ထိန်းသိမ်းခံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီးနောက် ရန်ကုန်ရှိ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ထားရှိသည်။
အသက် ၅၈ နှစ်အရွယ် ရှောင်တာနယ်ကို စစ်ကောင်စီက အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှု၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးပုဒ်မတို့ဖြင့် စက်တင်ဘာ ၂၉ တွင် ထောင်ဒဏ်သုံးနှစ် တစ်ပေါင်းတည်း ချမှတ်လိုက်ပြီးနောက်တစ်ရက်တွင် ရမည်းသင်းထောင်သို့ ကနဦး ပို့ဆောင်ခဲ့သည်။ ၎င်းတွင် Covid-19 ကူးစက်ထားရကြောင်း တွေ့ရှိပြီးနောက် မည်သို့ဆက်လက်စီစဉ်သည်ကို မသိရှိခဲ့ရပေ။
တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ ထိုနေ့တွင်ပင် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အမိန့်ချပြီး နောက်နေ့ပဲ ရမည်းသင်းထောင်ကို အဝင်ပြပြီး ဆေးစစ်တော့ ကိုဗစ်တွေ့တယ်။ ပြီးတော့ သီးသန့်ကားနဲ့ အင်းစိန်ထောင်ကို တစ်ခါတည်း ရွှေ့လိုက်တာ” ဟု အဆိုပါ သတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာ ၁၇) တွင် ပြောသည်။
Covid-19 ကူးစက်ခံထားရမှု နောက်ဆက်တွဲအခြေအနေကိုမူ မသိရသေးပေ။
အာဏာသိမ်းပြီး တစ်ပတ်အကြာတွင် စစ်တပ်က ရှောင်တာနယ်ကို ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခု၌ ဖမ်းဆီး၍ ၎င်း၏ ကွန်ပျူတာအတွင်း တွေ့ရသည့် အချက်အလက်များကြောင့်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲ၍ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သော အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နှင့် ဗီဇာစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ လဝက ဥပဒေပုဒ်မ ၁၃ (၁) အမှုနှစ်ခုဖြင့် စွပ်စွဲခဲ့သည်။ ကနဦးတွင် ၎င်းကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၌ ချုပ်နှောင်ထားခဲ့သည်။
ဖမ်းဆီးပြီး တစ်နှစ်ခွဲကျော်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်တို့ကို နေပြည်တော်အချုပ်ထောင်အတွင်း ပျဉ်းမနားခရိုင် (ယခင်ဒက္ခိဏခရိုင်) တရားသူကြီး ဦးဝင်းတင့် စစ်ဆေးသည့် သီးသန့်တရားခွင်က အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့သည်။ ထို့အပြင် ရှောင်တာနယ်ကို လဝကပုဒ်မဖြင့် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ပြီး ပြစ်ဒဏ်နှစ်ခုကို တစ်ပေါင်းတည်း ကျခံစေခဲ့သည်။
အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် စစ်ကောင်စီက စွပ်စွဲရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြသည့် ဦးဆက်အောင်နှင့် ဦးကျော်ဝင်းတို့ပါ ပါဝင်သည်။ ထိုအမှုအတွက် ၎င်းတို့ သုံးဦးကိုလည်း စက်တင်ဘာ ၂၉ တွင် တရားသူကြီး ဦးဝင်းတင်က ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့သည်။
ရှောင်တာနယ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြည်နှင်ဒဏ်ပေးဖွယ်ရှိသည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီက အဆိုပါကိစ္စနှင့် ပတ်သက်၍ မထုတ်ပြန်သေးပေ။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် နေပြည်တော်၌ ဩဂုတ်လအတွင်း တွေ့ဆုံခဲ့စဉ် ရှောင်တာနယ်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး မြန်မာနှင့် ဩစတြေးလျနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးမှု ဖော်ညွှန်းပြသနိုင်မည့် အခြေအနေဖြစ်လိမ့်မည်ဟု တိုက်တွန်းခဲ့သည်။
ဩစတြေးလျနိုင်ငံဘက်က စစ်ကောင်စီကို အပြုသဘောဆောင်လျှင် ထိုကိစ္စကို တင်းမာစွာဆောင်ရွက်မည့် အခြေအနေမရှိကြောင်း၊ ရှောင်တာနယ်ကို ကြီးလေးသော ပြစ်ဒဏ်ချမှတ်နိုင်သည့် သက်သေအထောက်အထားများရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က နိုလင်းဟေဇာကို တုံ့ပြန်ခဲ့သည်။
အာဏာသိမ်းမှုဆန့်ကျင်သူ အများအပြားကို ဆက်လက် ဖမ်းဆီးထားသော်လည်း ဗိုလ်ချုပ်ကြီးများက ပြီးခဲ့သည့်လများအတွင်း ဂျပန်နိုင်ငံသား ၁ ဦး၊ အမေရိကန်နိုင်ငံသား ၁ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ဖူးသည်။ ထိုအခြေအနေများကြောင့် ရှောင်တာနယ်ကိုလည်း အလားတူ လွှတ်ပေးကာ နိုင်ငံတကာဖိအားသက်သာရေး ကြိုးပမ်းဖွယ်ရှိသည်ဟု လေ့လာသူတချို့က ယူဆနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)