သတင်း

ဟားခါးတွင် လက်နက်ကြီးကြောင့် ကလေး နှစ်ဦး သေဆုံး

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဘုန်လွန်ရွာကို ယမန်နေ့ (အောက်တိုဘာ ၁၉) ရက် ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ ယောက်ျားလေး နှစ်ဦး သေဆုံး၍ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်။

သေဆုံးသူတို့မှာ ကျောင်းမှပြန်လာသည့် အသက် ၆ နှစ်အရွယ် ဟင်နရီဘွယ်ဇလျန်း (Henry Bawi Za Lian)၊ အသက် ၇ နှစ်ရှိ ဂျိန်းရှမ်းဇာအုပ် (James Siang Za Uk) တို့ဖြစ်သည်။ ဒဏ်ရာရသည့် ၆ နှစ်အရွယ် နန်စီ (Nancy) ၏ အခြေအနေနှင့် ပစ်ခတ်မှုဖြစ်စဉ်တို့၏ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ဘုန်လွန်ရွာသည် စစ်ကောင်စီကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများက ဆန်ထန် (Santhang) နယ်မြေအဖြစ် သတ်မှတ်ထားသည့် ဟားခါးမြို့နယ် ကျေးရွာ ၃၂ ရွာအတွင်း ပါဝင်သည်။ ဆန်ထန်နယ် ပြောရေးဆိုခွင့်ရှိသူက လက်နက်ကြီးပစ်ခတ်သူမှာ စစ်ကောင်စီသာ ဖြစ်မည်ဟု ပြောသည်။

“ကျွန်တော်တို့ဘက်မှာ ကျတော့ လက်နက်ကြီးတော်တော်များများက စစ်ကောင်စီဘက်ကပဲ ပစ်တာ။ ဟားခါးနယ်အတွင်းမှာတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဟိုပစ်၊ဒီပစ် ပစ်နေကြပဲ”။

ထိုဒေသတွင် တိုက်ပွဲမဖြစ်ဘဲ ရွာတွင် လက်နက်ကြီး ရုတ်တရက်ပေါက်ကွဲသည်ဖြစ်၍ စစ်တပ်က ဒရုန်းသုံး၍ တိုက်ခိုက်သည်ဟု ယူဆကြောင်း ချင်းတော်လှန်ရေးအဖွဲ့ CDF ဟားခါး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“လက်နက်ကြီးတွေကို (စစ်ကောင်စီက) ဟားခါးမြို့ပေါ်က နေရာ ၃ နေရာလောက်က ပစ်လေ့ရှိတယ်။ ဒါပေမဲ့ ပစ်တဲ့နေရာနဲ့ကကျတော့ ရွာက တော်တော်ဝေးတယ်။ ဆိုတော့ ဘယ်ကနေ ဗုံးဖြစ်နိုင်မလဲဆိုတော့ ဒရုန်းပဲ ဖြစ်မလားဆိုပြီး ခန့်မှန်းတယ်။ လေယာဉ်လည်း မလာဘူးဆိုတော့ ဒရုန်းပဲ ဖြစ်မယ်လို့ ခန့်မှန်းကြတာပါ” ဟု ၎င်းက ဆိုသည်။

ဟားခါးနှင့် ထန်တလန်ကြားတွင် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် သီးမြစ် ချောင်းကူးတံတားအနီးတွင် စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ကြား ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်နက်ကြီးထိသည့် ဘုန်လွန်ရွာနှင့် အလှမ်းကွာဝေးကြောင်း ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီမှစပြီး မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် အနည်းဆုံး ကလေးငယ် ၁၁၅ ဦးသေဆုံး ဒဏ်ရာရခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းမှာပင် သေဆုံးဒဏ်ရာရသူကလေးငယ် ၄၇ ဦးထိရှိခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် UNICEF Myanmar က ယခုနှစ် ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်တပ်လက်ချက်ဖြင့် ကလေးများ သေဆုံးရသည့် ဖြစ်စဉ်များထဲတွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စက်တင်ဘာလအတွင်း စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့၍ ကလေး ၇ ဦး၊ လူကြီး ၆ ဦးထက် မနည်းသေဆုံးသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button