စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် ထွက်ပြေးသည့် အရပ်သား ၃ ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ရသလို ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ခြေတစ်ဖက် ပြတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၆ တွင် အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဇီးဖြူကုန်းရွာနှင့် ကပ်လျက် သဲတောကျေးရွာတို့ကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်းရာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
တိုက်ပွဲပြင်းထန်နေစဉ် ထွက်ပြေးသည့် ဒေသခံများအနက် ဇီးဖြူကုန်း၊ သဲတောကျေးရွာတို့မှ ဒေသခံ ၂ ဦးစီ မိုင်းနင်းမိကြသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များ ထောင်ထားသည့်မိုင်းများ ဖြစ်ကြောင်း၊ မိုင်းထိသူများထဲမှ ၃ ဦး သေဆုံးပြီး သဲတောကျေးရွာမှ တစ်ဦး ခြေထောက်တွင် ဒဏ်ရာရသွားသည်။
“တစ်ယောက်ကတော့ ခြေထောက်တွေ ပေါက်သွားတယ်။ တစ်ယောက်ကတော့ ဗိုက်ထိတယ်။ ဗိုက်ထိတဲ့တစ်ယောက်ကတော့ မန္တလေးဆေးရုံမှာ ဆုံးသွားတယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက သဲတောကျေးရွာမှ ဒေသခံနှစ်ဦး မိုင်းနင်းမိသည့်အခြေအနေကို ပြောသည်။
သဲကောကျေးရွာနှင့် တစ်မိုင်အကွာ ဇီးဖြူကုန်းကျေးရွာတွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ထိုရွာမြောက်ပိုင်းရှိ ကြက်ခြံတစ်ခြံနှင့် နေအိမ်တစ်လုံးကို မီးရှို့ကြကြောင်း၊ ကြက်ခြံအနီး နေထိုင်သည့် မိသားစုတစ်စုက ထွက်ပြေးစဉ် မိုင်းနင်းမိပြီး သားအဖနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
“၄ ယောက် ပြေးတာ။ မအေနဲ့ သားတစ်ယောက်က လွတ်သွားပြီး သားအဖနှစ်ယောက် ထိသွားတာ” ဟု အထက်ပါ ပကဖအဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက လက်လုပ်မိုင်းများ ထောင်ကာ တိုက်ခိုက်သလို စစ်တပ်ကလည်း ကျေးရွာများအတွင်း မိုင်းထောင်ထားခဲ့မှုများရှိ၍ ကာကွယ်ရေးအဖွဲ့များက ၎င်းတို့ပြန်ထွက်ခွာပါက နယ်မြေ ဝင်ရောက်ရှင်းလင်းရလေ့ရှိသည်။
ထိုစစ်ကြောင်း ယမန်နေ့ (စက်တင်ဘာ ၂၇) ညပိုင်းက မိုင်းထောင်ပြီး ပြန်ထွက်သွားကြောင်း၊ ယနေ့ နံနက်တွင် နင်းမိုင်းတစ်လုံးပေါက်ကွဲပြီး မိုင်းရှင်းသည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာ ရသွားကြောင်း ကောလင်းခရိုင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပြည်သူတွေဝင်လို့ရအောင် ကျွန်တော်တို့က နယ်မြေရှင်းလင်းရေးလုပ်တော့ ကျွန်တော်တို့ မိုင်းအဖွဲ့ထဲက တစ်ယောက်ထိသွားတာ။ ဘယ်ဘက်ခြေချင်းဝတ်ကနေ ပြတ်ထွက်သွားတာ” ဟု သူက ဆိုသည်။
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်သားများက နယ်မြေထိစပ်နေသည့် ကောလင်းမြို့နယ်တောင်ပိုင်းမှ ကျေးရွာများကို စက်တင်ဘာ ၂၃ ရက်မှစတင်၍ စစ်ကြောင်း နှစ်ကြောင်းဖြင့် စီးနင်းနေခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းများ ဝင်ရောက်စီးနင်းနေ၍ ကျေးရွာ ၁၇ ရွာမှ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အထက်ပါ ကောလင်းခရိုင် PDF တာဝန်ရှိသူက ပြောသည်။
“ကောလင်းအရှေ့ခြမ်းမှာက စစ်ကြောင်းတွေက ဘယ်တော့မှမပြတ်ဘူး။ ကိုးတောင်ဘို့နဲ့ မဝေးတော့ သူတို့ လှုပ်ရှားမှုက မပြတ်တမ်းဖြစ်နေတာ။ ထိတွေ့မှုကလည်း ကျွန်တော်တို့ဘက်မှာ မပြတ်တမ်းဖြစ်နေတာ။ စစ်အသုံးစရိတ်က ကုန်နေတော့ စစ်ရှောင်တွေ ကူညီဖို့တောင် ပြည်သူအချင်းချင်း ကူညီခိုင်းနေရတာ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ကလည်း ကိုးတောင်ဘို့မှ ထွက်ခွာလာသည့် စစ်သားများကို ကောလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့များက ပြန်ခုခံခဲ့ကြရာ တော်လှန်ရေးသမား ၈ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂ ဦး သတ်ဖြတ်ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



