ရန်ကုန် – ပြီးခဲ့သည့်နှစ် ပဋိပက္ခများအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် ရခိုင်မြောက်ပိုင်းနေ မွတ်စလင်တို့၏ ကျေးရွာပျက်များတွင် ရွာသစ်တည်ကာ ဝင်ရောက် အခြေချကြသည့် ရခိုင်တိုင်းရင်းသားများကို အစိုးရက ဖယ်ရှားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မွတ်စလင်ရွာများအနက်မှ အနည်းဆုံးသုံးရွာတွင် ရခိုင်တိုင်းရင်းသားများ ဝင်ရောက်နေထိုင်ကာ ရွာသစ်တည်ထားကြခြင်းဖြစ်ပြီး ၎င်းတို့အနက်မှ လူဦးရေ ၂၀၀ ခန့်ရှိသည့် သင်္ဘောကွေ့ရွာ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ဖြင့် ယနေ့ (ဇူလိုင်လ ၉ ရက်နေ့) ပထမဆုံး စတင်ဖျက်သိမ်းနေသည်ဟု ဒေသခံများက ပြောကြသည်။
ကျန်ရွာများကိုလည်း ဖျက်သိမ်းရန် အစီအစဉ်ရှိမရှိကို မသိရသေးပေ။
သင်္ဘောကွေ့ကျေးရွာတွင် ယခင်က ‘ရိုဟင်ဂျာ’ဟု ၎င်းတို့ကိုယ်၎င်းတို့ခေါ်၍ မြန်မာဘက်က ‘ဘင်္ဂါလီ’ ဟု ခေါ်ကြသူများ နေထိုင်ကြပြီး မောင်တောဒေသ ယမန်နှစ်က တိုက်ခိုက်မှုများ အတွင်း ၎င်းတို့ စွန့်ခွာထွက်ပြေးသွားကြသည့်နောက်တွင် ရခိုင်မြို့နယ်အချို့မှ ဒေသခံများ လာရောက်အခြေချခြင်း ဖြစ်သည်။
လာရောက်နေထိုင်သည့် ရခိုင်များက အဆိုပါဧရိယာသည် မူလက ရခိုင်များ နေထိုင်ခဲ့သည့် နေရာဖြစ်သည်ဟု ဆိုသည်။
တစ်ဖက်နိုင်ငံမှ မွတ်စလင်များ ပြန်လာသည့်အခါ နေထိုင်နိုင်ရန်အတွက်ဟုဆိုကာ နိုင်ငံတကာအဖွဲ့အစည်းများက ယင်းကျေးရွာသစ်များကို ဖျက်သိမ်းရန် ဖိအားပေးနေခြင်းကြောင့် အစိုးရက ဖျက်သိမ်းရန် စီစဉ်ရခြင်းခြင်းဖြစ်သည်ဟု ဇူလိုင်လ ၈ ရက်နေ့က မောင်တောမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ဆိုသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူးက ဘာပြောလဲဆိုရင် (သင်္ဘောကွေ့ရွာ) ကို ဖယ်ရှားပေးဖို့ အစိုးရက ဖိအားပေးနေတယ်လို့ တင်ပြတယ်”ဟု ၎င်းက ပြောသည်။
ယနေ့ (ဇူလိုင် ၉ ရက်) ညနေ ၄ နာရီအချိန်ခန့်တွင် ရဲတပ်သား၊ မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်အချို့ကို စတင်ဖျက်သိမ်းနေပြီး ဆက်လက်ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်နိုင်က ဆိုသည်။
အစိုးရအဖွဲ့အနေဖြင့် ယင်းရွာသူ၊ ရွာသားများအား လက်ရှိနေရာမှ မော်တော်ယာဉ်ဖြင့် ငါးမိနစ်ခန့် မောင်းနှင်ရသည့် အင်းဒင်ကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်ရန် ပြောဆိုထားပြီး စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောထားသည်ဟု ဦးမောင်အုန်းက ဆိုသည်။
အင်းဒင်ကျေးရွာသည် ပြီးခဲ့သည့်နှစ်က ပဋိပက္ခများအတွင်း မွတ်စလင်အမျိုးသား ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည့်နေရာဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တပ်မတော်သား ၁၀ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
သို့သော်လည်း လက်ရှိကျေးရွာနေထိုင်သူများကမူ အင်းဒင်ကျေးရွာတွင် နေထိုင်ရန် ငြင်းဆန်ကြပြီး အစိုးရအနေဖြင့် ယခုကဲ့သို့ နှင်ထုတ်နေလျှင် မောင်တောဒေသမှ ထွက်ခွာပြီး မူလနေရပ်များသို့ ပြန်သွားမည်ဟု ကိုအောင်နိုင်က ပြောသည်။
၎င်းတို့ထဲမှ အများစုသည် ရသေ့တောင်နှင့် သံတွဲ မြို့နယ်တို့မှ ရွှေ့ပြောင်းလာသူများဖြစ်သည်။
“လက်ရှိတော့ မိုးပြင်ထဲမှာ ထိုင်နေကြတယ်။ အဲဒီအင်းဒင်ကို မပြောင်းဘူး။ ကျွန်တော်တို့ ရခိုင်တွေဟာ မနေသင့်တဲ့ နေရာမှာ မနေဘူး။ နေသင့်တဲ့ နေရာမှာ မနေရဘူးဆိုရင် ကိုယ့်နေရာ ကို ပြန်သွားမယ်။ အနောက်တံခါးကိုလည်း ကာကွယ်စရာ မလိုပါ။ အစိုးရမကျေနပ်၊ဒီနေရာက ထွက်ပေးဆိုရင် ကျွန်တော်တို့ အားလုံး ဒီနေရာက ထွက်ပေးမယ်” ဟု သင်္ဘောကွေ့ကျေးရွာ တည်ထောင်သူ ကိုအောင်နိုင်က ဆိုသည်။
အဆိုပါ သင်္ဘောကွေ့ကျေးရွာကို တည်ထောင်စဉ်က အစိုးရအဖွဲ့ကို အကြောင်းကြားခြင်း မရှိဟုဆိုကာ ကျေးရွာ တည်ထောင်သူ သုံးဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူထားသည်ဟု အမှုဖွင့် ခံထားရသည့် ဦးအောင်နိုင်က ပြောသည်။
၎င်းတို့အား ယနေ့ နံနက်ပိုင်းတွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့ပြီး အာမခံပေးခဲ့ကာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရုံးချိန်းသတ်မှတ်လိုက်သည်ဟု ဦးအောင်နိုင်က ဆိုသည်။
သင်္ဘောကွေ့ရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်ကို ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆို သည်။ အလားတူ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်း မရှိပေ။