သတင်း

၈၈ မျိုးဆက်ပွင့်လင်းမှ အမျိုးသမီး ၂ ဦး အကြမ်းဖက် ပုဒ်မများဖြင့် တရားစွဲခံရ

ဘားအံမြို့သို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့စဉ် ဖမ်းဆီးခံခဲ့ရသည့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနုနုအောင်နှင့် မခက်ခက်အောင်တို့ကို စစ်ကောင်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်တွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

မနုနုအောင်၊ မခက်ခက်အောင်နှင့် သားဖြစ်သူ ကိုမြတ်သူတို့သည် ဘားအံမြို့သို့ သွားရောက်စဉ် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းတို့ ၃ ဦးလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်များဖြင့် တရားစွဲထားခြင်းဖြစ်သည်ဟု မိသားစုနှင့် ရင်းနှီးသူက ပြောသည်။

ယင်းတို့ကို မွန်ပြည်နယ် ကျိုက်မရောက်ထောင်တွင် ထိန်းသိမ်းထားပြီး ကျိုက်မရောတရားရုံးတွင် ရုံးထုတ်စစ်ဆေးကာ ၄ လအကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မများဖြစ်သော ၅၀(ည)၊ ၅၁(ဂ) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုဖြစ်ပြီး ၅၁(ဂ)သည် အကြမ်းဖက်မှု ကျူးလွန်ရန်ကူညီခြင်း၊ လက်နက်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှုတို့ ပြုလုပ်ခြင်းဖြစ်သည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားသည်။

ယခုတရားစွဲခံရသူများအနက် မခက်ခက်အောင်မှာ ကျန်းမာရေးမကောင်းဖြစ်နေပြီး ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုဇော်ဝမ်းမောင်၊ သားများဖြစ်သည့် ကိုသီဟ၊ စွမ်းပြည့်နှင့် ကိုမြတ်သူတို့လည်း အဖမ်းခံထားရခြင်းကြောင့် တစ်မိသားစုလုံး ထောင်ကျခံနေရသည်။

မခက်ခက်အောင်နှင့် သားဖြစ်သူ ကိုမြတ်သူမှာ ကျိုက်မရောထောင်၊ ကိုဇော်ဝမ်းမောင်မှာ အင်းစိန်ထောင်၊ ကိုသီဟနှင့် စွမ်းပြည့်တို့မှာ ဒိုက်ဦးထောင်တွင် အသီးအသီး ရှိနေကြသည်။

စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကိုထောက်ပံ့မှုနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိသည်။

PDF တို့ကို ထောက်ပံ့ခြင်း၊ အားပေးခြင်း၊ အနည်းငယ်သော ငွေကြေးလှူရုံနှင့် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်တာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ခြိမ်းခြောက်ထားသည်။

“တစ်ကျပ် တစ်ပြားလေး လှူတာတောင်မှ ထောင် ၁၀ နှစ်ကျတယ်တို့ တစ်ကျပ်တစ်ပြားလေး လှူတာတောင်မှ သေဒဏ်အထိ ဖြစ်လာတယ်ဆိုတာ ပုဒ်မ ၅၄ နဲ့ငြိလို့ ဖြစ်လာတာဖြစ်ကြောင်း သဘောပေါက်ဖို့လိုပါတယ် ဥပဒေကို မသိနားမလည်ဘူးဆိုကာမျှဖြင့် ခွင့်လွှတ်မှာမဟုတ်ပါဘူး ဒီအတိုင်းပဲ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ပြောသည်။

အကြမ်းဖက်မှုကို အားပေးပါက ရာဇသတ်ကြီးပုဒ်မ ၁၂၄(ခ)၊ ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၂ နှင့် ၅၄ တို့အပြင် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ ဖြင့်လည်း တရားစွဲဆိုနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button