အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးဗြဲတွင် တိုက်ပွဲဆက်နေ၊ ဘုရားနှင့် လူနေအိမ်များတွင် စစ်ကောင်စီတပ်စွဲထား

ရှမ်း-ကယားနယ်စပ် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့သို့  ပြန်ဝင်လာပြီး သာသနိက အဆောက်အအုံနှင့် လူနေအိမ်များတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များ ခက်ခက်ခဲခဲ တိုက်ခိုက်နေရသည်။

စက်တင်ဘာ ၁၂ ရက်က အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားပြီး တစ်ပတ်အကြာတွင် သံချပ်ကာယာဉ်၊ စစ်သည်အင်အား ၁၅၀ ကျော်ဖြင့် ပြန်လာပြီးနောက်တွင် မိုးဗြဲမြို့အနောက်ဘက်ခြမ်း စက်တော်ရာဘုရား၊ မွေတော်ဘုရားနှင့် ညောင်ဝိုင်းရပ်ကွက်တို့၌ တပ်စွဲထားသည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

“သူတို့က ပြည်သူတွေကို အကာအကွယ်ယူတယ်။ တချို့ဆို(စစ်ကောင်စီတပ်သား) အိမ်တွေထဲမှာ ဝင်နေတာတွေလည်း ရှိတယ်။ ပြည်သူတွေ ကြားညှပ်နေပြီး ကျွန်တော်တို့က ကိုယ့်မြို့ထဲမှာ လာပြီး စစ်ဖြစ်နေရတော့ အခက်အခဲတော့ရှိတာပေါ့” ဟု ဖယ်ခုံ PDF တာဝန်ခံက ပြောသည်။

မိုးဗြဲမြို့သို့ စစ်ကောင်စီတပ် ပြန်ရောက်လာသည့် စက်တင်ဘာ ၁၉ နောက်ပိုင်းမှစ၍ ကယား (ကရင်နီ)၊ ရှမ်းပြည်တောင်ပိုင်းနှင့် နေပြည်တော် အခြေစိုက် တော်လှန်ရေးအဖွဲ့များက အဆက်မပြတ် တိုက်ခိုက်နေကြသည်။

စက်တင်ဘာ ၂၀၊ ၂၁  တိုက်ပွဲများအတွင်း ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်၊ ဖယ်ခုံနှင့် ဒီမောဆို အခြေစိုက် စစ်ကောင်စီတပ်စခန်းများက မိုးဗြဲမြို့ဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း အထက်ပါ PDF တာဝန်ခံထံမှ သိရသည်။

လူဦးရေ သုံးသောင်းနီးပါးနေထိုင်သည့် မိုးဗြဲမြို့တွင် စစ်တပ်၏ လက်နက်ကြီးဒဏ်ကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးသွားပြီး အများစုမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။ မြို့အတွင်း ထွက်မပြေးနိုင်ဘဲ ကျန်နေသည့် ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီက အဓမ္မလုပ်အားပေးစေခိုင်းသလို တိုက်ပွဲများအတွင်း လူသားဒိုင်းသဖွယ် အသုံးပြုနေသည်ဟု တော်လှန်ရေးအဖွဲ့များက ပြောကြသည်။

မြို့တွင်း၌ ရှိနေသည့် ဒေသခံတို့၏ အခြေအနေ၊ ထိခိုက်ပျက်စီးမှုနှင့် စစ်ကောင်စီ တပ်စွဲနေထိုင်ပုံ စသည့် အသေးစိတ် အချက်အလက်များကို သီးခြားအတည်မပြုနိုင်သေးပေ။

မိုးဗြဲမြို့သည် အာဏာသိမ်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ၅ နာရီဝန်းကျင်သာ ခရီးရှိသည့် ဒေသဖြစ်သည်။ ထို့အတူ နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်း၊ ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်မြို့များနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အချက်အချာကျသည့် မြို့လည်းဖြစ်သည်။

တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်၍ မိုးဗြဲ-ဒီးမော့ဆို-လွိုင်ကော် ကားလမ်းကို အသုံးမပြုရန် မိုးဗြဲ PDF က တိုက်တွန်းထားသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button