၁၇ နှစ်အရွယ် ကိုစန်းမင်းပိုင်အပါအဝင် လူငယ် ၁၄ ဦးသည် ရန်ကုန်၊ သန်လျင်မြို့နယ် လူငယ်သင်တန်းကျောင်းထဲမှ ထွက်ပြေးနိုင်ခဲ့ကြသော်လည်း သူတို့အုပ်စုကြီး မြို့နယ်ပြင်ပသို့ လုံလုံခြုံခြုံ ထွက်နိုင်ရေးမှာ ကြီးမားသည့် စွန့်စားမှုကြီး ဖြစ်လာသည်။
စက်တင်ဘာ ၂၃ ရက်နေ့က ထွက်ပြေးသည့် သူတို့ကို စစ်ကောင်စီတပ်သားတို့က သန်လျင်မြို့နယ်အတွင်း အကြီးအကျယ် ပိတ်ဆို့ ရှာဖွေကြသည်။
၎င်းတို့ သန်လျင်မှ ထွက်ခွာလာပြီးနောက် စစ်ကောင်စီအလိုတော်ရိများ၊ အရပ်ဝတ်လက်နက်ကိုင်များ နေရာတကာ ရှိနေသော ရန်ကုန်မြို့အတွင်း ရက်အတန်ကြာ လျှို့ဝှက်နေထိုင်ကာ လုံခြုံသည့်နေရာ အသီးသီးသို့ သွားရောက်နိုင်ခဲ့ကြသည်။
“လက်မတင်လေး လွတ်လာတယ်။ မနည်းကြိုးစားပြီးထွက်လာခဲ့ရတယ်။ ဝါးတောတွေထဲ အိပ်ခဲ့ရတယ်။ သစ်ပင်ပေါ်မှာ တက်ပြေးခဲ့ရတယ်။ အသံကြားရင် မြောင်းထဲဆင်းပြေးပြီး လာကြိုမဲ့ကားကို စောင့်ပြီး ခက်ခက်ခဲခဲ ရုန်းထွက်ခဲ့ရတာ” ဟု သူက ပြောသည်။
အသက် ၁၆ နှင့် ၁၈ ကြား ထိုလူငယ်များ ဝမ်းမြောက်ဖွယ်အကောင်းဆုံးကာလကို စိတ်လှုပ်ရှားစွာ ကျော်ဖြတ်နေချိန်တွင် ကိုစန်းမင်းပိုင်သည် သူ့ဘဝအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုဖြစ်ရပ်မှာ စစ်ကောင်စီဘက်တော်သား လက်နက်ကိုင်တို့က ကိုစန်းမင်းပိုင်၏နေအိမ်သို့ သွားရောက်ကာ သူ၏မိဘများကို ပစ်ခတ်သတ်ဖြတ်သွားခြင်းပင် ဖြစ်သည်။
စစ်ကြော ထိန်းသိမ်းရေး စခန်းများ
ကိုစန်းမင်းပိုင်သည် ပြီးခဲ့သည့်နှစ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် တောင်ဒဂုံမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များ၌ စစ်ကောင်စီထောက်တိုင်များ သတ်ဖြတ်ခံရသည့်ကိစ္စနှင့်ဆက်စပ်သည်ဟု စွပ်စွဲခံရပြီးနောက် မင်္ဂလာဒုံမြို့နယ်တွင် ယမန်နှစ်အတွင်းက ဖမ်းဆီးခံရသည်။
ထို့နောက် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ရွှေပြည်သာ၊ ရေကြည်အိုင်နှင့် ၉ မိုင် စသည့် စစ်ကြောရေးစခန်းများတွင် အချိန်တစ်လခွဲကျော် ဖြတ်သန်းခဲ့ရကာ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့်နယ်မြေရဲစခန်းများတွင် အချုပ်သားဘဝဖြင့် အချိန် ၄ လကျော်ကြာ နေထိုင်ခဲ့ရသည်။
ကိုစန်းမင်းပိုင်သည် အသက် ၁၇ နှစ်သာရှိနေသေးသည့်အတွက် ၂၀၂၂ခုနှစ် ဇန်နဝါရီ၂၈ တွင် သန်လျင်လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်သွားသည်။
၎င်းနှင့်အတူ ဖမ်းဆီးခံရသည့် ကိုဇင်မင်းကျော်၊ ကိုအောင်မင်းသူ(ခ)ကိုသူ၊ ကိုအောင်ကိုမင်း(ခ)လင်းညို၊ ကိုထက်ပိုင်စိုး(ခ)ဖိုးထက်၊ ဝေယံထွန်း(ခ)ဝေယံ တို့ကို စစ်ကောင်စီ၏ တရားသူကြီးများက သေဒဏ်စီရင်ချက်များ ချမှတ်ထားသည်။
ကိုစန်းမင်းပိုင်သည်လည်း ပုဒ်မ ၃၀၂အပိုဒ်ခွဲ ၃၄၊ ၁၁၄ လူသတ်ရန်ကြိုတင်ကြံစည်မှု၊ အားပေးကူညီမှု ကျူးလွန်သည်ဟူသော စွဲချက်များကို ရင်ဆိုင်ခဲ့ရသည်။
လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများသည် အန္တရာယ်ကျ ရောက်လွယ်သော ကလေးများ၊ မိဘမဲ့ကလေးများ၊ စွန့်ပစ်ခံရသည့် ကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုနှင့်ရင်ဆိုင်နေရသော ကလေးသူငယ်များ၊ ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခြင်း၊ လွဲမှားစွာပြုကျင့်ခြင်းနှင့် အကြမ်းဖက်ခြင်း ခံနေရသော ကလေးများကို လက်ခံစောင့်ရှောက်နေကြောင်း ၎င်းတို့၏ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
သင်တန်းကျောင်းရောက် လူငယ်များကို စားဝတ်နေရေး၊ ကျန်းမားရေး၊ ပညာရေး၊ အားကစားလှုပ်ရှားမှုများအပြင် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားခြင်း၊ ကျောင်းပြင်ပပညာရေး သင်ကြားပေးခြင်းများ၊ ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ တရားထိုင်စေခြင်း၊ အပန်းဖြေ လေ့လာရေး ခရီးများထွက်ခြင်း၊ လူမှုရေးပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပေးခြင်း စသည့် အစီအစဥ်များလည်း ရှိသည်ဟုလည်း ဆိုထားသည်။
တကယ်လက်တွေ့တွင်မူ အထက်ပါဖော်ပြချက်များနှင့် လုံးဝခြားနားနေကြောင်း ကိုစန်းမင်းပိုင်က ဆိုသည်။
“နာမည်တွေ ဘယ်တွေပြောင်းလဲ ခေါ်ဆိုနေပါစေ။ တကယ်တော့ ကလေးထောင်ပဲ” ဟု သူက ဆိုသည်။
သန်လျင်လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ထိန်းသိမ််းခံနေရသူများ နေ့စဉ် နှင့်အမျှ အနိင်ကျင့် နှိပ်စက်ခံနေရကြောင်း၊ အစားအသောက်၊ ကျန်းမာရေးစနစ်တို့ ကောင်းမွန်မှု မရှိကြောင်း သူက ပြောသည်။
အထူးသဖြင့် သူက ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တွင် ပါဝင် လှုပ်ရှားခဲ့သည့်အတွက် သူ့ကို ပိုမိုနှိပ်စက်ကြကြောင်း ကိုစန်းမင်းပိုင်က ဆိုသည်။
“မင်းလားကွ ကျောင်းသားသမဂ္ဂဆိုပြီး ဆရာတွေ မူးလာပြီဆိုရင် နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးပြီး သူတို့ နှိပ်ကွပ်တာမျိုးတွေ၊ ညဘက်တွေဆိုရင် အိပ်ချင်တိုင်း မအိပ်ရ၊ အိပ်နေတဲ့အခါမှာ သူတို့ လာပြီဆို ထရတယ်။ ထပြီ ဆိုရင် သူတို့ ခိုင်းတာမျိုးတွေ လုပ်ရတယ်“ ဟု သူက ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအမှုများနှင့် ရောက်လာသူ ၁၂ ဦး၊ အခြားအမှု ရင်ဆိုင်ခဲ့ရသူ ၂ ဦးတို့ ပါဝင်သည်။
လူငယ်သင်တန်းကျောင်းတွင် နှိပ်စက်မှုများ ကြုံတွေ့ရခြင်းနှင့် လူမဆန်စွာပြုမူနေသည့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လိုခြင်းကြောင့် ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ကိုစန်းမင်းပိုင်က ဆိုသည်။
သူတို့ ထွက်ပြေးရန် တွန်းအားပေးသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ဘက် ၁၄ မိုင်အကွာ လက်ယက်ကုန်းရွာမှ ကလေးများ သတ်ဖြတ်ခံရမှုဖြစ်သည်။
စက်တင်ဘာ ၁၆ တွင် ထိုရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီ၏ ရဟတ်ယာဥ်များက သွားရောက် တိုက်ခိုက်ရာ ကလေး ၇ ဦး၊ လူကြီး ၆ ဦး သေဆုံးသည်။
ထိုဖြစ်စဥ်ကြောင့် ထိထိခိုက်ခိုက် ခံစားကြရပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်ရေးအတွက် လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးကြရန် ဆုံးဖြတ်ကြသည်ဟု ကိုစန်းမင်းပိုင်က ဆိုသည်။
“အဖြူအစိမ်းလေးတွေတောင် သွေးစွန်းနေရင် ငါတို့ တန်ရာတန်ကြေးကို ပြန်ယူရမယ်၊ ငါတို့ တော်လှန်ရေးကို ဆက်လုပ်ရမယ် အတွေးအခေါ်တွေနဲ့ ကျွန်တော်တို့ အတင်းကို ပြန်ထွက်လာခဲ့တာ” ဟု ၎င်းက ပြောပြသည်။
နေအိမ်တွင် မိဘများ သတ်ဖြတ်ခံရမှု
ထိုလူငယ်တစ်စုသည် ရန်ကုန်မြို့မှ ထွက်ခွာနိုင်ရေးအတွက် ပြင်ဆင်နေစဉ် မြို့နယ်တစ်ခုတွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးမည့်အရေး ကြုံတွေ့ ခဲ့ရသေးသည်။
“ဟိုကောင်တွေ ဟိုမှာဟိုမှာ ဆိုပြီး အသည်းအသန်ကြီးကို သေနတ်တွေနဲ့ ပြေးချိန်တာကို ကျွန်တော်တို့ ကြိုမြင်တဲ့အတွက် လှည့်ပြေးနိုင်ခဲ့လို့ လွတ်မြောက်ခဲ့ရတယ်” ဟု ကိုစန်းမင်းပိုင်က ဆိုသည်။
လွတ်မြောက်နယ်မြေသို့ သွားရောက်ရန် စီစဥ်နေခိုက် စက်တင်ဘာ ၂၉ ညနေတွင် သူ့ဘဝအတွက် အကြီးမားဆုံး သတင်းဆိုးက သူ့ထံ ရောက်လာသည်။
စစ်ကောင်စီ၏ လက်ပါးစေ ပြည်သူ့စစ် ခေါ် ပျူစောထီး အဖွဲ့ဝင်များဟု ယူဆရသည့် သူတို့က ကိုစန်းမင်းပိုင်၏ မိဘနှစ်ပါးကို တောင်ဒဂုံမြို့နယ်နေအိမ်တွင် လာရောက် သတ်ဖြတ်သွားသည်ဟူသော သတင်း ဖြစ်သည်။
“ကျွန်တော့်ဆီကို ရပ်ကွက်ထဲက မိတ်ဆွေတစ်ယောက်က (အွန်လိုင်းက) ဆက်သွယ်လာတယ်။ သား အဆင်ပြေလား၊ စိတ်ထိန်းနော်၊ သူကလည်း ငိုပြီးပြောတယ်။ ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောဆိုတော့ သားတို့အိမ်ကို ဝင်ပစ်သွားလို့ အဖေနဲ့အမေ သေသွားပြီဆိုပြီးပြောတယ်” ဟု ကိုစန်းမင်းပိုင်က ဝမ်းနည်းမှုကို ဖုံးကွယ်ရင်း ပြန်ပြောပြသည်။
၎င်း၏အိမ်အတွင်း အိမ်စီးကားတစ်စီးဖြင့် လူနှစ်ဦး ရောက်ရှိလာကာ ပစ်ခတ်ကြသဖြင့် မိဘနှစ်ဦး ပွဲချင်းပြီး ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ၇ လပိုင်းတွင် စစ်ကောင်စီက သူ့မိဘနှစ်ပါးကို ဖမ်းဆီးနှိပ်စက်ခဲ့ဖူးသည်။
သင်တန်းကျောင်းမှ ထွက်ပြေးလျှင် စစ်ကောင်စီက မိဘများကို ထပ်မံ ဖမ်းဆီးနိုင်သည်ဟု သူယူဆထားခဲ့သည်။
မိဘများ ပစ်သတ်မခံရမီ စက်တင်ဘာ ၂၉ နံနက်တွင် စစ်ကောင်စီ အလိုတော်ရိဟု နာမည်ထွက်နေသည့် တောင်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အမျိုးသမီးတစ်ဦး၊ ၇၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ကို ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့(SDGF) က တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီအလိုတော်ရိများက လက်စားချေလိုသည့်အတွက် စစ်ကောင်စီဆန့်ကျင်သူများထဲမှ ထင်ရှားသူတစ်ဦးဦး၏ အိမ်ကို သွားရောက်ပစ်ခတ်ခြင်း ဖြစ်မည်ဟု အများက ယူဆကြသည်။
ကိုစန်းမင်းပိုင်ကမူ ၎င်းကြောင့်သာ မိဘများအသတ်ခံရသည်ဟု ယူဆနေပြီး မောင်နှမများကို ဆက်သွယ်ရန် မဝံ့ရဲသေးဟု ဆိုသည်။
“ကျွန်တော့်လုပ်ရပ်တွေကြောင့် အသက်ဆုံးရှူံးရတာကြောင့် သူတို့ကို ပြစရာမျက်နှာမရှိဘူး။ သူတို့ကို ကျွန်တော်က ရှောင်ပုန်းနေရတယ်။ သူတို့ကို မျက်နှာပူလို့ မဆက်သွယ်ရဲသေးဘူး” ဟု ကိုစန်းမင်းပိုင်က ပြောသည်။
လွတ်မြောက်လာသည့် ကိုစန်းမင်းပိုင်တို့ အများစုမှာ အသက်မပြည့်သေးသည့်အတွက် တော်လှန်ရေးတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည် ဆိုသည်ကို စဉ်းစားနေကြဆဲဟု ဆိုသည်။
“အခုအချိန်မှာတော့ ဘာမှမပြောလိုသေးပါဘူး။ ရှေ့ဆက်လုပ်ဖို့က စဉ်းစားနေကြတုန်းပါ။ ကျွန်တော်ကတော့ တော်လှန်ရေးထဲမှာ ပါဖြစ်မှာပါ” ဟု ကိုစန်းမင်းပိုင်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)