သတင်း

ပဲခူးရိုးမတွင် စစ်ကြောင်းထိုးသည့် စစ်တပ်ကို PDF က မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ (အောက်တိုဘာ ၁၃) တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထိုဒေသအခြေစိုက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက ပြောသည်။

ပဲခူးရိုးမအနီးတဝိုက် တောတောင်များအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နတ်တလင်းမြို့နယ်အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးသလို ဒဏ်ရာရသူ အများအပြားရှိနိုင်ကြောင်း PDF က ပြောသည်။

“သူတို့က ကြက်မနက်ရွာကနေ ထွက်လာပြီးတော့ ကျွန်တော်တို့ ဆင်ထားတဲ့ မိုင်းကွင်း အလယ်တည့်တည့်မှာ ထိုင်နားနေကြတာ။ အဲဒီတော့ ကျွန်တော်တို့ဘက်က အတွဲလိုက် ဆွဲထည့်လိုက်တာပါ” ဟု PDF၏ နတ်တလင်းမြို့နယ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းကို မွန်းလွဲ ၁ နာရီခန့်တွင် ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ  စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နတ်တလင်းပကဖအဖွဲ့ထံမှ သိရသည်။ 

 “ရွာသားတွေကို ပြန်ခေါ်ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို ရွာထဲကနေ ပုခက်တွေ အထမ်းတွေနဲ့ သယ်ချသွားတာ အများကြီးပဲ” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

နတ်တလင်းနှင်ဇီးကုန်းမြို့နယ်အခြေစိုက် သာယာဝတီခရိုင် PDF တပ်ရင်း ၃‌၈၀၁ လက်အောက်ခံ  PDF ပူးပေါင်းတပ်များက  ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

PDF ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တိုက်ခိုက်ခံရမှုများကို သတင်းအမှောင်ချထားလေ့ရှိသည်။

ထိုစစ်ကောင်စီတပ်သည် ကရင်ဆင်ဆွဲကျေးရွာတွင် အထိုင်ချတပ်စွဲထားပြီး ဒေသတဝိုက် စစ်ကြောင်းထိုးနေခြင်း ဖြစ်ကာ စစ်ကြောင်းတိုက်ခိုက်ခံရသည့် ကြက်မနက်ကျေးရွာနှင့် အနီးနားရွာ ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက်များကို စက်တင်ဘာ ၂၁ ရက်က PDF ဘက်မှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-Bago Region PDF) 

နတ်တလင်းဒေသအနီး ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းပြီး  PDF  တပ်များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များလည်း လှုပ်ရှားနေသည်။

စက်တင်ဘာ ၁၈ တွင်  PDF က  တောင်ညိုဆည် စက်လှေ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။ 

အောက်တိုဘာ ၁၁ ကလည်း နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုဆည်အထက် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်းရှိ နတ်တလင်း ၊ ပေါင်းတည်၊ ပေါက်ခေါင်း စသည့် ဒေသများ တွင် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်နေပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဆက်သွယ်ပြောဆိုခြင်းများ မပြုလုပ်ရန် ဒေသခံကာကွယ်ရေးအဖွဲ့ များက အသိပေးစာထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်း ဒေသများတွင်လည်း စစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် ပဲခူးတိုင်း အခြေစိုက် PDF  များလည်း လှုပ်ရှားနေသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နန်းထိုက်အောင်စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ပဲခူးတိုင်း အနောက် ခြမ်း ကျောက်တံခါး၊ ညောင်လေးပင်၊ ပေါင်းတည်၊ အင်းတကော်၊ သာယာဝတီတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များ၊ စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်ခဲ့ကြောင်း၊  MA1 တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် ၂ လက် နှင့် MA 3 ကျည် ၁၁၅ တောင့်၊ ကာဘိုင်ကျည် ၁၄၅ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း ပဲခူးတိုင်း PDF  က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button