
ယမန်နေ့ (စက်တင်ဘာ ၂၇ ) နံနက်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ကလေး ၁ ဦး အပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာ ရရှိသွားကာ နေအိမ်ချို့ ပျက်စီးဆုံးရှုံးကြောင်း ရွာသားများက ဆိုသည်။
နံနက် ၉ နာရီခန့်၌ မင်းပြားမြို့အခြေစိုက် အမှတ် ၃၇၉၊ ၃၈၀၊ ၅၄၁ ခြေမြန်တပ်ရင်းများ၊ မင်းဘာကြီးရပ်ကွက် မင်းဘာကြီးဖောင်တော်ဆိပ်ကမ်းစခန်း၊ ဝက်ကျိန်းတောင်ဘုရားရှိ စစ်ကောင်စီတပ်စခန်းများက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ခေါင်းလောင်းချောင်းရွာတွင် ၁ လုံး၊ ဖလောင်းပြင်ရွာတွင် ၄ လုံး၊ စက္ကရေရွာတွင် ၃ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ဒဏ်ရာရသူများမှာ ဖလောင်းပြင်ကျေးရွာမှ ညာလက်မောင်းထိသော ၄ နှစ်သမီး မခိုင်မျိုးဇံ၊ ကျောထိသော ၁၈ နှစ် အရွယ် မောင်ကျော်နိုင်ဦး၊ စက္ကရေကျေးရွာမှ ရင်ဘတ်ထိသော အသက် ၆၀ အရွယ် ဦးစံဂိုးအောင်၊ ညာလက်ထိသော အသက် ၆၀ အရွယ် ဦးကြွင်းကျန်အောင်၊ ဘယ်လက်ထိသော ၄၅ နှစ်အရွယ် ဒေါ်နှင်းချေနှင့် ညာခြေထိသွားသော သားဖြစ်သူ မောင်အောင်နိုင်လင်းတို့ ဖြစ်သည်ဟု သိရသည်။
“ဖလောင်းပြင်က လူတွေမှာကတော့ အစအန စိုက်ပြီး ထိသွားကြတာ။ ဒဏ်ရာက သိပ်မပြင်းဘူး။ စက္ကရေရွာက ဒဏ်ရာရလူတွေကိုတော့ မြောက်ဦး၊ ပုဏ္ဏားကျွန်းဘက်ကို ဆေးကုသဖို့ ယူသွားတယ်လို့ သိရတယ်။ အိမ်တွေကလည်း ပြိုသွားတဲ့အိမ်တွေ ပြိုသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်ရင်းနှင့် တပ်စခန်းများက ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖလောင်းပြင်ကျေးရွာသားတစ်ဦးက ဆိုသည်။

“အဲဒီမင်းဘာကြီးဖောင်တော်ဆိပ်မှာ လက်နက်ကြီးလေးလုံးချထားတယ်။ ဘာမှဖြစ်တာလည်းမရှိဘဲနဲ့ ရွာကို ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် ပစ်တာပါ။ အပေါ်က လေတပ်၊ အောက်က ရေတပ်ပါ၊ ကြည်းတပ်ပါ ပေါင်းပြီး ပစ်တာ။ လေယာဉ်ကတော့ တစ်စီးပါ” ဟု ၎င်းရွာသားက ပြောသည်။
“ကျွန်တော်တို့ ရွာထဲကို လက်နက်ကြီးကျတာက လေးလုံးကျတယ်။ ကလေးတစ်ယောက်နဲ့ လူငယ် တစ်ယောက်၊ နှစ်ယောက်တော့ ဒဏ်ရာရသွားတယ်။ သူတို့ အခု မင်းပြားဆေးရုံမှာ ဆေးကုသခံရကြရတယ်။ ဒဏ်ရာတော့ သိပ်မပြင်းပါဘူး”
ထိုပစ်ခတ်မှုအတွင်း ခေါင်းလောင်းချောင်းရွာမှ နေအိမ်တစ်လုံး၊ ဖလောင်းပြင်ကျေးရွာမှ နေအိမ် နှစ်လုံးနှင့် စက္ကရေကျေးရွာမှ နေအိမ် ၆ လုံး ပျက်စီးခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ နံနက်က မင်းပြားမြို့တောင်ဘက် ၅ မိုင်ကျော်အကွာရှိ ခေါင်းလောင်းချောင်းရွာနှင့် ချောင်းရှည်ရွာအကြား ကျွဲကူးမြစ်အတွင်း စစ်ရေယာဉ် နှစ်စီးကို AA က တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်သော လက်နက်ကျည် ခေါင်းလောင်းချောင်းကျေးရွာအတွင်း ပေါက်ကွဲပြီး အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် မဥမ္မာဆန်း၊ ၁၃ အရွယ် မောင်ဘုမောင်နှင့် ၃ နှစ်အရွယ် မခိုင်ဇံချေတို့ ၃ ဦး ဒဏ်ရာရရှိခဲ့ကြသည်။
စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ ဦးတည်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ထိုအနီးနားရှိ ချောင်းရှည်၊ ခေါင်းလောင်းချောင်း၊ ဖလောင်းပြင်၊ စက္ကရေ၊ ကျားရေပြင် စသည့် ကျေးရွာ ၅ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေကြရသည်။
မင်းပြားမြို့နယ်မှ လူမှုရေးလုပ်ငန်း ပရဟိတလုပ်ကိုင်နေသည့် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီး (ခေါ်) ကိုသန်းရွှေကိုလည်း စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက်တွင် ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားသည်ဟု သတင်းများထွက်ပေါ်နေသည်။
ရခိုင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်နေရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသလို နယ်မြေတစ်ဆက်တည်းဖြစ်သော ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ယမန်နေ့ကအထိ တိုက်ပွဲများ ပြင်းထန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)