အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးနှင့် တန့်ဆည်တို့တွင် ရက်ဆက်တိုက်ပွဲဖြစ် စစ်ကောင်စီ အထိနာဟု PDF ပြော

စစ်ကိုင်းတိုင်း အလယ်ပိုင်း တန့်ဆည်နှင့် ခင်ဦးမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် စစ်ကောင်စီတို့ကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတို့ အထိနာနေသည်ဟု ဒေသအခြေစိုက် PDF များက ပြောသည်။

ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီအရာရှိ လိုက်ပါလာသည်ဟု ယူဆရသည့် စစ်ကား ၄ စီး ရေဦးမြို့မှ ခင်ဦးမြို့ဘက်ကို ထွက်လာစဉ် ရေဦးမြို့အရှေ့ဘက် နှစ်မိုင်အကွာ အင်ပက်ရွာအနီးတွင် PDF များက မိုင်း ၆ လုံးဖောက်ခွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးသွားပြီး အဆိုပါနေရာတွင် ထားခဲ့ကြောင်း ဒေသအခြေစိုက် PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်သားများက ကား ၃ စီးဖြင့် ထပ်မံထွက်လာရာ ရေဦးမြို့မှ ၁၆ မိုင်အကွာ ခင်သစ်ရွာနှင့် ခင်ဦးမြို့အကြားတွင် မိုင်း ၁၀ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ကားအားလုံးပျက်စီးပြီး တိုက်ခိုက်ခံရသည့်နေရာတွင် ရပ်ထားသည်ဟုလည်း သူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးနိုင်သော်လည် တိတိကျကျမသိရကြောင်း ၊ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာသစ်ကျေးရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရှိထားကြောင်း အထက်ပါ PDF တာဝန်ခံက ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၁၉ မနက်ပိုင်းကလည်း ရေဦး-ခင်ဦး ကားလမ်းလုံခြုံရေးတာဝန်ယူရန် ရေဦးမြို့မှ ထွက်လာသည့် စစ်သားများ ၆၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ခင်ဦးမြို့နယ် PDF တာဝန်ရှိသူက ပြောသည်။ 

ရေဦးအထွက် မူးတိမ်ချောင်းတံတားအနီးတွင် မိုင်း(၈) ကြိမ်၊ သာဂရရွာအနီးတွင် မိုင်း(၃)ကြိမ် ကံသစ်တံတားအနီးတွင် (၅) ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၁၂) ဦးအထိ သေဆုံးနိုင်ကြောင်း ပြောသည်။

“အကောင်ကြီးကြီး သွားစရာရှိလို့ သူတို့က လမ်းလုံခြုံရေးကို တစ်ရက်ကြိုချတာ မိုင်းရှင်းလင်းရေးနဲ့ ကင်းစောင့်ပေါ့ဗျာ အဲလုံခြုံရေးလာချတာကို ကျွန်တော်တို့က မိုင်းဆွဲတာ တစ်နေကုန် လမ်းချောတစ်လျှောက်လုံး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” ဟုဆိုသည်။

စစ်သားများက ရမ်းသန်းပစ်ခတ်သဖြင့် ရေဦး-ခင်ဦးလမ်းတောင်ဘက်ရှိ မောက်ပြည့်ကျေးရွာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သလို PDF အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေကြောင်း ကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ တပ်သား သေဆုံးစာရင်းနှင့် ပက်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ထို့အပြင် စက်တင်ဘာ ၁၉ ညနေပိုင်းကလည်း တန့်ဆည်မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ရုတ်တရုက် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၅ ယောက်အထိ သေဆုံးခဲ့ကြောင်း တန်ဆည်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မီတာ ၁၅၀ လောက်ထိ ကပ်ပစ်တာ စစ်သားဘက်က ငါးယောက်သေတယ် လူမှုကူညီရေးအသင်းကားတွေနဲ့ လာသယ်သွားတယ်” ဟု ပြောသည်။

တန့်ဆည်မြို့အနောက်ဘက်အဝင် စစ်သား အင်အား (၃၀) ခန့် တပ်စွဲထားသည့် မြို့အဝင်ဂိတ်ကို ရွှေဘိုခရိုင် PDF တပ်ရင်း (၆) နှင့် တန့်ဆည်မြို့နယ် ပကဖအဖွဲ့မှ တိုက်ခိုက်ရေးသမားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရထံ Myanmar Now က ဆက်သွယ်မေးမြန်း၍ မရသေးပါ။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက အရပ်သားပစ်မှတ်များပါမကျန် လေကြောင်းတိုက်ခိုင်မှုများကိုပါ သုံးကာ ပြင်းပြင်းထန်ထန် ဖိနှိပ်နေသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သဖြင့် ကျောင်းသား၊ ကျောင်းသူ ၇ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button