သတင်း

အာဆီယံထိပ်သီး အစည်းအဝေးက စစ်ခေါင်းဆောင်ကို ဒုအကြိမ် ဖယ်ကြဉ်

လာမည့်လတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမည် မဟုတ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်သည်။ 

စစ်အာဏာသိမ်းထားသည့် မြန်မာမှ နိုင်ငံရေးကိုယ်စားပြုခွင့်မရှိသူကိုသာ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယာအစိုးရကို ကိုးကား၍ The Phenom Penh Post သတင်းဌာန၏ ယနေ့ (အောက်တိုဘာ ၄) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၈ မှ ၁၃ အထိ ကျင်းပမည်ဖြစ်သည်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတို့ကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခြင်း၊ အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုမရှိခြင်း စသည့် မြန်မာ့အရေးအကဲဖြတ်မှုများ ထွက်ပေါ်ပြီးနောက်တွင် အာဆီယံက ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိပ်သီးအစည်းအဝေးသို့ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံ၏ ဆွေးနွေးဖက်မိတ်ဆွေများ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အဖွဲ့ဝင်နိုင်ငံများကို ဖိတ်ကြားထားပြီဖြစ်သော်လည်း မြန်မာအစိုးရပိုင်း ကိုယ်စားပြုမှုကို ချန်လှပ်မည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြောခွင့်ရ Chum Sunry က ဆိုသည်။

ယင်းမှာ အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်အတွင်း အာဆီယံနိုင်ငံခေါင်းဆောင်များ တက်ရောက်သည့် ထိပ်သီးအစည်းအဝေးနှစ်ကြိမ်စလုံးတွင် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီတို့ တက်ရောက်ခွင့် မရခြင်းဖြစ်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီယားသည် စစ်ကောင်စီကိုသာမက အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကိုပါ ထောက်ခံမှုမပြလိုသည့် သဘောလုပ်ဆောင်မှုများကို တွေ့ရကြောင်း မဲခေါင်မဟာဗျူဟာလေ့လာရေးစင်တာ၏ သုတေသီတစ်ဦးဖြစ်သူ Thong Mengdavid ကThe Phenom Penh Post သတင်းဌာနကို ပြောသည်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရန် နှေးကွေးသော်လည်း ကမ္ဘောဒီးယားနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများက ၎င်းတို့ အဓိကထားအားထုတ်နေသည့် လူသားချင်းစာနာမှုအကူအညီ၊ ကိုဗစ်ကာကွယ်ဆေး၊ အစားအသောက်နှင့် ဆေးဝါးကူညီထောက်ပံ့ကူညီမှုအပေါ် ပိုမိုအာရုံစိုက်ပြီး မြန်မာပြည်သူများလုံခြုံမှုနှင့် အကာကွယ်ရရှိနိုင်ရန် နည်းလမ်းများကို ရှာဖွေနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီက ကာကွယ်ရေးဝန်ကြီးအစည်းအဝေးတွင်လည်း မြန်မာမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားရန် ကမ္ဘောဒီးယားက အကြံပြုဖူးသည်။

မြန်မာ့အရေးဖြေရှင်းရန် နေပြည်တော်သို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တစ်ကြိမ်၊ ၎င်းက အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသူက နှစ်ကြိမ် လာရောက်ခဲ့ဖူးသည်။ 

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ဆော့ခွန်က ဒုတိယအကြိမ် ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်တွင် မြန်မာ့အရေးကို ဖြေရှင်းရန် မှော်အစွမ်းမရှိဟု ညည်းတွားဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button