
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ရာ အနီးရှိ ပြိန်းတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ၁၃ နှစ်အရွယ် ကျောင်းသူ ပွဲချင်းပြီးသေဆုံးကာ ၅ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (အောက်တိုဘာ ၁၉) နံနက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့မြောက်ဘက် ရေစိုးချောင်းဗျူဟာကုန်းမှ လက်နက်ကြီးကျည် ၄ ချက် ပစ်ခတ်ခဲ့ရာ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ပြိန်းတောကျေးရွာတွင်း လက်နက်ကြီးကျည် ၃ ခု ကျရောက် ပေါက်ကွဲသည်။
သေဆုံးသူ မငြိမ်းအေးစံမှာ ၇ တန်းကျောင်းသူဖြစ်သည်ဟု ပြိန်းတောကျေးရွာသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးပစ်တယ်ဆိုပြီး အိမ်ကနေ ထွက်ပြေးတဲ့အချိန်မှာ လက်နက်ကြီးကျည်က အိမ်နဲ့ ၆ ပေ အကွာမှာ လာကျတယ်။ အဲဒီကျောင်းသူမလေး နောက်ကျောကို ထိပြီးတော့ လက်နက်ကြီးကျည်အားနဲ့ ပေ ၂၀ လောက်ကို လွင့်စဉ်သွားတယ်။ တစ်ခါတည်း အဲဒီမှာ သေသွားတာ” ဟု သူက ဆိုသည်။
“နောက်ကျောအရိုးတွေ ဘာမှ မကျန်လိုက်ဘူး။ အားလုံးပွင့်ထွက်သွားတာ။ အသည်းအူတွေ တစ်စစီ ဖြစ်သွားတယ်။ မနက် ၁၀ နာရီ ၄၀ က စပစ်တာ အဲဒီကလေးမလေးကို ထိတာက ၁၁ နာရီ မိနစ် ၂၀ လောက်မှာ ထိသွားတာ။ လက်နက်ကြီးပစ်နေတာဆိုတော့ သင်္ဂြိုဟ်ဖို့ အခက်အခဲဖြစ်ခဲ့တယ်။ ညနေပိုင်းလောက်မှပဲ သင်္ဂြိုဟ်ရတယ်”
ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်သွားသူမှာ ပြိန်းတောကျေးရွာမှ ဒေါ်ဆန်းဆန်းဦး၏ အသက် ၅ နှစ်အရွယ် သားငယ်ဖြစ်ကြောင်း၊ သေဆုံးသွားသည့် မိန်းကလေးငယ်နှင့် ဆွေမျိုးတော်စပ်ကြောင်း သိရသည်။
“ဒဏ်ရာတော့ သိပ်မစိုးရိမ်ရဘူး။ ဦးခေါင်းကို ရှပ်ထိသွားတာ။ အခု ရွာက လူတွေလည်း အကုန်လုံး ထွက်ပြေးသွားကြပြီ” ဟု အဆိုပါ ပြိန်းတောရွာသားက ဆက်ပြောသည်။
ရေစိုးချောင်းဗျူဟာကုန်းမှာ ပြိန်းတောကျေးရွာအရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။ အိမ် ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ထိုရွာမှာ ရသေ့တောင်မြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် ရှိသည်။
ယခင်က ရခိုင်မြောက်ပိုင်း စစ်တပ်နှင့် AA ရက္ခိုင့်တပ်တော်တို့ နှစ်နှစ်ကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့စဉ် အဆိုပါကျေးရွာတွင် နေထိုင်သူအားလုံးနီးပါး စစ်ဘေးရှောင်ခဲ့ကြရသည်။

စစ်အေးကာလ တစ်နှစ်ခန့်အကြာတွင် ရွာသားအများစု နေရပ်ပြန်ခဲ့ကြပြီး လက်ရှိ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လူနေကျေးရွာများသို့ ပစ်ခတ်နေမှုကြောင့် ပြန်ထွက်ပြေးနေကြရသည်ဟု ပြိန်းတောကျေးရွာမှ ရွာသားနောက်တစ်ဦးက ပြောသည်။
“ပထမတစ်လုံးက ကုလားချောင်းရွာနဲ့ ပြိန်းတောရွာကြားမှာ ကျတယ်။ နောက်တစ်လုံးက ဘုန်းကြီးကျောင်းနားမှာ ကျတယ်။ တတိယအလုံးမှာ အဲဒီကောင်မလေးကို ထိတယ်။ စတုတ္ထအလုံးက ရွာကို ကျော်လွန်ပြီး အုန်းတောကို ကျတယ်။ ရွာကိုတည့်တည့်ကြည့်ပြီးတော့ တမင်ပစ်တာ။ ရည်ရွယ်ချက်ရှိရှိ ပစ်တာ” ဟု ထိုသူက ဆိုသည်။
စစ်ကောင်စီတပ်စခန်းများနှင့် ဗျူဟာကုန်းတို့မှ အရပ်သားပြည်သူနေထိုင်သည့် ကျေးရွာများသို့ ဦးတည်ပြီး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်နေမှုကြောင့် အောက်တိုဘာ ၁၇ တစ်နေ့အတွင်း ကျောက်တော်မြို့နယ်တွင် တစ်ဦး၊ မင်းပြားမြို့နယ်တွင် ၃ ဦး စုစုပေါင်း အမျိုးသမီး ၄ ဦး သေဆုံးခဲ့သည်။
မင်းပြားမြို့ ကျိန်းတောင်ဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဖလောင်းပြင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မလှဆန်းယဉ်၊ ၁၁ နှစ်အရွယ် မဆန်းနွယ်စိုးနှင့် ထောင့်ချောင်းကြီးရွာမှ ၅၀ အရွယ် ပညာရေးဝန်ထမ်း ကျောင်းဆရာမ ဒေါ်မြစောတို့ သေဆုံးခဲ့သလို ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟု သိရသည်။
အလားတူ ယင်းနေ့ ညနေ ၇ နာရီခန့်က ကျောက်တော်မြို့အနီး ကစ္စပနဒီတံတားပေါ်တွင် ဂိတ်ချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပိုက်သည်ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲကာ အသက် ၃၀ အရွယ် ရိုဟင်ဂျာအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ရင်း၊ တပ်စခန်း၊ ဗျူဟာကုန်းတို့မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများကို တစ်ကျော့ပြန်တိုက်ပွဲစတင်ခဲ့စဉ်ကစ၍ ပြုလုပ်နေခြင်းဖြစ်ပြီး သြဂုတ်လအတွင်းမှ ယနေ့အချိန်ထိ အရပ်သားပြည်သူ ၁၂ ဦးခန့်သေဆုံးကာ ၅၀ နီးပါး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)