အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့တွင် မိုင်းရှင်းသည့် စစ်တပ်က တောင်သူများကို ပစ်၊ တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၂၅) နံနက်က ရွှေဘို-မြစ်ကြီးနားကားလမ်းအနီး မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ တောင်သူတစ်ဦး ပွဲချင်းသေဆုံးပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရှိသွားကြောင်း သိရသည်။

ခင်ဦးမြို့မှ ရွှေဘိုမြို့ဘက်သို့ ဦးတည်လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းက ခင်ဦးမြို့ အရှေ့ဘက် ၆ မိုင်ခန့်အကွာ မြေနီလျှိုရွာအနီး ကားလမ်းဘေး တောင်ယာခင်းထဲမှ ဒေသခံ တောင်သူများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ယာခင်းတွင် မြေပဲစိုက်နေသည့် အသက် ၅၀ အရွယ် ဦးကျော်ဆန်းမြင့် ဖြစ်ပြီး ပေါင်တွင် ကျည်ထိမှန်ကာ အပြင်းအထန်ဒဏ်ရာရသွားသူမှာ အသက် ၆၀ အရွယ် ဦးအုန်းရွှေ ဖြစ်ကြောင်း ခင်ဦးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ယာတောထဲမှာ ပဲချဖို့ ထွန်တာတို့၊ မြေပဲချလုပ်နေတာ။ …တွေနဲ့ တွေ့ပြီးတော့ လမ်းဆုံနားမှာ ပစ်သတ်ထားခဲ့တာ။ မြေပဲချနေတဲ့တစ်ယောက်ကတော့ ဒဏ်ရာရသွားတာ” ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးကျော်ဆန်းမြင့်၏ရုပ်အလောင်းကို ယမန်နေ့က နေချင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

ထိုစစ်ကြောင်းသည် ရွှေဘို- မြစ်ကြီးနားလမ်းရှိ ရွှေဘိုနှင့် ခင်ဦးလမ်းပိုင်းအကြား ဒေသခံကာကွယ်ရေးအဖွဲ့များ ဆင်ထားသည့် မိုင်းများကို လာရောက်ဖြုတ်သိမ်းခြင်း ဖြစ်ကြောင်း၊ ကားလမ်း ဘေးတစ်ဖက်တစ်ချက်တွင် နေရာယူပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ PDF တာဝန်ရှိသူက ပြောသည်။

“ရွေဘို-ခင်ဦး လမ်းပိုင်းတစ်လျှေက်လုံး မိုင်းအပြည့်ထောင်ထားတာ။ ကျွန်တော်တို့ဘက်က မိုင်းအလုံး ၁၀၀ လောက် ဆုံးရှုံးလိုက်ရတယ်။ လက်နက်ကြီးတွေ သေနတ်တွေနဲ့ ပစ်ခတ်ပြီး လမ်းရှင်း၊ လူရှင်းတာပေါ့၊ ကားနှစ်စီး နောက်က လိုက်ပြီးတော့ တွေ့တဲ့မိုင်း အကုန်ဖြုတ်တင်တာပေါ့” ဟု အထက်ပါ PDF တာဝန်ရှိသူက ဆက်ပြောသည်။

စစ်သားများ မိုင်းရှင်းလင်းရေးပြုလုပ်နေစဉ် မိုင်းအချို့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်တပ်ဘက်တွင် jammer ဟု ခေါ်သည့် ဆက်သွယ်ရေးလှိုင်းဖြတ်တောက်ပစ္စည်း ပါရှိသဖြင့် မိုင်းများအပြင် ဗုံးသီးချ ဒရုန်း ၄ စီးပါ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အထူးကွန်မန်ဒိုမျိုးထင်တယ်၊ လှုပ်ရှားမှုလည်း မြန်တယ်၊ jammer တွေပါတယ်။ jammer အများစုက ကျောလွယ်၊ အထိုင်တွေ၊ အခု သုံးသွားတဲ့ဟာတွေက သေနတ်လိုဟာတွေမျိုးတွေ၊ ဒရုန်းတွေကို ချိန်ပြီးရင် သူတို့လိုရာ ခေါ်သွားတော့တာ”  ဟု သူက ဆက်ပြောသည်။

“မိုင်းတွေကတော့ ကုန်ပြီ၊ အနှစ်နှစ်အလလက စုဆောင်းထားသမျှတွေ ကုန်တာပဲ။ သိန်းပေါင်း နည်းတာမှ မဟုတ်တာ၊ ပါသွားတဲ့အဖွဲ့တွေက အဲဒါတွေ ပြန်လုပ်နိုင်ဖို့ အတော်ကြိုးစားရတော့မှာ၊ ငွေကြေး၊ အချိန်၊ အကုန် အစက ပြန်လုပ်ရတော့မှာ” ဟု PDF တာဝန်ခံက ဆိုသည်။

jammer အသုံးပြုသည့်နေရာအနီး တယ်လီဖုန်းဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် ထောင်ထားသည့်မိုင်းကို ဖုန်းအသုံးပြုဖောက်ခွဲခြင်းမပြုနိုင်တော့သလို ဒရုန်းအသုံးပြုခြင်းလည်း အဟန့်အတားဖြစ်စေနိုင်သည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ညနေက ရွှေဘိုမြို့အထွက်ရှိ အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မူးမြစ်အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်းကို ရေဦးမြို့မှ ထွက်လာသည့် စစ်သား အင်အား ၆၀ ခန့်ပါ စစ်ကြောင်းနှင့် ဧရာဝတီမြစ်အတိုင်းတက်လာသည့် စစ်သား ၁၅၀ ခန့်က ခင်ဦးမြို့နယ် အရှေ့ခြမ်းကို တစ်ပြိုင်နက် စစ်ကြောင်းထိုးခဲ့ရာ ရွာ ၃ ရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ပြီး အရပ်သား ၃ ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး အသတ်ခံခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button