သတင်း

ပြင်ပဆောင်းပါးရှင်ကျော်လင်း စစ်တွေတွင် ဂျင်ကလိဖြင့် ပစ်ခံရ

သတင်းဌာနများတွင် အတွေးအမြင်နှင့် ဝေဖန်ရေးဆောင်းပါးများရေးသားနေသည့် ပြင်ပဆောင်းပါးရှင် ကျော်လင်း(ရောင်စုံ)မှာ နေအိမ်ရှေ့တွင် ဂျင်ကလိဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်နေထိုင်သော ပြင်ပဆောင်းပါးရှင်ကျော်လင်းမှာ မေ ၁၃ ညက နေအိမ်ရှေ့တွင် ဖုန်းပြောနေစဉ် လူနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာကာ ဂျင်ကလိဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိသဖြင့် စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း ၎င်းကဆိုသည်။

လမ်းထဲတွင် လမ်းမီးများမရှိခြင်း၊ စောင့်ကြည့်ကင်မရာ (CCTV) များမရှိခြင်းကြောင့် ပစ်ခတ်သွားသူများကို မသိနိုင်ကြောင်း၊ ညာဘက်ရင်အုံအောက် ထိမှန်သွားသော်လည်း ဒဏ်ရာမှာ မပြင်းထန်သည့်အတွက် စိုးရိမ်စရာမရှိကြောင်း ၎င်းက ပြောသည်။

သို့သော် ၎င်းအား ပစ်ခတ်ပြီးနောက် ရခိုင်စကားဖြင့် “အဲဒီလောက်ဆိုရင်ရပြီ” ဟု ပြောဆိုကာ ဆိုင်ကယ်မောင်း၍ ထွက်သွားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်ကိစ္စများတွင်လည်း ဝေဖန်လေ့ရှိသည့်အတွက် အမျိုးသားရေးအမည်ခံ မူးယစ်ကုန်သွယ်သူများလည်း ဖြစ်နိုင်သလို ရက္ခိုင့်တပ်တော် AA ၏ အောက်ခြေ ဒေသန္တရ အဖွဲ့များမှလည်း ဖြစ်နိုင်သည်ဟု သုံးသပ်သော်လည်း အတိအကျမသိနိုင်ဟု ၎င်းက ဆိုသည်။

“မျက်နှာကိုတောင် သေချာမမြင်လိုက်တဲ့ကိစ္စမှာ အဖွဲ့အစည်းကို ခန့်မှန်းပြီးပြောဖို့ဆိုတာက မလွယ်လှဘူးလေ” ဟု ကိုကျော်လင်းက ပြောသည်။

ကိုကျော်လင်းသည် ၂၀၁၇ ခုနှစ်ကလည်း DVB သတင်းဌာနတွင် စစ်တွေမြို့ရှိ မြေဈေးများမြင့်တက်နေမှုကို ရေးသားခဲ့ပြီးနောက် စစ်တွေမြို့တွင်း၌ပင် ဓားထိုးခံခဲ့ရသည်။

ထိုစဉ်က စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း ဓားဖြင့်ထိုးသွားသူများကို ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ယနေ့မနက်အစောပိုင်းက စစ်တွေရဲစခန်းမှ အရာရှိတချို့ စစ်တွေဆေးရုံကို စစ်ချက်လာယူသွားပြီး အမှုဖွင့်လိုက ဖွင့်ပေးမည်ဖြစ်ကြောင်းပြောသော်လည်း အမှုမဖွင့်ခဲ့ကြောင်း ကိုကျော်လင်းကပြောသည်။

“အမူမဖွင့်လိုက်တော့ဘူး ၂၀၁၇ တုန်းကအမူတောင် မဖော်ထုတ်နိုင်သေးတာ အခုဆို ပိုဆိုးမှာပေါ့” ဟု ကိုကျော်လင်းက ပြောသည်။

ပြင်ပဆောင်းပါးရှင်ကျော်လင်းမှာ ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားခဲ့သော လက်သည်မပေါ်သည့် လူသတ်မှုများနှင့် ပတ်သက်ပြီး “သစ္စာဖောက်တံဆိပ်တပ် လူသတ်ရတာလွယ်နေပြီလား” ဆိုသည့် အတွေးအမြင်ဆောင်းပါးကို Myanmar Now သတင်းဌာနတွင် ၂၀၁၉ ခုနှစ်က ရေးသားခဲ့သည်။

Show More

Related Articles

Back to top button