
စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ခင်ဦးမြို့နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးနေပြီး ရွာသူရွာသား ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
မြို့အနောက်ခြမ်းရှိ စစ်ကြောင်းတွင် စစ်သား ၇၀ ခန့် ပါဝင်ပြီး မြို့အရှေ့ခြမ်း စစ်ကြောင်းတွင် ၂၀၀ ခန့် ပါဝင်သည်ဟု ဆိုသည်။
အင်အား ၇၀ ဝန်းကျင်အုပ်စုက စက်တင်ဘာ ၂၁ နံနက်ပိုင်းတွင် ရေဦး-ခင်ဦး ကားလမ်းမတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခဲ့ပြီးနောက် ၁၀ နာရီခန့်တွင် မြို့နှင့် ၈ မိုင် အကွာရှိ သာဂရမြို့သစ်ကျေးရွာသို့ ရောက်သွားသည်။
ရွာအဝင်တွင် တိုက်ပွဲ ခေတ္တဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း၊ စစ်ကောင်စီတပ် ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်သားများ သာဂရမြို့သစ်ကျေးရွာတွင် တပ်စွဲပြီး နေအိမ် ၃ လုံး မီးရှို့သည်ကို မြင်တွေ့ရကြောင်း အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
ယနေ့နံနက်တွင်လည်း ထပ်ရှို့ကြသလို စစ်သားထက်ဝက်နီးပါးက တစ်မိုင်ခွဲအကွာရှိ ဂွေးကုန်းရွာသို့ ဝင်ရောက်ကာ မီးရှို့နေသည်ဟု ဆိုသည်။
စစ်သားများမီးဝင်ရှို့နေသည့် အဆိုပါရွာများအနီးတွင် ပြီးခဲ့ရက်ပိုင်းက စစ်ကောင်စီယဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“နှစ်ကြိမ်မိုင်းဆွဲတုန်းက အထိအခိုက်တော်တော်များတယ်၊ အဲဒါကို မကျေနပ်လို့ နောက်တစ်ကြောင်း ပြန်လာတယ်လို့ ကျွန်တော်ထင်တယ်။ သာဂရ၊ ဂွေးကုန်း၊ ကံသစ် ရှို့ခံရပြီလို့ တွေးထားတာ။ ထင်တဲ့အတိုင်းပဲ သာဂရတော့ ရှို့သွားပြီ” ဟုလည်း အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၀) ရက်နေ့က ရေဦးမြို့မှ ထွက်လာကာ အရာရှိပါဝင်လာသည့်ဟု ယူဆရသည့် စစ်ကားလေးစီးကို ခင်ဦးမြို့နယ်ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက လမ်းတစ်လျှောက် နေရာ ၃ ခုတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရေဦးနှင့် နှစ်မိုင်အကွာ အင်းပက်ရွာတွင် မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကားတစ်စီး ပျက်စီးကျန်ခဲ့သည်။
ထို့အပြင် သာဂရ၊ ဂွေးကုန်း၊ ကံသစ် စသည့်ရွာများအနီးတွင်လည်း မိုင်းထိသဖြင့် ကျန်ကား ၃ စီးလုံး ပျက်စီးသွားကာ ခင်ဦးမြို့ထိ မရောက်တော့ဘဲ အနီးရှိ ကံသစ်ရွာတွင် တပ်စွဲခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
“ကားတစ်စီးကတော့ စုတ်ပြတ်သွားတာ၊ လွတ်သွားတဲ့ကား ၃ စီး ကတော့ ခင်ဦးနဲ့ ကံသစ်ရွာကြား အကုန်လုံး စုတ်ပြတ်သွားတာ” ဟု ခင်ဦး PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်ပက်ရွာနှင့် သာဂရမြို့သစ်ရွာအနီး ပျက်စီးသွားသည့် ကားနှစ်စီးကို ရေဦးဘက်မှ စစ်ကောင်စီတပ်သားများက လာရောက်ယူသွားပြီး ကံအသစ်ရွာအနီးမှ စစ်ကားနှစ်စီးမှာ လမ်းဘေးတွင် ရှိနေသေးသည်ဟု ဆိုသည်။
အဆိုပါစစ်ကားများ ထွက်မလာမီ တစ်ရက်ကြိုပြီး ရေဦး-ခင်ဦးကားလမ်းမကို စစ်သားအင်အား ၇၀ ခန့်ဖြင့် မိုင်းရှင်းလင်းရေးလုပ်ထားသည့် ကြားမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယနေ့ (စက်တင်ဘာ ၂၂ ရက်) ထပ်မံစစ်ကြောင်းထိုးနေသဖြင့် ခင်ဦး-ရေဦးကား လမ်းမတစ်လျှောက် ရွာအသီးသီးမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့အတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် ထိစပ်နေသည့် ခင်ဦးမြို့အရှေ့ဘက်ခြမ်းတွင်လည်း ဧရာဝတီမြစ်ကြောင်းမှ ရေလမ်းတစ်လျှောက် ဆင်းလာသည့် စစ်သားအင်အား ၂၀၀ ခန့်က ပတ်ဝန်းကျင်ကျေးရွာများကို စက်တင်ဘာ ၂၀ မှ စတင်ကာ စီးနင်းနေကြောင်း သိရသည်။
အထက်ပိုင်းမှ ဆင်းလာသည့် မော်တော်ရေယာဉ်သုံးစီးက မြစ်ဘေးရှိ ကဗွက်ကျေးရွာကို စတင်ဝင်ရောက်စီးနင်းခဲ့ပြီး မော်တော်ရေယာဉ်အကြီး တစ်စင်း ကဗွက်ရွာမှ အနောက်ဘက် ငါးမိုင်အကွာ ရုံးပင်ရွာသို့ ဆိုက်ကပ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
“ညပိုင်းကတည်းက စစ်တပ်တွေ လာမယ်ကြားကတည်းက တောတွေထဲ ပြေးပုန်းကြတာဗျ၊ ရွာနားတော့ တစ်ယောက်မှ မရှိတော့ဘူး။ မနေ့ကတော့ သေနတ်သံတွေတော့ ဆူညံနေအောင် တစ်နေကုန် ကြားတယ်” ဟု ဘေးလွတ်ရာကို ထွက်ပြေးနေရသည့် ကဗွက်ရွာဒေသခံတစ်ယောက်က ပြောသည်။
ဒေသခံအများစု ကြိုတင်တိမ်းရှောင်နိုင်သော်လည်း ရုံးပင်ရွာမှ ဒေသခံ ၁၀ ဦး ဖမ်းဆီးခံထားရပြီး နောက်ဆက်တွဲအခြေအနေ မသိရသေးကြောင်း ခင်ဦးမြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၂ မနက်ပိုင်းက ရုံးပင်ရွာမှ ကဗွက်ရွာသို့ ထွက်လာသည့် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၆ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရသူများကို မန္တလေးတိုင်းဘက်သို့ ပို့သည်ဟု သိရကြောင်း အဆိုပါ PDF တာဝန်ရှိသူက ပြောသည်။
“သူတို့ဘက်က ကျသွားတဲ့သူတွေကို ကဗွက်ရွာအောက်နားက လျှိုထဲမှာ မြှုပ်သွားတယ်၊ ဒဏ်ရာရတဲ့သူတွေကိုတော့ (မြစ်) အရှေ့ဘက် ရွှေကျင်ဘက်ကို သွားပို့တယ်” ဟု သူက ပြောသည်။
တိုက်ခိုက်ခံရသည့် အဆိုပါစစ်ကြောင်းသည် ကဗွက်ရွာထဲမှ စစ်ကြောင်းနှင့် ပေါင်းကာ တပ်စွဲထားသဖြင့် ကဗွက်ကျေးရွာအုပ်စုထဲမှ အိမ်ထောင်စု ၂,၀၀၀ကျော်မှ လူဦးရေ ၇,၅၀၀ ခန့်ထိ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
တော်လှန်ရေးအဖွဲ့များ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)