သတင်း

ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ထောင် ၇ နှစ် ချခံရ

ရန်ကုန်မြို့တွင် လွန်ခဲ့သည့် နှစ်လက ဖမ်းခံခဲ့ရသည့် ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင်သမား အသက် ၂၆ နှစ်အရွယ် မစ္စတာ တိုရိုကူဘိုတာကို စစ်ကောင်စီက ထောင် ၇ နှစ် ချလိုက်သည်။

ဇူလိုင် ၃၀ က ရန်ကုန်၌ ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း သူ့ကို စစ်တပ်က ဖမ်း၍ အင်းစိန်ထောင်သို့ ပို့ကာ ထောင်တွင်းတရားရုံးတွင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်သည်။

ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က)၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃ (၁) တို့ဖြင့် ဩဂုတ်လအတွင်း စစ်ကောင်စီက တိုရိုကူဘိုတာကို တရားစွဲသည်။

ထိုအမှုများအနက် ပုဒ်မ ၅၀၅ – ကဖြင့် အမြင့်ဆုံး ထောင် ၃ နှစ်၊ ၁၅ နှစ်အထိ ချနိုင်သည့်  ပုဒ်မ ၃၃ (က) ဖြင့် ထောင် ၇ နှစ် ကျခံစေရန်၊ ထိုအမှု နှစ်ခုအတွက် ၇ နှစ်သာ ကျခံစေရန် စက်တင်ဘာ ၂၉ ရက်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမိန့်ချသည်။

တိုရိုကူဘိုတာမှာ လဝကပုဒ်မဖြင့် ဆက်လက် တရားရင်ဆိုင်ရမည်ဖြစ်သည်။

တိုရိုကူဘိုတာသည် ဇူလိုင် ၁ တွင် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ရောက်လာသူဖြစ်ကြောင်း၊ ဆန္ဒပြလူငယ်များနှင့် အွန်လိုင်းတွင် ချိန်းဆို၍ ဆန္ဒပြပွဲကို ရုပ်သံရိုက်ကူးခဲ့ကြောင်း စစ်ကောင်စီက စတင်ဖမ်းဆီးချိန်တွင် ပြောထားသည်။

ထိုသို့ ထောင်ဒဏ်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ “မစ္စတာတာရိုကူဘိုတာကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာဏာပိုင်တွေကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ရိုက်တာသတင်းဌာနကို ပြောထားသည်။

မစ္စတာတိုရိုကူဘိုတာသည် မြန်မာနိုင်ငံရှိ လူနည်းစု ရိုဟင်ဂျာများ၊ ဒုက္ခသည်များနှင့် လူမျိုးစုပြဿနာများအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ဖူးသည်ဟု AFP ၏ သတင်းတစ်ရပ်အရ သိရသည်။

တိုရိုကူဘိုတာနှင့်အတူ ဖမ်းဆီးခံရသည့် အသက် ၁၈ နှစ် မပြည့်သေးသူ လူငယ် ၂ ဦးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း မစ္စတာတိုရိုကူဘိုတာမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ဒုတိယမြောက် ဂျပန်သတင်းသမားဖြစ်သည်။ 

၂၀၂၁ ဧပြီတွင် ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ ဖမ်းဆီးခံရစဉ် စစ်ကောင်စီက သူ့ကို မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲပြီး နောက်တစ်လအကြာတွင် ပြန်လွှတ်ပေးဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button