အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကူတိုက်ပွဲတွင် လက်နက်ကြီးကြောင့် ၉ နှစ်သား သေဆုံး၊ ရွာသားများ ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၂) က စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ပြီးအသက် ၉ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု မြို့လှ-KPDF အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) ၇၈ မှ စစ်သားအင်အား ၁၀၀ ခန့် သည် ရွှေကူမြို့အနီး ဧရာဝတီမြစ်အတွင်းရှိသော ကျွန်းတော်ရွာမှ မြစ်တစ်ဘက်ကမ်း မိုးစစ်ကျေးရွာသို့ စက်လှေများဖြင့် ကူးလာစဉ် မြို့လှ -KPDF အဖွဲ့က တိုက်ခိုက်ခဲ့သည်။

လာရောက်တိုက်ခိုက်သည့် မြို့လှ-KPDF မှ တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးစီးသည့်အဖွဲ့ကို ကျွန်းတော်ရွာဘက်တွင် ကျန်ခဲ့သော စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီးများ မိုးစစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၉ နှစ်ခန့်ရှိ ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး သေဆုံးခဲ့ကာ လုပ်အားပေးကျောင်းဆရာတစ်ဦး ခြေထောက်ပြတ်တောက်ခဲ့သည်၊ အခြား အရပ်သား ၃ ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်သည်ဟု သိရသည်။

မောင်ဇွဲနိုင်မိုး ပုန်းအောင်းနေသည့်နေရာအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု မြို့လှ-KPDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုရွာမှ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ဒဏ်ရာရသူများ၏ အသေးစိတ်အချက်များကို မသိကြသေးပေ။ 

တစ်နာရီခန့်ကြာသည့် ပစ်ခတ်မှုအတွင်း စက်လှေ ၃ စီးနစ်မြုပ်ခဲ့ပြီး စစ်သား ၂၇ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

“သူတို့ဘက်က ကူးလာတော့ ကူးကူးချင်း စက်သေနတ်ရော လက်နက်ကြီးရောနဲ့ ကူးခဲ့တာ၊ ကျွန်တော်တို့ မိုးစစ်ဘက်ကနေ ပြန်ပစ်တာ စက်လှေ ၃ စီးမြုပ်တယ်၊ တော်တော်သေကြတယ်၊ ရေဆင်းကူးပြီး ပြေးတာတွေလည်း တွေ့ရတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ပြီးခဲ့သည့် ရက်အနည်းငယ်က ရွှေကူမြို့အနောက်ဘက် ကျောက်တစ်လုံးရွာမှ ထွက်လာခြင်းဖြစ်ပြီး လက်ရှိ ကျွန်းတော်ရွာတွင် တပ်စွဲထားခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းသည် တပ်စွဲထားသည့် ကျွန်းတော်ရွာဘက် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နောက်တစ်နေ့  ယနေ့ (စက်တင်ဘာ ၂၃) နံနက်တွင် အင်အား ၈၀ ခန့်ဖြင့် မိုးစစ်ရွာအတွင်း ဝင်ရောက်စစ်ဆေးနေ၍ ဒေသခံအချို့မှာ တိမ်းရှောင်နေရသည်။

ထိုအခြေအနေကြောင့် မြို့လှ PDF က မိုးစစ်ရွာဘက်မှ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“အခုထိ (စစ်ကောင်စီတပ်) ရွာထဲက မထွက်သေးဘူး။ ပွဲပြီးတဲ့အချိန်မှာ ရွာသားတွေလည်း အထိနာထားတော့ ကျွန်တော်တို့ဘက်က နားပြီးတော့ ပြန်ဆုတ်ပေးထားလိုက်တယ်” ဟု မြို့လှ-KPDF မှ ပြောရေးဆိုခွင့်ရှိသူက ယနေ့ မွန်းတည့်အချိန်၌ ပြောသည်။

ယမန်နေ့ကလည်း ကသာမြို့အနီး တိုက်ပွဲတွင် ကျောင်းသားတပ်မတော် (ABSDF) ဦးဆောင်သည့် တပ်များ ပါဝင်တိုက်ခိုက်ခဲ့ပြီး ကသာမြို့ပေါ်ရှိ ခြေမြန်တပ်ရင်း (၃၀၉) က လက်နက်ကြီး အချက်ရေများစွာ ပစ်ခတ်ခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ပေါ်ရှိ အိမ်များပင် တုန်ခါသွားသည်ဟု ကသာမြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကိုင်းနှင့် ကချင်နယ်စပ်တစ်လျှောက်ရှိ မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသည်။

ဧရာဝတီမြစ်ကြောင်းကို အသုံးပြုကာ ကချင်ပြည်နယ်အတွင်း လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်နေသည့် စစ်ကောင်စီတပ်ကို မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသကာကွယ်ရေးတပ်များက အဆက်မပြတ် တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button