သတင်း

မတူပီ-ဟားခါးလမ်းတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဖက် အကျအဆုံးရှိ

ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် နေ့စဉ် တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်အကျအဆုံးရှိကြောင်း ချင်းဒေသကာကွယ်ရေးတပ် (CDF) ထံမှ သိရသည်။ 

မြို့မှ ၆ မိုင်ခန့်အကွာ ငလိုင်ရွာအနီးဝန်းကျင်တွင် စက်တင်ဘာ ၂၄၊ ၂၅ နှင့် ၂၇ တို့၌ တိုက်ပွဲဖြစ်ပြီး CDF ရဲဘော် ၁ ဦး သေဆုံးသလို စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း CDF မတူပီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“၂၄ ရက်နေ့က စစ်ကောင်စီက လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်တာ။ ပထမတော့ အင်အား ၅၀ လောက်ပဲ ပါတယ်။ တိုက်ပွဲက နှစ်ကြိမ်ဖြစ်တော့ ၂၇ ရက်နေ့မှာ အင်အားက ထပ်တိုးလာတာ။ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပြီးတော့ သူတို့လည်း ဒီနားမှာပဲ နေရာယူနေတာ” ဟု သူက Myanmar Now ကို ပြောသည်။ 

စက်တင်ဘာ ၂၄ တွင် ခြေလျင်တပ်ရင်း (ခလရ) ၁၄၀ လက်အောက်ခံ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ငလိုင်ရွာအနီး ချုံခိုတိုက်စဉ် ၂ နာရီနီးပါး တိုက်ပွဲဖြစ်သည်၊ နောက်တစ်နေ့နံနက်တွင် တိုက်ပွဲထပ်ဖြစ်ကာ CDF (မတူပီ) မှ တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟု ဆိုသည်။ 

ထို့နောက် ငလိုင်ရွာအနီး စစ်တပ်က တပ်စွဲလိုက်ပြီး စစ်ကူအင်အား ထပ်ဖြည့်ခဲ့ကြောင်း၊ ယမန်နေ့ (စက်တင်ဘာ ၂၇) နံနက်တွင် ၃ နာရီနီးပါး တိုက်ပွဲဖြစ်၍ CDF မတူပီမှ ရဲဘော် Ceu Thang ဆိုသူ သေဆုံးကြောင်း သိရသည်။

အဆိုပါသုံးရက်တာတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ယနေ့ (စက်တင်ဘာ ၂၈) တွင်လည်း ငလိုင်ရွာအနီး ရှိနေသေးသော စစ်ကြောင်းကို စောင့်ကြည့်နေသည်ဟု CDF မတူပီက ဆိုသည်။ 

မိုးရာသီအကုန် ပွင့်လင်းရာသီ နီးကပ်လာပြီဖြစ်သည့်အတွက် မတူပီမြို့နယ်အတွင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများဖြစ်သော ရေဇွာစခန်းနှင့် လိုင်လင်းပီစခန်းဘက်သို့ ရိက္ခာပို့နိုင်ရေးအတွက် နယ်မြေရှင်းလင်းသည့်အနေဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ကောင်းသူဝင်းက သုံးသပ်သည်။

၎င်းသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မတူပီမြို့ စစ်ဗျူဟာအခြေချအဖွဲ့မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် ဗိုလ်ကြီးတစ်ဦး ဖြစ်သည်။

ထိုစစ်ကြောင်း စတင်လှုပ်ရှားချိန်ကတည်းက ဟားခါး – မတူပီလမ်းပေါ် စစ်ကောင်စီ ရှေ့ပြေးစခန်းချထားသည့်နေရာများအနီး အလံနီများ ထောင်ထားသည့်အတွက် ပြည်သူများအနေဖြင့် သွားလာရေး ဂရုပြုရန် CDF ဘက်က သတိပေးထားသည်။ 

တိုက်ပွဲများကြောင့် သွားလာရေးခက်ခဲနေသည်ဟု မတူပီမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ 

“လမ်းတွေကတော့ သွားရ လာရတာတော့ မကောင်းဘူး။ မင်းတပ်နဲ့ သွားလို့ရတဲ့လမ်းရယ်၊ ဂန့်ဂေါသွားတဲ့ လမ်းတွေ လမ်းပိတ်တယ်။ မတူပီ-ဟားခါးလမ်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်နေတော့ သွားလို့တော့မရဘူး။ အကုန်ပိတ်နေတာပေါ့” ဟု ဆိုသည်။

စစ်ဗျူဟာတစ်ခုအပါအဝင် ခြေလျင်တပ်ရင်း အမှတ် ၁၄၀၊ ခြေမြန်တပ်ရင်း အမှတ် ၃၀၄ တို့ အခြေစိုက်ထားသည့် မတူပီတွင် မြို့ပေါ်ရပ်ကွက်များမှအပ ကျေးရွာအများစုကို CDF က နယ်မြေစိုးမိုးထားကြောင်း CDF မတူပီက ပြောထားသည်။

အာဏာသိမ်းပြီးချိန်မှ စတင်၍ မတူပီမြို့နယ်တွင် တိုက်ပွဲပေါင်း ၆၀ နီးပါးဖြစ်ပွားကြောင်း၊ တပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF မတူပီက ဧပြီလအတွင်း ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံခဲ့သော ချင်းပြည်နယ်တွင် မြို့နယ်အလိုက် ချင်းဒေသကာကွယ်ရေးတပ် (Chinland Defense Force- CDF)  ဖွဲ့စည်းခဲ့ရာ ထိုအထဲတွင် မတူပီမြို့နယ်သည်လည်း အပါအဝင် ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button