစ်ခုတည်းကိုပဲ ပြောတာ။ ဘာကြောင့် ပြန်ခိုင်းလဲဆိုရင် စစ်ဘေးရှောင် မရှိရဘူးဆိုပြီးတော့ ပြောတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ကျူးကျော်ဟု သတ်မှတ်ပြီးပါက ည ၁၀ နာရီမှ နံနက် ၅ နာရီအတွင်း အပြင်မထွက်ရန်၊ တွေ့ရှိပါက ပုဒ်မနှစ်ခုဖြင့် အရေးယူမည်ဟု စစ်ကောင်စီ၏ ဒေသခံအာဏာပိုင်များက ပြောဆိုသည်ဟု သိရသည်။
“လမ်းမှာ လုံခြုံရေးအဖွဲ့နဲ့ တွေ့ရင် အရေးယူခံရမယ်။ အရေးယူရင် အမှုနှစ်ခုနဲ့ အရေးယူမယ်လို့ ပြောတယ်။ ဘာအမှုနဲ့လည်းဆိုရင် ညမထွက်ရ ၁၄၄ တစ်ခုနဲ့ နောက်ထပ်ဘာမှုတပ်မှာလဲ မသိဘူး” ဟု အထက်ပါ ဘူးသီးတောင်မြို့ခံက ပြောသည်။
ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်း၊ မြတောင်၊ ဂဏ္ဍာရီ၊ ရန်အောင်မြေကျောင်း စသည့် စစ်ဘေးရှောင်စခန်းလေးခုတွင် ကျေးရွာပေါင်း ၂၀ ကျော်မှ လူဦးရေ ၃၀၀၀ ကျော် လာရောက်ခိုလှုံနေပြီး၊ ဘုန်းကြီးကျောင်းနှင့် ပုဂ္ဂလိကပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် စခန်းများဖြစ်သည်ဟု ဆိုသည်။
စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ ခိုလှုံရာနေရာကို ကျူးကျော်အဖြစ် မသတ်မှတ်နိုင်ကြောင်း၊ ရက္ခိုင့်တပ်တော် (AA) နှင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်နေချိန် နေရပ်ပြန်ခိုင်းနေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးနေခြင်းသာဖြစ်သည်ဟု အထက်ပါ မြို့ခံက ဆိုသည်။
“ဒါက သူတို့အစိုးရမြေ မဟုတ်ဘူး။ ပုဂ္ဂလိကမြေဖြစ်တယ်။ ကိုယ့်ရခိုင်သားအချင်းချင်း တိုင်ပင်ပြီးတော့ ဘုန်းတော်ကြီးတွေနဲ့ တိုင်ပင်ပြီး ကျောင်းတွေမှာ ထားတာ။ အစိုးရမြေမှာ ထားတာ မဟုတ်ဘူး”
အာဏာမသိမ်းမီက AA နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်စဉ်က ဘူးသီးတောင်မြို့နှင့် ၁၀ မိုင်ကျော်ဝေးသည့် ကျွဲကူးမော်၊ ညောင်ချောင်း စသည့်ကျေးရွာများအနီး စစ်ဘေးရှောင်စခန်း တည်ဆောက်ရန် သတ်မှတ်ထားခဲ့သော်လည်း မည်သူမျှ နေထိုင်ခြင်း မရှိကြောင်း သိရသည်။
ထိုနေရာများမှာ မြို့ပေါ်နှင့် အလှမ်းဝေးသည့်အပြင် မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသော နေရာများဖြစ်သောကြောင့် စစ်ဘေးရှောင်များ ပြောင်းရွှေ့နေထိုင်လိုခြင်း မရှိဟု ဆိုသည်။
စစ်ကောင်စီက စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းခြင်းမှာ တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးချရန်ဖြစ်ပြီး အပြစ်မဲ့ပြည်သူလူထုကို ဒုက္ခရောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အတင်းအကျပ် ဖိအားပေးနေခြင်းဖြစ်ကြောင်း နောက်ထပ် ဘူးသီးတောင်ဒေသခံတစ်ဦးကလည်း ပြောသည်။
“လူထုကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပေးနေတာ ဖြစ်တယ်။ နိုင်ငံတကာမှာ ဒီလို ထွက်ပြေးလာတဲ့ လူတွေကို ကူညီပေးမယ်ဆိုတာပဲ ရှိတယ်။ ဂျီနီဗာကွန်ဗန်းရှင်းမှာလည်း အဲလိုရှိတယ်။ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးဥပဒေတွေမှာလည်း အဲလိုပဲ သတ်မှတ်ထားတယ်”
ဘူးသီးတောင်မြို့အပြင် ရခိုင်မြောက်ပိုင်းမှ အခြားမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသူများကို နေရပ်ပြန်ပို့နိုင်ရေး စစ်ကောင်စီက လိုက်လံစာရင်းကောက်ယူနေသည်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်က ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်တွင် အထိုင်ချတပ်စွဲထားသည့်အပြင် ဗျူဟာကုန်းနှင့် အခြေစိုက်စခန်းများမှနေ၍ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် နေရပ်မပြန်ရဲကြောင်း ဒေသခံတို့က ဆိုသည်။
ဘူးသီးတောင်မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ စံဂိုထောင်အုပ်စုတွင် စံဂိုထောင်ကျေးရွာတွင် စစ်တပ်က ယခင်ကတည်းက တပ်စွဲထားကာ လက်ရှိတွင်လည်း လက်နက်ကြီးများဖြင့် နေစဉ်ပစ်ခတ်နေသည်ဟု မြို့ပေါ်၌ ခိုလှုံနေသည့် ထိုရွာသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ပြန်ဖို့အစီအစဉ်မရှိဘူး။ ပြန်ဖို့နေရာလည်း မရှိဘူး။ ကျွန်တော်တို့နေတဲ့နေရာမှာ စစ်တပ်က တပ်စွဲထားတယ်။ ကျွန်တော်တို့မှာ အိမ်လည်း မရှိတော့ဘူး။ သူတို့ပြောတာက (စစ်တပ်) လုံခြုံရေးယူထားတာ ဘာမှမဖြစ်ဘူးတဲ့။ ကျွန်တော်တို့ကလည်း တပ်နဲ့ အတူနေလို့ မရဘူးလို့”
နိုင်ငံတကာအဖွဲ့အစည်းများနှင့် တခြားလူမှုအဖွဲ့အစည်းများအနေဖြင့် ရခိုင်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများကို ရိက္ခာထောက်ပံ့မှု မပြုလုပ်ရန်လည်း စစ်ကောင်စီက တားမြစ်ထားသည်။
စစ်ဘေးရှောင်စခန်းများတွင် ရိက္ခာထောက်ပံ့မှု မရသည်မှာ လေးလခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
“တချို့လုပ်နိုင်တဲ့လူတွေက ပန်းရန်လုပ်ကြတယ်။ သူများဆီးမှာ ခြံစည်းရိုးကာကြတယ်။ အလုပ်ကလည်း ကျခါကျ မကျခါမကျ။ “အခု ထောက်ပံ့မှုမရှိတော့ ဖြစ်သလိုရုန်းကန်နေရတယ်။ အလုပ်မကျရင် မရှိရှိတာ ချရောင်းစားနေရတယ်။ ချေးငှားပြီးစားရတယ်” ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)