
လေယာဉ်ဆီနှင့် စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးနေသည့် ဆွစ်ဇာလန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Trafigura က ၎င်းပိုင် PUMA စွမ်းအင်ကုမ္ပဏီ လုပ်ငန်းများကို ပြည်တွင်းကုမ္ပဏီထံ ရောင်းကာ မြန်မာမှ ထွက်ခွာတော့မည်ဖြစ်သည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ မြန်မာမှ ထွက်ခွာလျက်ရှိရာ နာမည်ကြီး PUMA သည်လည်း အပါအဝင်ဖြစ်လာသည်။
မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်ချက်ကို ယခုနှစ် အစောပိုင်းတွင် ကုမ္ပဏီဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ ဖက်စပ်လုပ်ကိုင်နေသည့် Puma Energy Asia Sum(PEAS) နှင့် National Energy Puma Aviation Services (NEPAS) ရှယ်ယာများကို ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ရောင်းချရန် သဘောတူပြီးဖြစ်ကြောင်း PUMA က ယမန်နေ့ (အောက်တိုဘာ ၅) တွင် သတင်းထုတ်ပြန်သည်။
PUMA က မြန်မာတွင် ၂၀၁၅ ခုနှစ်မှစ၍ ရင်းနှီးမြှုပ်နှံခဲ့ပြီး မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် အကျိုးတူပူးပေါင်းကာ National Energy Puma Aviation Services (NEPAS) အမည်ဖြင့် လုပ်ကိုင်နေသည်။ MPPE ကို ယခုအခါတွင် အာဏာသိမ်း စစ်ကောင်စီက ထိန်းချုပ်ထားသည်။
ထို့ပြင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ ရေနံနှင့် ဆက်စပ်ပစ္စည်းတင်ချဆိပ်ကမ်းနှင့် ဆီသိုလောင်ကန်လုပ်ငန်းများ လုပ်ကိုင်ရန် Puma Energy Asia Sum(PEAS) ကိုလည်း ထူထောင်ထားသည်။ ထိုကုမ္ပဏီတွင် PUMA က ၈၀ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီ Asia Sum Energyက ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းတွင် တွေ့ရသည်။
မြန်မာမှ ထွက်မည့် PUMA ပိုင် စက်သုံးဆီနှင့် လေယာဉ်ဆီ သိုလှောင်ဖြန့်ဖြူးမှုဆိုင်ရာ အခြေခံအဆောက်အအုံများ စစ်ကောင်စီနှင့် စစ်တပ်ကို ထောက်ခံသည့် ခရိုနီများထံ မရောက်သင့်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ယမန့်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
လူသားမျိုနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို အထောက်အပံ့ပေးနိုင်သည့် လေယာဉ်ဆီဖြည့်သွင်းခြင်းအခြေခံအဆောက်အအုံများကို စစ်တပ်ထိန်းချုပ်ခွင့်မရရန် တောင်းဆိုကြောင်း Justice For Myanmar (JFM) အဖွဲ့ကလည်း ပြောထားသည်။
“လုပ်ငန်းကို ရောင်းချသွားမဲ့ ပြည်တွင်းကုမ္ပဏီအမည်ကို PUMA က မကြေညာသေးတာကို စိုးရိမ်မိပါတယ်။ လူ့အခွင့်အရေးအရ တာဝန်ရှိမှုအတိုင်း ဒါကို အမြန်ဆုံးထုတ်ဖော်ပြောဆိုရပါမယ်” ဟု JFM ၏ ယနေ့ (အောက်တိုဘာ ၆) ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စေ့စပ်ညှိနှိုင်းရန် လိုကြောင်း၊ PUMA နှင့် မိခင်ကုမ္ပဏီ Trafigura တို့ ထွက်ခွာပြီးနောက် ထိခိုက်နစ်နာမှုများ ကုစားသည့်အနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာသည်ကို ပြသရန် လိုကြောင်း JFM က တိုက်တွန်းသည်။
တော်လှန်ရေးအင်အားစုများနှင့် အရပ်သားပစ်မှတ်များကို လေကြောင်းမှ အကြီးအကျယ်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီကို PUMA အနေဖြင့် လေယာဉ်ဆီထောက်ပံ့မှုရပ်ဆိုင်းရန် NUG နှင့် အရပ်ဘက်အဖွဲ့အစည်းများက အစဉ် ဖိအားပေးခဲ့သည်။
စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါဝင် အနည်းဆုံး ၁၂ ဦးထက်မနည်း သေဆုံးပြီး မကြာမီတွင် PUMA က မြန်မာမှ ထွက်မည့် ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
PUMA သည် ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးကာစတွင် ၎င်း၏ လုပ်ငန်းများကို ရပ်ဆိုင်းမည်ဟု ကြေညာဖူးသည်။ သို့သော် လုပ်ငန်းဆက်လက်လုပ်ကိုင်ခဲ့ပြီး PUMA ၏ လေယာဉ်ဆီမှာ အများပြည်သူ သုံးရန်သာ ဖြစ်သည်ဟု အကြောင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်း ၂၂ လိုင်း၊ ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်း၊ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှု ၄ ခုနှင့် လေယာဉ်ဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်လုပ်ငန်း ၆ ခု၊ ရန်ကုန်အပါဝင် ပြည်တွင်းလေဆိပ် ၁၁ ခုအတွက် ဝန်ဆောင်မှုများပေးလျက်ရှိသည်ဟု Puma ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)