သတင်း

စစ်တပ်က လက်နက်ကြီးပစ်စဉ် ကိုယ်ဝန်ဆောင်အမျိုးသမီး ထိတ်လန့်သေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ (စက်တင်ဘာ ၂၀) က ကျောက်တော်မြို့ရှိ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိတ်လန့်သေဆုံးကာ လက်နက်ကျည် ကျရောက်ပေါက်ကွဲသည့်ရွာမှ လူလေးဦးလည်း ဒဏ်ရာ ရရှိခဲ့သည်။

ယခင်တစ်ရက်တွင် စစ်တပ်၏ ရိက္ခာနှင့် လူသူလက်နက် တင်ဆောင်လာသည့် ရေယာဉ်နှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက အခြေစိုက်စခန်းမှနေ၍ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်သည်။

ယမန်နေ့တွင် ကျောက်တော်မြို့ရှိ စကခ ၉ မှ လက်နက်ကြီးပစ်ခတ်စဉ် ကပ်လျက်ရှိ ခေါင်းတုတ်ကျေးရွာမှ အသက် ၃၁ နှစ်အရွယ် ဒေါ်မယောင်းဆိုသူ ကိုယ်ဝန်ဆောင် အမျိုးသမီး ထိတ်လန့်သေဆုံးခဲ့ရသည်။

“ည ၁၂ နာရီ ၅ မိနစ်လောက်မှာ လက်နက်ကြီးတစ်ချက်ပစ်တယ်။ ၁၀ မိနစ်လောက်မှာ တစ်ချက်ပစ်တယ်။ ပြီးတော့ မိနစ် ၃၀ လောက်မှာ တစ်ချက်ပစ်တယ်။ အဲဒီလိုပစ်တဲ့အချိန်မှာ ကိုယ်ဝန်သည်အမျိုးသမီး လက်နက်ကြီးအသံကြောင့် သေသွားခဲ့တယ်” ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ခေါင်းတုတ်ကျေးရွာမှ ဒေသခံတစ်ဦးကလည်း “သွေးနုသားနုဆိုတော့ လက်နက်ကြီးအသံကို ကြားပြီးတော့ နှလုံးရပ်ပြီး သေသွားတာလို့‌ ပြောကြတယ်” ဟု ပြောသည်။

အသေးစိတ် အချက်အလက်များကိုမူ မသိရပေ။

ယမန်နေ့ ညနေပိုင်းကလည်း ကုလားတန်မြစ် အရှေ့ဘက်ကမ်းရှိ စကခ ၉ မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သုံးလုံး မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းရှိ နာဂရာရွာမှ နေအိမ်တစ်လုံးအတွင်း ကျရောက် ပေါက်ကွဲရာ ထိုအိမ်မှ မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“သူတို့မိသားစုက အိမ်မှာ ထမင်းဝိုင်းပြီးတော့ စားနေကြတာပါ။ စားနေတဲ့အချိန်မှာ လက်နက်ကြီးက အိမ်တည့်တည့်ကို တစ်လုံးကျတယ်။ ပြီးတော့ အိမ်ရှေ့ကို တစ်လုံးကျတယ်။ အဲဒီအိမ်ဝင်းထဲမှာ တစ်လုံး၊ မိသားစုတစ်စုလုံး ဒဏ်ရာရရှိသွားကြတာပါ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ အသက် ၅၀ အရွယ် ဒေါ်မယဉ်ဦး၊ ၄၂ နှစ်အရွယ် ဒေါ်ဦးယဉ်သန်းနှင့် သားနှစ်ဦးဖြစ်သော ၁၃ နှစ်အရွယ် မောင်မင်းဟိန်းစိုးနှင့် ၁၇ နှစ်အရွယ် မောင်မျိုးနိုင်ဝင်းတို့ဖြစ်သည်ဟု သိရသည်။

မောင်မျိုးနိုင်ဝင်းမှာ ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ကာ ညီဖြစ်သူ မောင်မင်းဟိန်းစိုးမှာ ၆ တန်း တက်နေသူဖြစ်သည်ဟု ဆိုသည်။

ဒေါ်မယဉ်ဦးတွင် ဒဏ်ရာပြင်းထန်သည်ဟု သိရပြီး ကျောကုန်းခါးဆစ်အနီးနှင့် ဝမ်းဗိုက်အနီးတို့တွင် လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာ၊ ဒေါ်ဦးယဉ်သန်းတွင် ဘယ်ဘက်လက်တံတောင်ဆစ်၊ မောင်မျိုးနိုင်ဝင်းတွင် ဦးခေါင်းနှင့် ကျောကုန်း၊ မောင်မင်းဟိန်းစိုးတွင် ဘယ်ဘက်လက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာအသီးသီးရရှိသည်ဟု သိရသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ အဲဒီတပ်မက လက်နက်ကြီးနဲ့ ရွာကို ရည်ရွယ်ချက်ရှိရှိနဲ့ လှမ်းပစ်လိုက်တာ ဖြစ်တယ်။ ဒီရက်ပိုင်း ဇက် (အကြီးစားရေယာဉ်တစ်မျိုး) တွေလည်း တက်လာတာရှိတယ်။ ဇက်က အဲဒီ စကခ ၉ တပ်မနားကို ကမ်းကပ်တော့မယ်ဆိုရင် လက်နက်ကြီးနဲ့ ပစ်တယ်” ဟု အထက်ပါ အမည်မဖော်လိုသူက ဆိုသည်။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ အဆိုပါ နာဂရာကျေးရွာသည် ကျောက်တော်မြို့မြောက်ဘက် ကုလားတန်မြစ် အနောက်ဘက်ကမ်းတွင်ရှိသည်။ 

ဒဏ်ရာရရှိသွားသည့် ဒေသခံ မိသားစုဝင် ၄ ဦးကို ဆေးကုသမှုခံယူနိုင်ရေး ကျောက်တော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ရန်မှာလည်း ကုလားတန်မြစ်အတွင်း စစ်ကောင်စီ၏ ဇက်ရေယာဉ် ရပ်တန့်ထား၍ အခက်အခဲဖြစ်နေကြောင်း ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။ 

စကခ ၉ နှင့် နာဂရာရွာအကြား ကုလားတန်မြစ်လယ်တွင် ရပ်ထားသည့် ထိုဇက်ရေယာဉ်ကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်အဖြစ် အသုံးပြုနေကြောင်းလည်း သိရသည်။

“လမ်းပိတ်ထားတာနဲ့ ဒဏ်ရာရတဲ့ အဲဒီမိသားစု ၄ ယောက်ကို ဆေးရုံသို့ ယူလာဖို့ အခက်အခဲဖြစ်နေတယ်။ အခုထိ ဆေးရုံသို့ ယူလာလို့မရသေးဘူးလို့ ပြောပါတယ်။ ယူလာရမဲ့ ကုလားတန်မြစ်ရေလမ်းကြောင်းမှာလည်း စစ်တပ်က ဇက်ရေယာဉ်ရှိနေတော့ ယူသွားလို့မရဘူးဖြစ်နေတယ်” ဟု ကျောက်တော်မြို့ခံက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button