သတင်း

အိုးဘိုထောင်ရောက် နိုင်ကျဉ်းများ ဖိနှိပ်ခံရ၊ ဆေးကုခွင့် ဆုံးရှုံး၍ တစ်ဦးသေဟုဆို

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင် စစ်ကောင်စီ၏ ဖိနှိပ်မှုများ ဆိုးရွားနေပြီး အချိန်မီ ဆေးကုခွင့်မရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများထံမှ သိရသည်။

အကျဉ်းထောင်အတွင်းမှနေ၍ လျှို့ဝှက်ပေးပို့သော စာတစ်စောင် စက်တင်ဘာ ၃၀ တွင် လက်ခံရရှိခဲ့ကြောင်း၊ ပေးပို့သူနှင့် သေဆုံးသူတို့၏ အချက်အလက်အသေးစိတ်ကို လုံခြုံရေးအရ မပြောနိုင်ကြောင်း မန္တလေးမြို့ခံ ဆန္ဒပြလူငယ်တစ်ဦးက ပြောသည်။

စာရွက်ဖြတ်ပိုင်းတစ်ခုတွင် မင်နီဖြင့် ရေးသားထားပြီး အကျဉ်းထောင်အတွင်းမှ ပို့သည်ဆိုသော ထိုစာကို Myanmar Nowက ဖတ်ရှုခွင့်ရခဲ့သည်။ ယင်းတွင် နိုင်ကျဉ်းများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည်၊ အပြစ်ရှာ၍ တိုက်ပိတ်ပြစ်ဒဏ်ချနေသည်၊ အကျဉ်းသားတို့၏ နိုင်ငံရေးယုံကြည်ချက်များကို ထောင်ပိုင်ကြီးက လှောင်ပြောင်နေသည် စသဖြင့် ဖော်ပြထားသည်။

ထို့အပြင် အိုးဘိုထောင်၏ ကျန်းမာရေးစောင့်ရှောက်မှုမှာ လွန်စွာ ညံ့ဖျင်းနေကြောင်း၊ ထောင်အာဏာပိုင် တို့၏ လျစ်လျူရှုမှုကြောင့် စက်တင်ဘာ ၁၇ တွင် နိုင်ကျဉ်းတစ်ဦး သေဆုံးခဲ့ရကြောင်း ပါဝင်သည်။

ထိုနေ့ည ၇ နာရီခန့်တွင် မန္တလေး အိုးဘိုထောင် အိပ်ဆောင် ၃၊ အခန်း ၆ ရှိ နိုင်ကျဉ်းတစ်ဦး ဆေးကုသမှု လိုအပ်သဖြင့် ထောင်ဝန်ထမ်းများကို အသိပေးသော်လည်း မရခဲ့ဘဲ ည ၁၀း၄၅ တွင် အနိစ္စရောက်ခဲ့ရသည်ဟု ထိုစာတွင် ရေးထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံနေရသူတို့ကို ကူညီနေသည့် မန္တလေးမြို့ခံ ရှေ့နေတစ်ဦးကလည်း အိုးဘိုထောင်အတွင်း နိုင်ကျဉ်းတို့ ကြုံနေရသည့် အခြေအနေမှာ လွန်စွာဆိုးရွားနေသည်မှာ မှန်သည်ဟု ဆိုသည်။

“ကျွန်တော့်ရဲ့အမှုသည်ဆိုရင် တလောက အစာဖြတ်ပြီး တိုက်ပိတ်ခံရတယ်။ (အချိန်) တော်တော်ကြာ အမှုလာရင်မဆိုင်နိုင်ဘူး။ နောက်မှ တိုက်ပိတ်တာရပ်ပြီး အမှုလာရင်ဆိုင်မှ လူက တော်တော်ကြီးကို ပိန်ကျသွားတယ်။ ကျန်းမာရေးလည်း မကောင်းရှာဘူး” ဟု ထိုရှေ့နေက ပြောသည်။

အထက်တွင် ဖော်ပြထားသည့် စာပါဖြစ်စဉ်များ၊ ထောင်အတွင်း နှိပ်စက်ခံရဖူးသည့် ၎င်း၏ အမှုသည်နှင့် ပတ်သက်သည့် အချက်အလက်များကိုမူ အထက်ပါရှေ့နေက သီးခြားအတည်ပြုပေးခြင်း မရှိပေ။

“ထောင်အတွင်း ခုလိုအခြေအနေတွေကတော့ အများကြီးပေါ့နော်။ ဆေးကုသခွင့်မရလို့ အသက်ဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။ မိသားစုကိုတောင် အကြောင်းမကြားဘဲ သင်္ဂြိုဟ်လိုက်တာတွေလည်း ရှိတယ်။ အကျဉ်းသားအခွင့်အရေးကတော့စစ်ကောင်စီလက်ထက် ဆုံးရှုံးနေတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။

အာဏာသိမ်းပြီးနောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံအနှံ့ အကျဉ်းထောင်များအနက် မန္တလေး အိုးဘိုထောင်သည်လည်း အပါအဝင်ဖြစ်သည်။ အငြင်းပွားမှုဖြစ်လျှင် ထောင်အာဏာပိုင်တို့က နိုင်ကျဉ်းများကို ရိုက်နှက်ခြင်း၊ တိုက်ပိတ်၊ အစာဖြတ် ပြစ်ဒဏ်ပေးခြင်း၊ သေနတ်ဖောက် ခြိမ်းခြောက်ခြင်းတို့ မကြာခဏပြုမူနေသည်ဆိုသော သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်နေသည်။

စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါ အကြောင်းပြကာ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထား၍ သတင်းများကို အတည်ပြုရန် ခက်နေသည်။ သို့သော် ဩဂုတ်လတွင် အိုးဘိုထောင်အာဏာပိုင်များ၏ ရိုက်နှက်မှု၊ လျှပ်စစ်ရှော့တိုက်စက်များဖြင့် နှိပ်စက်မှု၊ အစာဖြတ်၊ တိုက်ပိတ်မှုကို့ကို နိုင်ကျဉ်း ၁၆ ဦး ကြုံခဲ့ရဖူးကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) က ထိုစဉ်က ထုတ်ပြန်ဖူးသည်။

ပြီးခဲ့သည့် ဇွန် ၅ ကလည်း နိုင်ငံရေးအကျဉ်းသားများထားရှိသည့် အမျိုးသားဆောင်တွင် ထောင်ဝန်ထမ်းများက သံတုတ်ကိုင်ပြီး ရိုက်နှက်ခဲ့ကြရာ ၂ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ပြောထားသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လူ ၂၃၀၀ ကျော် သတ်ဖြတ်ခဲ့ ပြီး ၁၅၀၀၀ ထက်မနည်းကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ၂၀၂၂ စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထိုအရေအတွက်များကို အတည်မပြုသလို အကျဉ်းထောင်တွင်း အသက်သေဆုံးသည်အထိ ဖိနှိပ်ခံရသည်ဆိုသော ဖြစ်စဉ်များအပေါ် နှုတ်ဆိတ်နေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button