
အောက်တိုဘာ ၄ ရက်၊ မနက်ဖြန်တွင် စတင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အထွေထွညီလာခံအပြီးတွင် စစ်တပ်အရာရှိအများအပြားကို ၎င်းတို့၏ ရာထူးများမှ အနားပေးကာ ပါတီတာဝန်များ ခွဲယူစေရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စီမံနေကြောင်း သိရှိရသည်။
နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် နှစ်ရက်ကြာ ကျင်းပမည့် USDP ညီလာခံတွင် မင်းအောင်လှိုင်နှင့် သဟဇာတဖြစ်သည့် စစ်ဗိုလ်ချုပ်ဟောင်းများ ပါတီထိပ်တန်းနေရာများ ရရန်ရှိသလို ညီလာခံပြီးချိန်တွင် စစ်တပ်အရာရှိ ၃၀၀ ကျော်ကို အနားပေးပြီး ကြံ့ခိုင်ရေးပါတီသို့ သွတ်သွင်းရန်ရှိသည်ဟု ပါတီနှင့် နီးစပ်သူက Myanmar Now ကို ပြောသည်။
“အဓိက ဗိုလ်မှူးကြီးတွေ များတယ်။ တပ်မှာ ရာထူးမတိုးတော့တဲ့သူ အများစုပါဝင်တယ်။ ဦးခင်ရီကို ဥက္ကဋ္ဌရာထူးခန့်အပ်မှာ အဲဒီရည်ရွယ်ချက်လည်း ပါတယ်။ (ပါတီဥက္ကဋ္ဌရာထူးက ဖယ်ရှားခံထားရတဲ့) ဦးသန်းဌေးတို့က အရပ်ဘက်တစ်ဝက်၊ တပ်ဘက်တစ်ဝက်နဲ့ သွားချင်တယ်။ ခုကတော့ မိုးကျရွှေကိုယ် တပ်ဘက်ကလူတွေ ပါတီကို ရောက်လာတော့မယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
USDP ညီလာခံပြီးချိန်နှင့် အချိန်ကိုက်ကာ အရပ်ဘက်သို့ ပြောင်းရမည့် စစ်တပ်အရာရှိ ၆၀၀ကျော် ရှိပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများသို့ ထက်ဝက်ခန့်၊ ကျန်တစ်ဝက်မှာမူ ကြံ့ခိုင်ရေးပါတီသို့ ရောက်မည်ဟု ၎င်းက ဆိုသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီသို့ ယနေ့ (အောက်တိုဘာ ၃) ပြောင်းရွှေ့သွားကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တွင် ကျင်းပမည့် ညီလာခံမှတစ်ဆင့် ပါတီဥက္ကဋ္ဌ အပါအဝင် USDP ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်ရန် ရှိနေသည်။
ညီလာခံမတိုင်မီ မင်းအောင်လှိုင်က သူနှင့် သဟဇာတဖြစ်သော ရဲချုပ်ဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ၏ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးခင်ရီကို စစ်ကောင်စီ၏ ဝန်ကြီးအဖွဲ့မှ အနားယူစေကာ ပါတီ၏ ယာယီဥက္ကဋ္ဌအဖြစ် သွားရောက် တာဝန်ထမ်းစေခဲ့သည်။
ယင်းမှာ မင်းအောင်လှိုင်သည် ပါတီထိပ်ပိုင်းနှင့် အလယ်ပိုင်းအဆင့် ခေါင်းဆောင်များကို ၎င်း၏ စိတ်ကြိုက်လူများနှင့် အစားထိုးပြီး ပါတီတစ်ခုလုံးကို ထိန်းချုပ်ရန် ခြေလှမ်းပြင်နေခြင်းဖြစ်သည်။
ယခုကဲ့သို့ ၎င်း၏ ဆောင်ရွက်မှုများသည် အမည်ခံရွေးကောက်ပွဲတစ်ခုကျင်းပကာ ၎င်းကို ထောက်ခံသည့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များနှင့် အမတ်များက မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်နိုင်သည်ဆိုသည့် ခန့်မှန်းချက်များနှင့် သွားရောက်ကိုက်ညီနေသည်။
ပါတီတွင်း မကျေနပ်မှုများနှင့် ရင်ဆိုင်နေရသူ အသက် ၆၈ နှစ်အရွယ် လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးမှာ ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံထားရပြီး ဦးခင်ရီက ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ယခုကဲ့သို့ နေရာအပြောင်းအလဲကို မနက်ဖြန်ညီလာခံတွင် တရားဝင်ဖြစ်စေရန် ပြုလုပ်မည်ဟု သိရှိရသည်။
“မင်းအောင်လှိုင်ရဲ့ ချွေးမ မျိုးရတနာထိုက်က ဦးခင်ရီရဲ့ မွေးစားသမီးလို ဖြစ်နေတာဆိုတော့ ခမည်းခမက်ဆန်ဆန်ပဲ။ ဦးခင်ရီက ဒုဥက္ကဋ္ဌက လာတာဆိုတော့ သူ့ကို ဥက္ကဋ္ဌပေးရင် အမည်ခံပဲ လုပ်မယ်။ ပါတီကို မင်းအောင်လှိုင်ရဲ့ လမ်းညွှန်မှုအတိုင်း သွားပါမယ်လို့ သဘောတူညီမှုရတယ်။ ဒါကြောင့် အခုညီလာခံမှာ ဥက္ကဋ္ဌအပါအဝင် CEC ဖွဲ့တာ စိတ်ကြိုက်လုပ်ပါလိမ့်မယ်” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူ ဗိုလ်ချုပ်ဟောင်းတစ်ဦးက ပြောသည်။
ညီလာခံသို့ တက်ရောက်ရန် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အဆင့် ဥက္ကဋ္ဌများအပါအဝင် ပါတီတာဝန်ရှိသူ ၅၀၀ ကျော်ခန့် နေပြည်တော်သို့ ရောက်ရှိနေသည်။
“အခြေအနေကို ကြိုသိနေသူ၊ နေရာပြန်မရတော့မဲ့ သူတွေက အသက်အရွယ်နဲ့ ကျန်းမာရေးအကြောင်းပြ နားသွားကြပါလိမ့်မယ်။ ဒုဥက္ကဋ္ဌ (၁) က ဦးမြတ်ဟိန်းဖြစ်လို့ ဦးသန်းဌေး ကျန်းမာရေးအရဆိုလည်း ဦးမြတ်ဟိန်းကသာ ခေတ္တဥက္ကဋ္ဌ လုပ်ရမှာ။ ဦးခင်ရီ ခေတ္တဥက္ကဋ္ဌဖြစ်ကတည်းက ရှင်းပြီ။ USDP ညီလာခံဆိုတာ ချပေးထားတဲ့သူကို အတည်ဖြစ်အောင် လုပ်ပေးရတဲ့အဆင့်ပါ” ဟု အထက်ပါ ဗိုလ်ချုပ်ဟောင်းက ပြောသည်။
USDP ဗဟိုအလုပ်အမှုဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး(ငြိမ်း) လှဌေးဝင်းတို့ နုတ်ထွက်ပြီးဖြစ်ကြောင်း၊ USDP အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းလည်း နုတ်ထွက်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ သီးခြားအတည်မပြုနိုင်သေးပေ။
လက်ရှိ နေပြည်တော်တွင်း လုံခြုံရေးလည်း တင်းကျပ်ထားပြီး ကြံ့ခိုင်ရေးပါတီရုံးချုပ်အနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီဝင်းအတွင်း လွန်ခဲ့သည့် ၁၀ ရက်ခန့်ကတည်းက ရဲလုံခြုံရေးများ နေရာယူထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အမြဲပိတ်ထားသည့် ပါတီရုံးချုပ် ခြံတံခါးကို ဖွင့်၍ သံဆူးကြိုးနှင့် ကာရံကာ ယူနီဖောင်းဝတ် ပါတီလုံခြုံရေးများက နေရာယူထားသည်ကိုလည်း ညီလာခံမကျင်းပမီ တစ်ရက်အလို အောက်တိုဘာ ၃ နံနက်ပိုင်းက မြင်တွေ့ရသည်။
အာဏာသိမ်းစစ်ကောင်စီက ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များ အလွန်အမင်း တက်ကြွနေပြီး သမ္မတရူးရူးနေသော မင်းအောင်လှိုင်က ကြံ့ခိုင်ရေးခေါင်းဆောင်တစ်ဦးဦးကို သမ္မတတာဝန် လုံးဝပေးလိမ့်မည်မဟုတ်ကြောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။
“မင်းအောင်လှိုင်က တဖြည်းဖြည်း စိတ်ပူလာပုံရတယ်။ ငါသမ္မတဖြစ်ဖို့ အကျပ်များပြန်ကိုင်မလားဆိုပြီးတော့ လက်ရှိပါတီကလူတွေကို သူစိတ်မချဘူးပေါ့။ ဒါကြောင့် ပိုင်ပိုင်နိုင်နိုင် ပိုဖြစ်ချင်တော့ သူ့ကို အကျပ်မကိုင်မဲ့ သူမျိုးတွေကို ထိုးထည့်တာပေါ့။ ပြောမယ်ဆို စစ်တပ်ရဲ့ အသုံးချခံ ပါတီပါပဲ” ဟု အသက် ၇၇ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေလည်းဖြစ်သူ ဦးကြီးမြင့်က ပြောသည်။
သို့သော် ၂၀၂၃ ဩဂုတ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကနဦးက လေသံပစ်ခဲ့သော်လည်း ထိုရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာ၊ မရေရာသေးကြောင်း ပြီးခဲ့သည့်လ ရုရှားခရီးစဉ်အတွင်း မင်းအောင်လှိုင်က ပြောဆိုထားသည်။
ကြံ့ခိုင်ရေးပါတီသည် NLD ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်သာ အနိုင်ရဖူးသည့် ပါတီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)