သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်ကို လျှို့ဝှက်အက်ဖြင့် ထောင် ၃ နှစ်စီချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် အာဏာသိမ်း စစ်ကောင်စီက ထောင် ၃ နှစ်ချလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်တို့ကို စစ်တပ်က ဖမ်းဆီးပြီး တစ်နှစ်ခွဲကျော် အကြာတွင် နေပြည်တော်အချုပ်ထောင်အတွင်း ပျဉ်းမနားခရိုင်(ယခင် ဒက္ခိဏခရိုင်) တရားသူကြီး ဦးဝင်းတင် စစ်ဆေးသည့် သီးသန့်တရားခွင်က ယနေ့ (စက်တင်ဘာ ၂၉) တွင် ထိုသို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁၊ အာဏာသိမ်းပြီး တစ်ပတ်အတွင်း စစ်တပ်က ရှောင်တာနယ်ကို ဖမ်းကာ ကွန်ပြူတာအတွင်း တွေ့ရသည့် အချက်အလက်များကြောင့်ဟုဆိုကာ ထောင် ၁၄ နှစ်အထိ ချနိုင်သော အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် အဓိကတရားခံအဖြစ် စွပ်စွဲ၍ တရားစွဲဆိုသည်။

ထိုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ယူခဲ့ကြသည့် ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ကိုပါ စစ်ကောင်စီက တစ်ပေါင်းတည်း စွပ်စွဲထားသည်။

ယနေ့တရားခွင်တွင် တရားသူကြီး ဦးဝင်းတင်က  ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ကိုပါ ၃ နှစ် အမိန့်ချသည်။

နေပြည်တော်အချုပ်ထောင်အတွင်း ရာသီဥတုနှင့် ပိုးမွှားဒဏ်ကို အကြီးအကျယ်ရင်ဆိုင်နေရသည့် အသက် ၇၇ အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်တို့၏ ကျန်းမာရေးကောင်းမွန်နေသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

ရှောင်တာနယ်ကို မွန်းလွဲပိုင်းတွင် ဗီဇာစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ထောင် ၃နှစ် ထပ်ချသည်။ သို့သော် နံနက်ပိုင်းက လျှို့ဝှက်အက်ဖြင့် ချမှတ်သည့် ပြစ်ဒဏ်နှင့် တစ်ပေါင်းတည်း ကျခံစေရန် တရားသူကြီး ဦးဝင်းတင်က ဆုံးဖြတ်၍ ရှောင်တာနယ်၏ ထောင်ဒဏ် စုစုပေါင်းမှာ ၃နှစ်သာဖြစ်သည်။  ရှောင်တာနယ်က ဗီဇာ စည်းကမ်း မည်သို့ချိုးဖောက်ခဲ့သည်ကိုမူ ရှင်းလင်းစွာမသိရသေးပေ။

အလားတူပင် ရှောင်တာနယ်နှင့် အူမကြီးကင်ဆာဝေဒနာကြောင့် စစ်ကောင်စီက အာမခံပေးထားသည့် အသက် ၈၀ ကျော် ဦးစိုးဝင်း၊ ဦးဆက်အောင်၊ ဦးကျော်ဝင်းတို့ကို အမိန့်ချပြီးနောက် နေပြည်တော်မှ မိုင် ၅၀ ကျော် ဝေးသည့် မန္တလေးတိုင်း၊ ရမည်းသင်း အကျည်းထောင်သို့ ပို့မပို့ ယနေ့ မွန်းလွဲ ၁နာရီ ကျော်သည်အထိ ရှင်းလင်းစွာမသိရသေးပါ။

စစ်ကောင်စီက စွဲဆိုထားသည့် အမှု ၇မှု ကျန်နေသေးသည့် ဒေါ်အောင်ဆန်းစုကြည်မှာမူ နေပြည်တော် အချုပ်ထောင်၌ ဆက်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲသည့် အမှုနှင့် ထောင်ဒဏ်များ။

ဩဂုတ်လအတွင်း နေပြည်တော်သို့ ရောက်လာသည့် ကုလသမ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက Sean Turnell ကို ပြန်လွှတ်ပေးလျှင် မြန်မာနှင့် ဩစတြေးလျနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှ ဖော်ညွှန်းပြသနိုင်မည့် အခြေအနေ ဖြစ်မည်ဟု တိုက်တွန်းဖူးသည်။

ဩစတြေးလျဘက်က စစ်ကောင်စီကို အပြုသဘောဆောင်လျှင် ထိုကိစ္စကို တင်းမာစွာဆောင်ရွက်မည့် အခြေအနေ မရှိကြောင်း၊ Sean Turnell ကို ကြီးလေးသောပြစ်ဒဏ်ချမှတ်နိုင်သည့် သက်သေအထောက်အထားများရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က နိုလင်းဟေဇာကို တုံ့ပြန်ထားဖူးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၆ရက်တွင် စစ်ကောင်စီက လျှို့ဝှက်အက်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် စတင် စွဲဆိုခြင်းဖြစ်သည်။ ၂၀၂၁ စက်တင်ဘာလ၌ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည့် နေပြည်တော်သို့ စစ်ကောင်စီက ပြောင်းရွှေ့စစ်ဆေးသည်။ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ရှိနေသည့် ရှောင်တာနယ်နှင့် ဝန်ကြီးသုံးဦးကိုလည်း ထိုကာလအတွင်း နေပြည်တော်အချုပ်ထောင်သို့ ပို့ခဲ့သည်။

တရားခွင်၌ ရှောင်တာနယ်အတွက် ကိုယ်ပိုင်စကားပြန်ထားခွင့်မပြုဘဲ စစ်ကောင်စီက စီစဉ်ပေးသူကိုသာ အသုံးပြုခဲ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်း ၁၉ ခုဖြင့် အမှုဖွင့် စွဲဆိုထားပြီး ထိုအထဲမှ ၁၂ မှု ပြီးဆုံးသွားပြီဖြစ်ရာ တရားသူကြီးများက စုစုပေါင်း ထောင် ၂၃ နှစ် ချထားခြင်း ဖြစ်သည်။

(စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းအခြေအနေများကို ထပ်မံဖြည့်စွက်ထားပါသည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button