မန္တလေးတိုင်း၊ မြင်းခြံမြို့အကျဉ်းထောင်သို့ ရောက်သွားသည့် အကျဉ်းသားသစ်တစ်ဦး ထောင်ရောက်လာသည့် နေ့တွင် ရိုက်နှက်ခံရပြီး နောက်တစ်နေ့တွင် သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
မူးယစ်သောက်စားမှုဖြင့် ထောင် ၁ လကျသော ကိုနေမျိုးဦး အောက်တိုဘာ ၃ ရက် မွန်းလွဲ ၂ နာရီက မြင်းခြံထောင်သို့ ရောက်ရှိစဉ် ထောင်အာဏာပိုင်များက ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ပြီး နောက်တစ်နေ့တွင် သေဆုံးသွားသည်ဟု ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးနှင့် မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
“ထောင်ထဲရောက်လာချိန်မှာ မူးကြောင်ကြောင်တယ်၊ အခန်းထဲမှာ လှည့်ပတ်ပြေးနေတယ်ဆိုပြီး ထောင်စည်းကမ်းထိန်းဝန်ထမ်းတွေက ဝင်ရိုက်တယ်” ဟု ကော်မတီမှ တာဝန်ခံ ကိုဗီရိုဆိုသူက ပြောသည်။
အရိုးကျိုး၊ အသက်ရှူကျပ်၊ မျက်လုံးနှင့် ပါးစပ်မှ သွေးထွက်နေသည့် ထိုအမျိုးသား ဆေးကုသမှု မရရှိဟု သိရကြောင်း၊ သေဆုံးရသည့် အကြောင်းရင်းမှန်ကို ထောင်ဝန်ထမ်းတို့က ဖုံးကွယ်ထားကြောင်း သူက ဆက်ပြောသည်။
“ဖိနှိပ်မှုတွေက ပိုဆိုးလာတယ်၊ အခု လူသေဆုံးတဲ့အထိ ဖြစ်လာပြီ၊ အခုသေဆုံးမှုကိုလည်း အန်ဖတ်ဆို့ သေတယ်ဆိုပြီး ဖုံးထားတယ်”
မြင်းခြံထောင်နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးထံမှ ရရှိသည့် စာတစ်စောင်တွင်လည်း တောင်သာမြို့နယ်၊ နဘူးကျေးရွာမှ ဦးသိန်းထိုက်၏ သားဖြစ်သူ နေမျိုးဦး ရိုက်နှက်ခံရကာ သေဆုံးသွားသည်ဟု ဖော်ပြထားသည်။
ထောင်တွင်းမှ ပေးပို့သည်ဟု ယူဆရသည့် လက်ရေးဖြင့် ရေးထားသော ထိုစာတွင် သူကြီး သန့်စင်မောင်၊ စည်းကမ်းထိန်း ဝင်းမြတ်ကို၊ နေဇော်၊ သီဟနိုင်တို့က ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း၊ မြင်းခြံထောင် အဆောင် ၄ မှ အဆောင်မှူး မြတ်ကျော်သူတို့က အန်ဖတ်ဆို့သေဆုံးသည်ဟု သတင်းထုတ်ခိုင်းကြောင်း ဖော်ပြထားသည်။
မုံရွာမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီကလည်း အခန်းသူကြီး သန့်စင်မောင်၊ ဂျက်လီ ဆိုသူတို့ အပါအဝင် ၅ ဦးက ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
ဩဂုတ်လက မုံရွာထောင်နှင့် အိုးဘိုထောင်တို့မှ နိုင်ငံရေးအကျဉ်းသား ရာဂဏန်း မြင်းခြံထောင်သို့ ရောက်သွားရာ ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု သိရသည်။
ဖိနှိပ်ရာတွင် နာမည်ကျော်သည့် အဆိုပါမြင်းခြံထောင်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ပါ ပြောင်းရွှေ့ခံထားရသည်။
စက်တင်ဘာအတွင်းကလည်း မုံရွာထောင်မှ ပြောင်းရွေ့လာသော နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အုပ်စုဖွဲ့ရိုက်နှက်ခဲ့ပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးမှာ သတိလစ်မေ့မြောသည်အထိ ရိုက်နှက်ခံရသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပုံစံ မကြာခဏထိုင်ခိုင်းကာ ပုံစံမကျလျှင် ရိုက်နှက်ခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်း၊ ထောင်ဝင်စာပို့သူများကို ငွေညှစ်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။
ယခင်က ထောင်များသို့ သွားရောက်စစ်ဆေးနေကျ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အကျဉ်းထောင်များသို့ သွားရောက်ခွင့် မရသေးပေ။
“သူတို့က ICRC လာလည်း ဂရုမစိုက်ဘူး။ မလုပ်ပေးနိုင်ဘူး နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ဂရုမစိုက်ဘူးဆိုပြီး ခဏခဏ ပြောပြီး ဖိနှိပ်နေတာ” ဟု ကိုဗီရိုက ပြောသည်။
စစ်ကောင်စီက ဇူလိုင်လဆန်းမှစ၍ အင်းစိန်အကျဉ်းထောင် အပါအဝင် မန္တလေးအိုးဘိုထောင်၊ မုံရွာထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်နှင့် ကရင်ပြည်နယ် ဖားအံထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို မြင်းခြံထောင်နှင့် ပဲခူးတိုင်းရှိ သာယာဝတီထောင်များသို့ ပြောင်းရွှေ့ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ရန် ရည်ရွယ်ချက်ဖြင့် ဝေးကွာသည့် အကျဉ်းထောင်များသို့ စစ်ကောင်စီက ပြောင်းရွှေ့နေရာ မိသားစုဝင်များမှာ ထောင်ဝင်စာပို့ရန် ပိုမို ခက်ခဲလာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)