ရန်ကုန်မြို့မှ အမျိုးသမီးကြီးတစ်ဦးသည် သားဖြစ်သူအတွက် ထောင်ဝင်စာပို့ရန် တစ်ရက်ကြာ ပြင်ဆင်ချက်ပြုတ်ပြီးနောက် အစားအသောက်များကို ဗူးငယ်များဖြင့် ထုတ်ပိုးသယ်ဆောင်ကာ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ မနက်စောစော ထွက်ခွာသွားခဲ့သည်။
သားဖြစ်သူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေး တာဝန်ခံ ကိုလေပြေစိုးမိုးမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည်။
သာယာဝတီအကျဉ်းထောင်သို့ မိခင်ကိုယ်တိုင် ရောက်သွားသော်လည်း သားဖြစ်သူကို တွေ့ခွင့်မရပေ။
သူ စနစ်တကျ ပြင်ဆင်ထုပ်ပိုးလာသည့် အစားအသောက်များကို ထောင်ဝန်ထမ်းများက ပလတ်စတစ် အိတ်အတွင်းသို့ စုပုံလောင်းချလိုက်ရာ အမှိုက်ထုပ်သဖွယ် ဖြစ်သွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် စိတ်ထိခိုက်ဝမ်းနည်းခဲ့ရသည်ဟု ကိုလေပြေစိုးမိုး၏ မိခင်က ပြောသည်။
“အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းတင်မကဘူး။ အပြင်က ထောင်ဝင်စာ လာတွေ့တဲ့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်အောင် စနစ်တကျ လုပ်နေတယ်လို့ ယူဆပါတယ်” ဟု သူက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၅၅၀၀ ထက်မနည်း မတရားချုပ်နှောင်ခံထားရပြီး ထောင်ပြောင်းရွှေ့ခြင်း၊ ထောင်ဝင်စာပိတ်ပင်ခြင်းတို့ဖြင့် နိုင်ကျဉ်းများကိုသာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေရန် စနစ်တကျ လုပ်ဆောင်နေသည်။
သာယာဝတီထောင်က ငရဲခန်း
ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ ထောင်တွင်း ရပိုင်ခွင့်များ တောင်းဆိုသည့် နိုင်ကျဉ်းများကို ၎င်းတို့၏ မိသားစု အသိမပေးဘဲ အကျဉ်းထောင် ပြောင်းရွှေ့ခဲ့ရာ နိုင်ကျဉ်း ၅၀၀ ကျော် ထောင်ပြောင်းရွှေ့ခံထားရသည်။
ဇူလိုင်နှင့် ဩဂုတ်တို့တွင် မုံရွာအကျဉ်းထောင်မှ နိုင်ကျဉ်းများကို ၂ ကြိမ်တိုင်အောင် ထောင်ပြောင်းရွှေ့ခဲ့ပြီး အင်းစိန်ထောင်မှ နိုင်ကျဉ်း ၁၂၀၊ ဘားအံထောင်မှ နိုင်ကျဉ်း ၁၀၀ တို့ကိုလည်း မိသားစုနှင့် ဝေးလံသည့် အကျဉ်းထောင်များသို့ ရွှေ့ပြောင်းခဲ့သည်ဟု ဩဂုတ်လအတွင်း ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှာက်ရေးအဖွဲ့ (AAPP) ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ထိုသို့ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ကျဉ်းများကို မိလ္လာအိုးထမ်းခိုင်းခြင်း၊ ဆန်အိတ်ထမ်းခိုင်းခြင်း၊ အုပ်စုလိုက် ရိုက်နှက်ခြင်း၊ တိုက်ပိတ်ခြင်း၊ အနံ့အသက် ဆိုးဝါးသည့် မိလ္လာအိုးအနီး အိပ်စက်စေခြင်း တို့ကို ထောင်အာဏာပိုင်များက လုပ်ဆောင်လျက်ရှိသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ဇူလိုင်အတွင်း ဘားအံထောင်မှ အကျဉ်းသား ၁၀၀ ခန့်ကို သာယာဝတီနှင့် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ရာ ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၉ ဦး အပါအဝင် နိုင်ကျဉ်း ၃၀ ခန့် သာယာဝတီထောင်သို့ ရောက်ရှိသွားသည်။
၁၉၉၆၊ ၉၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအေးအောင်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုး၊ ရန်ကင်းပညာရေးကောလိပ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုသုတစိုး၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး ( Generation Wave) အဖွဲ့ဝင် ကိုငြိမ်းချမ်းတို့သည် အင်းစိန်မှ သာယာဝတီသို့ ရောက်သွားသူများ ဖြစ်သည်။
ရောက်လာသူများကို ခြေချင်းခတ်၊ တိုက်ပိတ်လေ့ရှိသည့် သာယာဝတီထောင်သည် အကျဉ်းထောင်အခွင့်အရေးတောင်းဆိုသည့် နိုင်ကျဉ်းများကို ဖိနှိပ်ရန် စစ်ကောင်စီ၏ ယန္တရားတစ်ခုဖြစ်ပြီး ထောင်တွင်း နှိပ်စက်၊ ညှဉ်းပန်းမှုများ၊ ထောင်ဝင်စာ ကန့်သတ်မှုများဖြင့် နာမည်ကျော်သည်။
ဘားအံထောင်မှ ရွှေ့လာသည့် ကျောင်းသား ၃ ဦး အပါအဝင် နိုင်ကျဉ်း ၁၂ ဦး တိုက်ပိတ်ခံထားရပြီး ပါလာသမျှပစ္စည်းအားလုံးကို ထောင်အာဏာပိုင်များက သိမ်းဆည်းထားပြီး ထောင်ဝတ်စုံ တစ်စုံသာ ထုတ်ပေးထားသည်ဟု သာယာဝတီထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အထဲကို စဝင်ကတည်းက ရိုက်တာ စုတ်ပြတ်သတ်နေရော။ ပြီးတော့ လူတွေအားလုံးကို ခွဲထားတယ်။ အမှုတွေတော့ မတူဘူး။ ၁၂ ယောက် တိုက်ထဲကို ရောက်သွားတယ်။ တိုက်ထဲမှာလည်း ခွဲထားတယ်။ ပုံစံထိုင်ခိုင်းတယ်။ ရိုက်တာမှ စုတ်ပြတ်သတ်နေတာပဲ” ဟု ၎င်းက ဆိုသည်။
“သာယာဝတီထောင်မှာ နိုင်ကျဉ်းတွေကို အရမ်းနှိပ်စက်နေတယ်။ နှိပ်ကွပ်နေတယ်။ ခြေကျင်းကို အနည်းဆုံး ရက်အကန့်အသတ်မရှိပေါ့။ မဖြုတ်ပေးဘူး။ အနည်းဆုံး တစ်လပဲ”
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ညက အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၀၀ ၊ အမျိုးသမီး ၅၀ ခန့်ကို သာယာဝတီထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ကြားရကြောင်း ၂၀၀၇ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးက ထောင်တွင်းရင်းမြစ်များကို ကိုးကား၍ ပြောသည်။
သတင်းနှင့်ဟင်းသည် အဓိက
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်ဒဏ်ကျခံနေရသူများမှာ အကျဉ်းထောင်က ကျွေးမွေးသည့် အလွန်ဆိုးရွားသည့် ထမင်းနှင့် ဟင်းများကိုသာ ရရှိသဖြင့် မိသားစုဝင်များ ပေးပို့သည့် အစားအစာမှာ လွန်စွာ အရေးပါလှသည်။
သို့သော်လည်း စစ်ကောင်စီက အာဏာသိမ်းထားစဉ်ကာလမှ စတင်ပြီး အကျဉ်းသားများကို မိသားစုနှင့် ထောင်ဝင် စာ တွေ့ဆုံခွင့် ပိတ်ပင်ထားပြီး ထောင်ဝင်စာ ပါဆယ်ဟု ခေါ်ဆိုသည့် ထောင်အာဏာပိုင်များမှတစ်ဆင့်သာ ပေးပို့ခွင့် ရရှိသည်။
၁၉၉၁ ဒီဇင်ဘာ ၁၀ ကျောင်းသားလှုပ်ရှားမှုတွင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးအောင်မျိုးကျော်သည် ဘဝတူ အကျဉ်းသားများကို အကူအညီပေးနေသည့် AAPP တွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။
အကျဉ်းသားများအတွက် အစားအသောက် ရရှိရန် သာမကဘဲ မိသားစုဝင်များနှင့် စကားပြောရာမှ ပြင်ပသတင်းအချက်အလက်သိခွင့်ရရှိသည့်အတွက် ထောင်ဝင်စာ လူတွေ့ခွင့် ရရှိရန်မှာ အရေးကြီးသည်ဟု ဦးအောင်မျိုးကျော်က သုံးသပ်သည်။
“ထောင်ဝင်စာက နိုင်ကျဉ်းတွေအတွက် အရေးပါတယ်။ အပြင်လူနဲ့ စကားပြောခွင့်ရတာကြောင့် သတင်းအချက်အလက်လေးတွေ သိခွင့်ရတာပေါ့။ နိုင်ငံရေးသမားတွေအတွက် သတင်းနဲ့ဟင်းက အရေးအကြီးဆုံးပါပဲ” ဟု ၎င်းက ပြောသည်။
တစ်နိုင်ငံလုံးတွင်ရှိသည့် အကျဉ်းထောင်များတွင် နိုင်ကျဉ်းများကို ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်စေရန် စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေကြောင်း၊ ထိုသို့ ကျူးလွန်သူများ နွေဦးတော်လှန်ရေးအလွန်ကာလတွင် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်တဲ့သူတွေရော ညှဉ်းပန်းနှိပ်စက်မှုကို အမိန့်ပေးစေခိုင်းသူတွေရော တစ်ချိန်မှာ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ အဲဒီအချိန်ရောက်မှ ကျွန်တော်တို့ကို ခိုင်းလို့ လုပ်ရပါတယ်ဆိုတာမျိုးတွေ လုံးဝ လက်ခံမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ကိုဗစ်ကူးစက်ဖြစ်ပွားမှု လျော့ပါးလာသော်လည်း စစ်ကောင်စီက ကပ်ဘေးအကြောင်းပြပြီး ထောင်ဝင်စာတွေ့ခွင့် ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်။
လူတွေ့ ထောင်ဝင်စာ
အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသူ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့မှ ကိုငြိမ်းချမ်း၊ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသုတစိုးတို့သည် ဧပြီ ၂၄ တွင် မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်သို့ ပို့ဆောင်ခံရသည်။
ဇူလိုင်လ ပထမပတ်တွင် ကျိုက်မရောထောင်မှတစ်ဆင့် သာယာဝတီအကျဉ်းထောင်သို့ ထပ်မံပြောင်းရွှေ့ခဲ့ရာ ထောင်ဝင်စာပို့သူ မိသားစုဝင်များအတွက်များစွာ အခက်အခဲ ဖြစ်ရသည်ဟု ကိုငြိမ်းချမ်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“သာယာဝတီထောင် ရောက်ပြီးနောက်ပိုင်းမှာတော့ ဘာသတင်းမှ မရသေးဘူး။ ထောင်ဝင်စာ တစ်ခါပို့လိုက်တယ်။ ပိုက်ဆံသွင်းလို့ရတယ်။ အစားအသောက်တွေ သွင်းလို့ရတယ်ဆိုတာကိုတော့ သိရတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ရှိရဲ့လား၊ စိတ်ချရတဲ့ဆေးဝါးတွေ ရှိလား စိတ်ပူနေရတယ်” ဟု သူက ဆိုသည်။
ကျိုက်မရောအကျဉ်းထောင်တွင် ရှိစဉ်က စာဖြင့် ဆက်သွယ်ခွင့်ရသော်လည်း သာယာဝတီထောင်သို့ ထောင်ပြောင်းပါသွားပြီးနောက် အဆက်အသွယ်ပြတ်နေ၍ စိုးရိမ်နေရကြောင်း ပြောသည်။
“အဓိကကတော့ သူတို့ကို လူချင်းပေးမတွေ့ရင်တောင်မှ စာနဲ့ အဆက်အသွယ်ပေးလုပ်တာမျိုးရှိရင်တော့ ဘာဖြစ်ဖြစ် သတင်းက မပြတ်ဘူးလေ။ သူတို့အကြောင်းသိရတော့။ ခုကတော့ သူတို့အကြောင်း ဘာမှ မသိရတော့ စိတ်ပူရတယ်” ဟု ၎င်းက ဆိုသည်။
သာယာဝတီရောက် ကိုလေပြေစိုးမိုးကို သူ့မိခင်က တွေ့ခွင့်မရသည်မှာ ၁ နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်သည်။
သားဖြစ်သူ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေပြီး ရန်ကုန်နှင့် မိုင် ၇၀ ကျော် ကွာဝေးသည့် သာယာဝတီအကျဉ်းထောင်သို့ ထောင်ဝင်စာ တွေ့ခွင့်ရရှိရေးအတွက် ၁ လ ၂ ကြိမ် သွားရောက်နေပြီး သားဖြစ်သူနှင့် တွေ့ခွင့်ရရန် မျှော်လင့်နေဆဲဖြစ်သည်ဟု ပြောသည်။
“ကျွန်မတို့က တစ်နှစ်ကျော်နေပြီ၊ ထောင်ဝင်စာဆိုတဲ့ဟာကို အပြည့်အဝ မခံစားရသေးဘူး။ သူနဲ့ ကိုယ်နဲ့က မျက်မြင်တွေ့ရတဲ့ကာလက တစ်ခါမှမရှိသေးဘူး။ ခေတ်အဆက်ဆက်က ထောင်ဝင်စာဆိုတာ လူပါတွေ့ရတာလေ။ သူ့ကို ကြည့်ပြီးတော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာများ ထိခိုက်သွားပြီလား၊ ဘယ်လိုအခြေအနေရှိပြီလဲဆိုတာ တပ်အပ်မပြောနိုင်ဘူး” ကိုလေပြေစိုးမိုး၏ မိခင်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)