ဆောင်းပါး

ပစ္စန္တရစ်အရပ် ဖြစ်လာသော ထားဝယ်မြေ

‘ထားဝယ်သားများ မအိပ်သည့်ည’ အဖြစ် တင်စားရလောက်သည်အထိ လူပေါင်းသောင်းချီ စုရုံးကျင်းပလေ့ရှိခဲ့သည့် ရိုးရာအခမ်းအနားတစ်ခုကို တနင်္သာရီတိုင်း၏မြို့တော် ထားဝယ်တွင် လူရာဂဏန်းဖြင့်သာ တိုးတိုးတိတ်တိတ် ကျင်းပနေသည်။

ယခင်ကဆို သပိတ်မျှောမည့်နေရာ၌ လုပ်ထားသည့် ဝင်္ကပါပတ်လမ်းတွင် သပိတ်ကိုယ်စီကိုင်ထားသည့် လူပင်လယ်ကြီး ပြည့်ကျပ်နေလေ့ရှိသည်။

ယခုနှစ် အောက်တိုဘာ ၉ တွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် ထိုပွဲအတွင်း တိုက်ပုံအဖြူ ကိုယ်စီဝတ်ထားသည့် အမျိုးသားအချို့နှင့် ထားဝယ်ရိုးရာဝတ်စုံဝတ်အမျိုးသမီးများက ဟိုတစ်စု ဒီတစ်စုသာ။

ပွဲသို့ ရောက်သွားသူ အများစုမှာ ဌာနဆိုင်ရာဝန်ထမ်းများဖြစ်သာဖြစ်သည်၊ ရိုးရာပွဲတော်တစ်ခုကို အမိန့်တစ်ခုကြောင့် ဝတ်ကျေတမ်းကျေ လာရသည့်ပုံ ပေါက်နေသည်ဟု ဒေသခံများက ဆိုသည်။

ပွဲတော် ခြောက်ကပ်နေခြင်းသည် ယခင်က ခရီးသွားများကို ပင်လယ်ကမ်းခြေ၊ တောင်တန်းတို့ဖြင့် ဆွဲဆောင်နိုင်သည့် ထားဝယ်မြေ၏ ပကတိအခြေအနေကို ပြဆိုနေသည်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ဒေသကို အကြောက်တရားလွှမ်းသည့် နယ်မြေဖြစ်လာစေရန် ဖန်တီးနေသလို ဒေသခံတို့ကလည်း စစ်ကောင်စီတပ်သားတို့နှင့် ဝေးသည့်နေရာတွင် နေထိုင်ရန် ကြိုးစားလာကြသည်။

ပါးစပ်ဥပဒေ 

စစ်ကောင်စီတပ်သားတို့ နံနက်စောစောမှ မှောင်ရိပ်ပျိုးချိန်အထိ အကြောင်းအမျိုးမျိုးပြ ဆိုင်ကယ်ဖမ်း ငွေညှစ်မှုများကလည်း ခပ်စိပ်စိပ်ဖြစ်လာသည်။

ထို့အပြင် စစ်ကောင်စီ၏ ဖိနှိပ်မှုများ၊ ပါးစပ်ကထွက်ရာ ပေါက်ပန်းလေးဆယ် ဥပဒေများ၊ မည်းမည်းမြင်ရာ ဖမ်းဆီးမှုများနှင့် အပြန်အလှန် ပစ်ခတ်သတ်ဖြတ်မှုများက ထားဝယ်မြေကို ကြီးစိုးနေသည်။

လမ်းမပေါ် ဆိုင်ကယ်သံတဝီဝီဖြင့် အမြဲစည်ကားနေတတ်သည့် ထားဝယ်တွင် တိတ်ဆိတ်ခြောက်ကပ်မှုကသာ မင်းမူနေသည်။ 

အလုပ်သွား အလုပ်ပြန်မှအစ ဟိုနားသည်နားသွားလျှင်ပင် ဆိုင်ကယ်တက်ခွလေ့ရှိသည့် ထားဝယ်မြို့နေလူထုမှာ ထင်ရာစိုင်းနေသည့် စစ်ကောင်စီတပ်သားများကြောင့် ကျီးလန့်စာစားရသည့်ဘဝ ဖြစ်နေသည်ဟု ညည်းတွားလာကြသည်။ 

“အမျိုးသမီးများ ဂါဝန်ဝတ်ပြီး ဆိုင်ကယ်မစီးရ” “ဆိုင်ကယ်ခြေနင်းတုံးချမစီးရ” စသဖြင့်  ပေါက်ကရအမိန့်များထုတ်ကာ သေနတ်တကားကားနှင့် ရဲ၊ စစ်သားတို့က မြို့အနှံ့ လမ်းကြိုလမ်းကြားပါမကျန် လှည့်ပတ်ဖမ်းဆီးနေရာ ဆိုင်ကယ်စီးသူများမှာ ၎င်းတို့အတွက် ငွေရပေါက် ဖြစ်နေသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်နှင့် ကော့သောင်းမြို့များတွင်မူ ထိုကဲ့သို့ ဖမ်းဆီးခြင်းမရှိပေ။

ထိုကဲ့သို့ ဝက်အူရစ်လို တစ်ရစ်ပြီးတစ်ရစ်ကျပ်လာပြီး ၂၀၁၅ မော်တော်ယာဉ်ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် အချက်များဖြင့် အမျိုးမျိုးဖိနှိပ်ပြီး အကြောက်တရားရိုက်သွင်းနေသည်ဟု ထားဝယ်လူထုက ရှုမြင်လာကြသည်။

ယာဉ်ထိန်းရဲ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်စီးသူများကို ဝင်ငွေရလမ်းတစ်ခု အဖြစ်မြင်ပြီး လက်နက်ကိုင်ဓားပြတိုက်နေခြင်းပင်ဖြစ်ကြောင်း ထားဝယ်မြို့ခံများက ပြောဆိုသည်။

ဆိုင်ကယ်စီးသူတို့မှာ ဓားပြမှုကျူးလွန်ထားသည့် ရာဇဝတ်သားကဲ့သို့ သဘောထားခံနေရသည်ဟု ဒေသခံများက ပြောသည်။

“လမ်းဆုံကြီးမီးပွိုင့်နားရောက်ခါနီးမှာ ကျွန်မတို့ဆိုင်ကယ်ဘေးမှာ ကားတစ်စီးထိုးရပ်ပြီးတော့ စစ်သားတွေက သေနတ်တွေနဲ့ ဝိုင်းပြီးထားလိုက်တယ်။ ဆိုင်ကယ်နားနားဆို အော်ပြီးတော့ လက်နက်တွေနဲ့ ထိုးချိန်တာ” ဟု ကိုယ်တိုင်ကြုံတွေ့ရသည့် ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။

ဆိုင်ကယ်စီးရာတွင် ပါရမည့်အချက်အလက်များပြည့်စုံပါကလည်း အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံနေရကြောင်း မြို့ခံအချို့က ပြောသည်။

တစ်စ တစ်စ အတင့်ရဲလာသည့် စစ်ကောင်စီတပ်သားများသည် ဆိုင်ကယ်စီးရာတွင် ဖိနပ်မစီးသည့်အတွက်ဟုဆိုကာ ငွေညစ်သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

စက်တင်ဘာလ ၂၈ ရက် ညနေက ဆိုင်ကယ်စီးရင်း ဖိနပ်ပြတ်သွားသည့်အတွက် စတိုးဆိုင်တွင် ဖိနပ်လာဝယ်သူ အမျိုးသားတစ်ဦးထံမှ  အဓမ္မငွေတောင်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားနှစ်ဦးက တောင်းသည့်ငွေကျပ်တစ်သောင်းခွဲ မပေးပါက ရဲစခန်းခေါ်သွားမည်ပြောသည့်အတွက် ဖိနပ်ဝယ်ရန် ဆောင်လာသည့် ကျပ်တစ်သောင်းပေးခဲ့ရသည်ဟု ဆိုသည်။

“တပ်ကကျွေးတာမဝလို့ နယ်လှည့်ပြီး တောင်းစားနေရတဲ့အဖြစ်မျိုး ဖြစ်နေတယ်ဗျာ” ဟု ငွေတစ်သောင်းပေးခဲ့ရသည့် ထိုအမျိုးသားက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် အလုပ်သွား အလုပ်ပြန်ချိန်မှလွဲ၍ လမ်းမပေါ် အသွားအလာမရှိသလောက် နည်းပါးလာသည်။

တနင်္သာရီတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူကမူ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု များပြားလာသဖြင့် အမျိုးသားအဆင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသတွင်းအခြေစိုက် မီဒီယာတစ်ခုကို ပြောဆိုထားသည်။

စစ်ကောင်စီတပ်သားများကိုယ်တိုင်ကမူ ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး စီးနင်းသွားလာနေသည်ကိုတွေ့ရကြောင်း ထားဝယ်မြို့နေ အမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့ထုတ်ထားတဲ့ အမိန့်ကိုဖောက်လို့ဆိုပြီး ပြည်သူတွေကို ဖမ်းနေတာ။ သူတို့ကိုယ်တိုင်ကျတော့ လုပ်ချင်ရာ လုပ်နေကြတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန် ပြီးခဲ့သည့်နှစ်ကတည်းက ဒေသန္တရအမိန့်ထုတ်ထားသည်။

ထိုကဲ့သို့ တင်းကျပ်ဖိနှိပ်မှုများက သယ်ယူပို့ဆောင်ရေး၊ သွားလာရေးတွင် ဆိုင်ကယ်ကိုသာ အဓိကအားထားနေရသည့် ဒေသခံများအဖို့ အကြီးအကျယ်အခက်တွေ့နေကြောင်း ညည်းတွားနေကြသည်။

တနင်္သာရီတိုင်း၏ စည်ကားခဲ့သော မြို့တော်ထားဝယ်သည် အာဏာသိမ်း စစ်ကောင်စီတပ်သားတို့၏ ရန်ကို ကြောက်နေရသည့် ဒေသဖြစ်လာသည်။

အခြေအနေအတု ဖန်တီးမှု

ညနေစောင်းအချိန်ရောက်သည်နှင့် အိမ်အပြေးပြန်ကြပြီး အမှောင်သန်းသည်နှင့် သုသာန်တစပြင်အလား တိတ်ဆိတ်သည့် ထားဝယ်မြေဖြစ်လာသည်။

စစ်ကောင်စီက ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားသော်လည်း ဒေသခံများကမူ အိမ်အပြန်စောကြသည်။

အကြောင်းမှာ ညနေ ၆ နာရီကျော်သည်နှင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတို့က ပစ်ခတ်တတ်သောကြောင့်ပင်။  

ညဈေးထွက်သူများလည်း ယခင်က လူအစည်ကားဆုံး အချိန်ဖြစ်သည့် ၇း၃၀ ဆိုလျှင်  ခပ်သုတ်သုတ် သိမ်းဆည်းပြီး အိမ်ပြန်ဖို့ စိုင်းပြင်းနေရသည်။

အိမ်ပြန်နောက်ကျမည်ကို စိုးရိမ်ပြီး အလုပ်စောစော နားနေရကြောင်း ကိုယ်ပိုင်လုပ်ငန်းလုပ်နေသည့် ထားဝယ်မြို့သစ်နေ အမျိုးသားတစ်ဦးက ဆိုသည်။

“ညနေစောင်းလာပြီဆိုရင် လမ်းသွားရတာက လုံးဝ မလုံခြုံတော့ဘူး။ တစ်နည်းမဟုတ် တစ်နည်းပြဿနာအရှာခံရမှာ ကြောက်နေရတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်နေသူတို့က စစ်ကောင်စီ လုံးဝအုပ်ချုပ်၍မရစေရ ဟူသော ကြွေးကြော်သံဖြင့် နည်းလမ်းမျိုးစုံသုံးပြီး အန်တုနေချိန်တွင် စစ်ကောင်စီကလည်း   ပြည်သူလူထု ပုံမှန်အခြေအနေအတိုင်း သွားလာလှုပ်ရှားနေပြီ ဖြစ်ကြောင်း ပြသရန် နိုင်ငံအနှံ့တွင် ကြိုးစားလာသည်။

ထားဝယ်တွင်လည်း   သီတင်းကျွတ်သပိတ်မျှောပွဲနှင့်  တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲများကို စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီ အစည်းအဝေးတစ်ခုတွင် ဆွေးနွေးပြောဆိုခဲ့သည်။

အဆိုပါ ထားဝယ်ရိုးရာပွဲတော်နှစ်ခုမှာ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်ကတည်းက မကျင်းပဘဲ ရပ်နားထားခြင်းဖြစ်သည်။

ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းဂယက်ကြောင့် ရပ်နားထားရသည့် ရိုးရာပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု ပြောဆိုလာခြင်းမှာ ပုံမှန်ကဲ့သို့တည်ငြိမ်နေပြီဟု ပုံဖော်လိုခြင်းဖြစ်ကြောင်း ဒေသခံအများစုက ယူဆကြသည်။

ပြီးခဲ့သည့်နှစ်ကမူ ဒေသခံများက ညမထွက်ရအမိန့်နှင့် လွတ်ကင်းသည့်အချိန်တွင် မိမိအစီအစဉ်ဖြင့် ထားဝယ်မြစ် အတွင်း သပိတ်မျှောခဲ့ကြသည်။

ယခုနှစ်တွင် စစ်ကောင်စီက ဦးစီးကျင်းပမည့် ပွဲလမ်းသဘင်များသို့ သွားရောက်မည်မဟုတ်ကြောင်း ဒေသခံအများစုက ပြောဆိုခဲ့ကြသည်၊ အောက်တိုဘာ ၉ တွင်မူ ပြောသည့်အတိုင်းပင် ထားဝယ်ဒေသခံတို့က စစ်ကောင်စီ စီစဥ်သည့် ပွဲတော်ကို သပိတ်မှောက်ခဲ့ကြသည်။

ထားဝယ်ဒေသခံလူတစ်တစ်ဦးကမူ စစ်ကောင်စီကျင်းပမည့် သပိတ်မျှောပွဲမှာ အခြေအနေပုံမှန်ဖြစ်နေပြီဟု ဝါဒဖြန့်လုပ်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“သပိတ်မျှောပွဲကိုအကြောင်းပြပြီးတော့ လူတွေပုံမှန်အတိုင်းဖြစ်နေပြီ သူတို့အုပ်ချုပ်နေနိုင်ပြီဆိုတာကိုပြချင်တာဆိုတော့ မစည်လည်း စည်တယ်ပြောမှာပဲ။ မဖြစ်ဖြစ်အောင်လဲ လုပ်မှာပဲ။ သူတို့မျက်စိထဲမှာ ပြည်သူဆိုတာမရှိဘူး။ အခုဆိုင်ကယ်ဖမ်းနေတာကိုပဲကြည့်၊  ပြည်သူလို့ သူတို့မသတ်မှတ်ဘူး”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကောင်စီ ကျင်းပမည့် သပိတ်မျှောပွဲကို မသွားကြရန်၊ စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပုံဖျက်အပြစ်ပုံချရန်အတွက် အောက်တန်းကျသည့် နည်းလမ်းပေါင်းစုံဖြင့် အန္တရာယ်ပေးနိုင်သည့်အတွက် ပွဲလမ်းသဘင်များကို ရှောင်ရှားရန်လည်း မေတ္တာရပ်ခံခဲ့သည်။

တနင်္သာရီတိုင်း၏ စည်ကားခဲ့သော မြို့တော်ထားဝယ်သည် အာဏာသိမ်း စစ်ကောင်စီတပ်သားတို့၏ ရန်ကို ကြောက်နေရသည့် ဒေသဖြစ်လာသည်။

လုံခြုံမှု ကင်းမဲ့လာခြင်း

ထားဝယ်မြို့တွင်းနှင့် အနီးဝန်းကျင်နေရာများတွင် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးမှုများနှင့် ခိုးဝှက်လုယက်သည့် ရာဇဝတ်မှုများလည်း အဖြစ်များလာသည်။

စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြပြီး စစ်ဆေးဖမ်းဆီးမှု တင်းကြပ်နေသော်လည်း လုယက်မှု၊ ဓားပြတိုက်မှု၊ ခိုးမှုများမှာ မကြာခဏ ဖြစ်ပွားနေသည်။

အိမ်အတွင်း အိမ်အပြင်ရပ်ထားသည့် ဆိုင်ကယ်အခိုးခံရခြင်းမှာ ထားဝယ်မြို့တွင် နေ့စဉ်နီးပါးကြားနေရသည့် ဖြစ်ရိုး ဖြစ်စဉ် သတင်းတစ်ခုဖြစ်လာသည်။

ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ နယ်မြို့အချို့တွင်လည်း ဓားပြတိုက်မှု ခပ်စိပ်စိပ်ဖြစ်လာပြီး လုံခြုံမှု ကင်းမဲ့နေသည့် ကာလကို ဖြတ်သန်းနေရကြောင်း ဒေသခံများက ဖွင့်ဟသည်။

ဓားပြတိုက်သည့် ဖြစ်စဉ်အများစုမှာ ဖွင့်ပြောပါက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံထားရသည့်အတွက် ဖွင့်ဟပြောဆိုသူ နည်းပါးနေခြင်းဖြစ်သည်။

ရရှိထားသည့် အချက်အလက်များအရ ဓားပြတိုက်ခံရမှု အများဆုံးမြို့နယ်မှာ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး မြို့နယ်ဖြစ်ပြီး  ၈ ကြိမ်ထက်မနည်း ရှိခဲ့သည်။

ယခုနှစ် ဇွန်လ ၁၅ ရက်မှ ဩဂုတ်လကုန်အထိ ဓားပြတိုက်ခံရသည့် အကြိမ်အရေအတွက် ဖြစ်သည်။

ထို့အပြင် ယခုနှစ်ဩဂုတ်လအတွင်းက သရက်ချောင်းမြို့နယ်တွင်  ဓားပြတိုက်မှု  သုံးရက်ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

သို့ရာတွင် ဓားပြတိုက်ခံရ၊ ပစ္စည်းအခိုးခံရသည့်ကာယကံရှင်များက အရေးယူပေးရန် အားကိုးအားထားပြုပြီး တိုင်ကြားမည့် ဌာန၊ အဖွဲ့အစည်းလည်း မရှိဘဲ အားကိုးရာမဲ့သည့် အခင်းအကျင်းဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံများမှာ အဆိုပါ ဒုက္ခများအပြင် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း PDF တပ်ဖွဲ့များရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်တိုင်း ဒေသခံများက ကြောက်ရွံ့ထိတ်လန့်နေရသည်ဟု ဆိုသည်။

အကြောင်းမှာ စစ်ကောင်စီတပ်သားတို့လာလျှင် ပစ်ခတ်သတ်ဖြတ်ခြင်း၊  နေအိမ်မီးရှို့ဖျက်ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများယူဆောင်သွားခြင်း ကျူးလွန်တတ်ခြင်းကြောင့်ဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေခဲ့ရသည့် ဒေသခံများက ပြောဆိုကြသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်များ အိမ်မီးရှို့မှု၊ ပစ္စည်း ခိုးယူ လုယူမှု ကျူးလွန်သည်ဟူသော ပြောဆိုချက်များကို စစ်ကောင်စီက လက်မခံပေ၊ ၎င်းတို့၏ လက်နက်ကိုင်များက ပြည်သူလူထု လုံခြုံရေးအတွက် လုပ်ဆောင်နေသည်ဟုသာ တုံ့ပြန်ခဲ့ဖူးသည်။

တစ်ဘက်တွင်လည်း ထားဝယ်မြို့ပတ်လည်ရှိ သရက်ချောင်း၊ ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် စစ်ကောင်စီဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှုများ အားကောင်းမောင်းသန် လုပ်ဆောင်နေသည်။

FE5 Tanintharyi အဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် ဇူလိုင်လအတွင်း ထားဝယ်ခရိုင်တွင် တိုက်ပွဲနှင့် ပြောက်ကျားတိုက်ခိုက်မှုအကြိမ်ပေါင်း ၃၀ နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၁၄၄ ဦးသေဆုံးပြီး ၁၀၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဩဂုတ်လအတွင်း ပစ်ခတ် တိုက်ခိုက်မှု အကြိမ် နှစ်ဆယ်ကျော် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ အဖွဲ့သည် တနင်္သာရီတိုင်းအခြေအနေကို စောင့်ကြည့်ကာ လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့်အဖွဲ့ဖြစ်သည်။

ထားဝယ်မြို့တွင်မူ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး ညဘက်နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ ခပ်စိပ်စိပ်လုပ်လာသည်။ 

ထိုသို့ ရှာဖွေနေခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်တပ်သတင်းပေး ဆိုသူများကို ရှင်းလင်းနေသည့်  မြို့ပြမြေအောက်တော်လှန်ရေး Guerrilla Dawei အဖွဲ့ဝင်များကိုဖမ်းဆီးလိုသောကြောင့်ဖြစ်သည်ဟု ဒေသခံအချို့က ယူဆနေသည်။

ယင်းအဖွဲ့သည် ဩဂုတ်လ ၃၀ ရက်က ထားဝယ်မြို့သစ် အမှတ် (၄) လမ်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကညနရုံးသည် စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည်။

ထို့အပြင် ဧပြီလက ထားဝယ်မြို့ အာဇာနည်လမ်းရှိ Mytel အရောင်းပြခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ဆောက်လုပ်ထားသည့် မဏ္ဏပ်အနီးတွင်လည်း ဖောက်ခွဲခဲ့သည်။

ယင်းအခြေအနေများကြောင့် ထိုမြေအောက်တော်လှန်ရေးအဖွဲ့များကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီက ရပ်ကွက်တိုင်းကို ဧည့်စာရင်းအကြောင်းပြကာ ညဘက် ဝင်ရောက်ရှာဖွေကြပြီး မသင်္ကာသူများကို ဖမ်းဆီးလေ့ရှိသည်။

ဧည့်စာရင်းစစ်ချိန်တွင် တော်လှန်ရေးနှင့်မသက်ဆိုင်သူများကို ဖမ်းဆီးခြင်း၊ ဆဲဆို ထိုးကြိတ်ခြင်းတို့အပြင် နေအိမ်အတွင်းမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားလေ့ရှိကြောင်း မြို့ခံများက ပြောဆိုကြသည်။

ထို့အပြင် မြို့အတွင်း အဓိကလမ်းမကြီးများနှင့် လမ်းဆုံများတွင် CCTV ကင်မရာ တပ်ဆင်ကာ စောင့်ကြည့်နေသည့်အပြင် မြို့အဝင်အထွက်ဂိတ်လေးခုတွင်လည်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည်။

ဤအခြေအနေဆိုးများကြေ ဒေသကို စွန့်ခွာပြီး အိမ်နီးချင်း ထိုင်းနှင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်သူ သိသိသာသာ များပြားလာနေသည်။

ထားဝယ်မြေမှာ အကြောက်တရား ကြီးစိုးလာပြီး နေချင့်စဖွယ်အရပ်မှ မနေသင့်သည့်အရပ် ပစ္စန္တရစ်အရပ်  ဖြစ်လာသည်။

ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ထားဝယ်မြို့နေ အမျိုးသားတစ်ဦးကလည်း အဖမ်းအဆီးများပြားခြင်း၊  စီးပွားရေးကျဆင်းခြင်းတို့ကြောင့် ပြည်ပခိုးထွက်ရန် စဉ်းစားနေပြီဟု ဆိုသည်။

“အခုဆိုရင်ဗျာ မြို့ထဲမှာနေရတာက တော်တော်အဆင်မပြေဘူး။ ထိုင်းနိုင်ငံဖြစ်ဖြစ် ပြည်ပကို ထွက်ပြီးကို နေချင်နေပြီ။ ပြီးတော့စီးပွားရေးအတွက် အလုပ်လုပ်ရတာကလည်း အရမ်းကို ကျဉ်းကျဉ်းကြပ်ကြပ်ဖြစ်လာတယ်”ဟု အထက်ပါ အမျိုးသားက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button