သတင်း

ထောင်ဝင်စာလူတွေ့ခွင့် ဆက်ပိတ်ထားခြင်းကြောင့် အကျဉ်းသားရော၊ မိသားစုဝင်များပါ ဒုက္ခများနေ

နိုင်ငံအနှံ့အကျဉ်းထောင် အသီးအသီးတွင် ထိန်းသိမ်းခံထားရသူများမှာ စစ်အာဏာသိမ်းအပြီး တစ်နှစ်ခွဲကြာသည်အထိ မိသားစုနှင့်တွေ့ခွင့်မရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင်၊ ခက်ခဲသည့် အခြေအနေများ ကြုံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များက Myanmar Now ကိုပြောသည်။ 

ထောင်ဝင်စာလူတွေ့ခွင့် ပိတ်ပင်ထားခြင်းကြောင့် မိသားစုနှင့် တိုက်ရိုက်ဆက်သွယ်ခွင့်မရဘဲ ဖြစ်နေပြီး အကျဉ်းထောင်မှခွင့်ပြုသော မိသားစုထံသို့ တရားဝင်ရေးနိုင်သည့်စာမှာလည်း အမျိုးမျိုးကန့်သတ်ထားခြင်း၊ အိမ်သို့စာပို့ချိန်ကြာမြင့်ခြင်း၊ စာရောက်မရောက် မသိရခြင်း စသည့် အခက်အခဲများနှင့် အကျဉ်းသားများ ကြုံနေရခြင်းဖြစ်သည်။ 

ထို့ကြောင့် ထောင်တွင်းရှိ အကျဉ်းသားများ ကျန်းမာရေးအခြေအနေ လိုအပ်ချက်များကို မိသားစုကမ သိနိုင်တော့သလို မိသားစုဝင်များ ထောင်ပြင်ပတွင် ကြုံတွေ့နေရသည်များကိုလည်း အကျဉ်းသားများက မသိနိုင်တော့ပေ။

“စာအဆက်အသွယ်က အဆင်မပြေဘူး သူတို့ကဥပမာ ဆယ်ရက်နေ့ရေးတယ် ကျမဆီကို ရက် ၂၀ ကျော်မှရောက်တယ် ကြားမှာဟ,သွားရော သူတို့ဘာလိုချင်လဲဆိုတာ မသိရတော့ဘူး”ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင် အမျိုးသမီးတစ်ဦးကပြောသည်။ “ထောင်ဝင်စာပါဆယ်က စာတိုက်က ပို့လို့ရှိရင် ၆ ရက်လောက်တော့ ကြာတယ်ပေါ့ ဒါပေမယ့် အထဲက လူရမရကိုတော့ ကျွန်မတို့မသိရဘူး” ဟုလည်း သူက ဆက်ပြောသည်။

အချို့မှာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် လနှင့်ချီကြာခဲ့ပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်ကာ သေမှန်း၊ ရှင်မှန်းပင် မသိရသည့် အခြေအနေများလည်းရှိသည်။ စစ်ကြောရေးတွင်ရခဲ့သည့် ဒဏ်ရာများကို ဆေးကုသရန်အခက်ခဲရှိခြင်း၊ မိသားစုထံ ကျန်းမာရေးအခြေအနေ စာရေးသားပေးပို့ပါက စစ်ကြောရေးတွင် ရခဲ့သည့် ဒဏ်ရာဒဏ်ချက်များကို ထည့်ရေးပါကလည်း ထောင်အာဏာပိုင်များက ခွင့်မပြုပေ။

နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အကျဉ်းသားများအနေဖြင့် မိသားစုနှင့် တွေ့ဆုံခွင့်ရရန် နည်းလမ်းတစ်ခုသာရှိသည်။ အမှုရင်ဆိုင်နေရသော စွပ်စွဲခံရသူဘက်က တရားခံပြသက်သေ ထွက်ဆိုရန် စစ်ကောင်စီတရားခွင်တွင် တင်သွင်းခွင့်ရမှသာ မိသားစုဝင် တစ်ဦးခန့်နှင့် တစ်ကြိမ်တွေ့ဆုံရနိုင်ပြီး မိနစ် အနည်းငယ်သာ စကားပြောခွင့်ရသည်။

“တစ်နှစ်ခွဲရှိနေပြီ ကိုယ့်ယောက်ျားမျက်နှာကို မမြင်ရတာ၊ မြင်လိုက်ရတဲ့အချိန်မှာ ကိုယ့်ရင်ထဲမှာ တော်တော်ဆုံးရှုံးသွားတယ်၊ ကိုယ်နဲ့အတူနေတုန်းကရုပ်နဲ့ တစ်ခြားစီပေါ့ တွေ့လိုက်ရတဲ့သူ ရင်တောင်နင့်တယ် တစ်ခါပဲ တွေ့လိုက်ရတယ်” ဟု သက်သေထွက်ဆိုခွင့်ရခဲ့သည့် နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

ထောင်တွင်းရှိ အကျဉ်းကျနေသူနှင့် မိသားစုဝင်တို့ ထောင်တွင်းအဆောက်အအုံတစ်ခုအတွင်း ၄ ပေခန့် အကွာအဝေးမှ စကားပြောနိုင်ခြင်းကို ထောင်ဝင်စာလူတွေ့ခွင့်ဟု ခေါ်ကြသည်။

စစ်အာဏာရှင်ဟောင်းများ အုပ်စိုးစဉ်က နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာ လူတွေ့ခွင့် ကန့်သတ်ခဲ့သော်လည်း ယခုလို ကာလရှည်ကြာပိတ်ပင်ထားသည်မှာ စစ်ကောင်စီ လက်ထက်မှသာဖြစ်ကြောင်း  နိုင်ငံရေး အကျဉ်းသားဟောင်းများက ဆိုကြသည်။

ထောင်ဝင်စာလူတွေ့ခွင့်ကို တစ်ကမ္ဘာလုံးတွင် ကိုဗစ်ရောဂါပြင်းထန်နေချိန် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်ကစတင်ကာ အကျဉ်းထောင်များတွင် ထောင်ဝင်စာလူတွေ့ခွင့်ကို ခေတ္တပိတ်ထားခြင်းဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ခေါင်းဆောင်များက ထောင်ဝင်စာလူတွေ့ခွင့်ကို ကိုဗစ်အကြောင်းပြကာ ဆက်ပိတ်ပင်ထားဆဲဖြစ်သည်။ 

နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်ရှေ့မြင်ကွင်းကို တွေ့ရစဉ်။

“ထောင်အာဏာပိုင်တွေကတော့ အကြောင်းပြနေတာပေါ့ အမှန်တော့ ဒီစစ်အာဏာသိမ်းလိုက်တဲ့ ကာလကြီးဖြစ်သွားလို့ပါ အဲဒါကြောင့် ဆုံးရှုံးနစ်နာတာပေါ့ ပုံမှန်ဆိုရင် နှစ်ပတ်တစ်ကြိမ်တွေ့လို့ရတယ်” ဟု အင်းစိန်ထောင် အထူးတရားရုံးနှင့် နီးစပ်သည့် ရှေ့နေအမျိုးသမီးတစ်ဦးက Myanmar Now ကိုပြောသည်။

ထောင်အာဏာပိုင်များအနေဖြင့် ကိုဗစ်ရောဂါကူးစက်မည်ကို အမှန်တကယ်စိုးရိမ်ပါက ဈေးကွက်အတွင်းရောင်းချနေသည့် ကိုဗစ်ရှိမရှိ စစ်ဆေးနိုင်သော (Covid Test Kit) ကိရိယာဖြင့်  ထောင်ဝင်စာတွေ့မည့် မိသားစုဝင်ကို စစ်ဆေးစေကာ ခွင့်ပြုခြင်း၊ ကိုဗစ်မကူးစက်နိုင်သည့် အကွာအဝေးမှ နေစေကာ နှစ်ဦးလုံး Mask တပ်စေကာ ပြောဆိုခွင့်ပေးခြင်း၊ ထောင်ဝင်စာလူတွေ့ခွင့်အတွက် အကျဉ်းထောင် ပုံသဏ္ဍာန်ကို ပြောင်းလဲပေးခြင်းတို့ဖြင့် စီမံဆောင်ရွက်နိုင်သည်ဟု လေ့လာသူများက ဆိုကြသည်။

သို့သော် အကျဉ်းထောင်များ၏ လက်ရှိအခြေအနေသည် “ဘာမှပြောပိုင်ခွင့်မရှိဘူး လူ့အသက်တစ်ချောင်းကလဲ တိရိစ္ဆာန်သာသာပဲ သူတို့လက်ထဲမှာ” ဟု နိုင်ငံဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ -က ဖြင့် အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးက Myanmar Now ကိုပြောသည်။

အကျင့်ပျက်ခြစားမှုများဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များတွင် လူတွေ့ထောင်ဝင်စာ ပိတ်ပင်ထားခြင်းကြောင့် မိသားစုဝင်များ ပေးပို့သည့် ထောင်ဝင်စာများကို ထောင်ဝန်ထမ်းများက ယူငင်ထားခြင်း၊ ထောင်ဝင်စာသွားပို့သည့်အခါ ထောင်ဝန်ထမ်းများကို လာဘ်ငွေပေးရခြင်း စသည့် အဖြစ်အပျက်များလည်း ရှိနေသည်။

ထို့အတူ အကျဉ်းထောင်တွင်းအခြေအနေများကို လေ့လာစောင့်ကြည့်နေသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုလည်း အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေးခွင့် စစ်ကောင်စီက ခွင့်မပြုပေ။ “ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့အရာတွေက အကန့်အသတ်နဲ့ ဖြစ်သွားပါတယ်” ဟု ICRC ဝန်ထမ်းတစ်ဦးက Myanmar Now ကို ဩဂုတ်လအတွင်းက ပြောဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းများအရ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ထိ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၁၂,၄၀၆ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူပေါင်း ၁,၄၇၂ ဦးရှိပြီဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button