
ယမန်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်အတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အပြင် မြေပြင်စစ်ကြောင်းဖြင့်လည်း ရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဘူးသီးတောင်မြို့တောင်ဘက် ၇ မိုင်ခန့်အကွာရှိ ငှက်ပျောချောင်းကျေးရွာအနီးကို အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် စစ်တပ်က သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ မောင်တောမြို့နယ်ရှိ ဖားဝပ်ချောင်းရွာကို မြေပြင်စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ငှက်ပျောချောင်း ရခိုင်ရွာအနီးကို လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသွားသည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
“လေယာဉ်က တော်တော်မြန်တယ်။ မိနစ် ၂၀ ကြာ တစ်ကြိမ်စီ လာဗုံးကြဲတာ။ တစ်ခါကြဲချရင် နှစ်လုံး သုံးလုံးလောက် ကြဲချတယ်။ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ အဲဒီအနီးအနားက လူတွေက တိုက်ပွဲဖြစ်ကတည်းက ရှောင်ပြေးသွားကြလို့ ဒေသခံတွေက သိပ်မရှိကြတော့ဘူး”
ငှက်ပျောချောင်းရွာမြောက်ဘက်နှင့် အနီးအနားရှိ ဂူတာပြင်ရွာတောင်ဘက်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် ငှက်ပျောချောင်း၊ ဂူတာပြင်၊ ဖရုံချောင်း၊ သပိတ်တောင်၊ ကင်းချောင်း စသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“စစ်ကောင်စီတပ်က ရွာထဲမှာ တပ်စွဲထားတော့ ရွာသားတွေက မနေရဲကြတော့ဘူး။ အားလုံးထွက်ပြေးကြတယ်။ မနေ့က ည ၁၀ နာရီလောက်မှ ညောင်ချောင်းစခန်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စကခ ၁၅ တပ်မကလည်း လက်နက်ကြီး နှစ်လုံးသုံးလုံးလောက် ပစ်တယ်” ဟု ညောင်ချောင်းကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကလည်း ပြောသည်။
ယမန်နေ့မှာပင် မောင်တောမြို့နယ်မြောက်ပိုင်း စစ်ကောင်စီ၏ ကျီးကန်းပြင်ဌာနချုပ်နှင့် ၅ မိုင်အခန့် အကွာရှိ ဖားဝပ်ချောင်းရွာကို အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်ခံ တပ်မ ၇၇ မှ စစ်သားများသည် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ရွာအတွင်း ပစ်ခတ်ဝင်ရောက်လာပြီး လူနေအိမ်များကို အကြောင်းမဲ့ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ရွာအရှေ့မြောက်ထောင့်က နေအိမ်နှစ်လုံး မီးလောင်ပြာကျသွားတယ်။ ရွာသား ၂၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ အကုန်လုံး စစ်ဘေးရှောင်နေကြတာ။ အဲဒီရွာထဲမှာ ရှိတဲ့ လူတွေကို တပ်က မလာခင် နယ်ခြားစောင့်တွေက ဘုန်းကြီးကျောင်းကို သွားကြဖို့ ပြောတယ်လို့ သိရတယ်” ဟု ထိုဒေသခံက ပြောသည်။
မီးဝင်ရှို့ခံရသော ဖားဝပ်ချောင်းရွာမှာ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း၊ တောင်ပြို၊ ခမောင်းဆိပ် စသည့်ဒေသများသို့ ဆက်သွယ်ထားသည့် လမ်းမကြီးဘေးတွင်ရှိပြီး အိမ်ခြေ ၁၇၀ ကျော်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့်လအတွင်းကလည်း ထိုကျေးရွာအနီး စစ်တပ်က ညအချိန် ဗုံးကြဲတိုက်ခိုက်သဖြင့် ရွာသူရွာသားများ မြို့ပေါ် ထွက်ပြေးခိုလှုံခဲ့ရသည်။
“ပထမတစ်ကြိမ် စစ်ကြောင်းက ရွာထဲကို ရောက်လာပြီးတော့ ရွာသားတွေကို ဒီရွာကို အနီရောင်အဆင့် သတ်မှတ်ထားတယ်ဆိုပြီးတော့ ပြောခဲ့တယ်။ အခုတော့ မလုပ်သေးဘူး။ လုပ်မဲ့အဖွဲ့လာလိမ့်မယ်ဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ အခု ရွာကို မီးရှို့နေပြီလေ” ဟု ဖားဝပ်ချောင်းရွာသားတစ်ဦးက ပြောသည်။
မောင်တောမြောက်ပိုင်းတွင် တပ်စခန်းများ ဆုံးရှုံးပြီးနောက် စစ်ကောင်စီတပ်က ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းအပြင် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လာသည်ဟု ဒေသခံတို့က ဆိုသည်။
လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)