
စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုသဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထား သည့် မန္တလေးတိုင်းအတွင်းမှ ပညာရေးဝန်ထမ်းများကို စစ်တပ်က တကျော့ပြန်ဖမ်းဆီးနေရာ ၄၀ နီးပါး အထိ အဖမ်းခံထားရသည်ဟု သိရသည်။
ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး CDM ပညာရေးဝန်ထမ်းများ၏ အချက်အ လက်များကို မြို့နယ်ပညာရေးမှူးရုံးများထံမှ တောင်းယူနေသည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် ဖမ်းဆီးခံရမည့်အရေး စိုးရိမ်နေရကြောင်း CDM ကျောင်းဆရာမတစ်ဦးက ဆိုသည်။
“တကယ်တမ်းကျတော့ အဲဒီစာရင်းတွေဆိုတာ စစ်ကောင်စီမှာ ရှိပြီးသားပါ။ ကျွန်မတို့ CDM တွေကို ထုတ်ပယ်ပြီးကတည်းက CDM တွေရဲ့ အချက်အလက်တွေ၊ နေရပ်လိပ်စာတွေကို တာဝန်ကျတဲ့ကျောင်း ရော၊ မြို့နယ်ပညာမှူးရုံးတွေဆီကပါ တောင်းယူထားကြတာပါ။ အခုတကျော့ပြန်ပြီး ဖိနှိပ်လာတဲ့ သဘော ပဲ” ဟု အဆိုပါ ကျောင်းဆရာမက ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်ဩဂုတ် ၂၀ ရက်တွင် မန္တလေး၊ ရတနာပုံတက္ကသိုလ်မှ CDM ပြုလုပ်ထားသူ ၇ ဦး ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် ၅ ဦးကိုပြန်လွှတ်ကာ ကျန် ၂ ဦးကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်၍ အိုးဘိုထောင်ပို့လိုက်ကြောင်း သိရသည်။
ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခရသူနှစ်ဦးမှာ ရတနာပုံတက္ကသိုလ် ငွေစာရင်း ဌာနမှ ဦးဝင်းသိန်းနှင့် ဒေါ်ဂျူလှိုင်မိုးတို့ဖြစ်သည်ဟု သိရသည်။
“CDM တွေဆိုရင် အကြောင်းမရှိ အကြောင်းရှာပြီးဖမ်းတယ် နှိပ်စက်တယ် မတရားပုဒ်မတွေနဲ့ ထောင်ချ နေတာ၊ အာဏာသိမ်းပြီးကတည်းကပါ တချို့ဆိုမြို့နယ်မှာ ပေါက်ကွဲတာပဲဖြစ်ဖြစ် ဒလန်ရှင်းတာပဲ ဖြစ်ဖြစ်၊ ဖြစ်တဲ့အခါ အရင်ဆုံးစဖမ်းတာ CDM။ CDMဆိုရင် ပုန်းလျှိုးကွယ်လျှိုး နေနေကြရတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးကလည်း ပြောသည်။
ဩဂုတ်လဆန်းပိုင်း၌ပင် မဟာအောင်မြေမြို့နယ် ၇၃ လမ်းပေါ်ရှိ မန္တလေးတက္ကသိုလ်ကို စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး CDM ဝန်ထမ်းမိသားစုများကို ဖမ်းဆီးခဲ့ရာ ပါမောက္ခနှင့် သက်ကြီးပိုင်း ဆရာ၊ ဆရာမကြီးများလည်း အပါအဝင် ၃၀ နီးပါး အဖမ်းခံရသည်ဟု သိရသည်။
“ရှောင်တိမ်းနေတဲ့ ဝန်ထမ်းတွေဆိုရင် မိဘမမိ၊ သားသမီးဖမ်းသွားတယ်။ သားသမီးမမိ မိဘဖမ်းသွား တယ်။ ကန်တော့ခံ အဘိုးအဘွားအရွယ် ဆရာကြီး၊ဆရာမကြီးတွေလည်း ပါတယ်” ဟု မန္တလေးတက္ကသိုလ်အနီး နေထိုင်သူတစ်ဦးက ပြောသည်။
မန္တလေးတက္ကသိုလ်မှ ဖမ်းဆီးသွားသူအားလုံးကို မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းသို့ ခေါ်ဆောင် သွားသည်ဟု ကြားသိရပြီး နောက်ဆက်တွဲ အခြေအနေ မသိရှိရသေးပေ။
ယခုလ ၅ ရက်နေ့ကလည်း မန္တလေးမြို့တွင် နေထိုင်သည့် အသက် ၂၂ အရွယ် ကိုအောင်ကိုကိုအား လာ ရောက်ဖမ်းဆီးရာ မတွေ့သည့်အတွက် မိခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
အသက် ၅၀ ကျော်အရွယ် မိခင်ဖြစ်သူ ဒေါ်သောင်းသောင်းမြင့်ကို စစ်ကောင်စီက ကနဦးတွင် စစ်ဆေးရန် သာ ဖမ်းဆီးသွားသည်ဟု ယူဆရသော်လည်း အမရပူရမြို့နယ် CDM မူလတန်းကျောင်းအုပ်ဖြစ်သည့် အတွက် မလွှတ်ပေးတော့ဘဲ အကြမ်းဖက်အားပေးပုဒ်မဖြင့်ပါ တရားစွဲဆိုထားသည်ဟု တိမ်းရှောင်နေ သည့် သားဖြစ်သူက ဆိုသည်။
စစ်ကောင်စီသည် CDM ပညာရေးဝန်ထမ်းများကို ဖမ်းဆီးရာတွင် တိုက်ရိုက်မသက်ဆိုင်သည့် မိသားစု ကိုပါ ဖမ်းဆီးနေသည့်အတွက် CDM ဝန်ထမ်းများခက်ခဲမှုများလာသည်ဟု မန္တလေးမှအထက်တန်းပြ ကျောင်းဆရာတစ်ဦးက ပြောသည်။
“ကိုယ့်ထက် မိသားစုကို နှိပ်စက်မှာ၊ ရန်ရှာမှာတွေစိုးရိမ်တယ်။ ကိုယ့်မှမမိရင် မိသားစုကို ဘယ်တော့ ရန်လာရှာမလဲ တွေးပူနေရတယ် အဲဒီလို ယုတ်မာမှုတွေကြောင့် CDM တွေ အဆုံးထိ တောင့်မခံနိုင်မှာ စိုးရိမ်နေရတယ်”
“ရရာအလုပ် လုပ်မယ်ဆိုတော့လည်း အလုပ်ရှင်တွေက CDM တွေမို့ မခန့်ရဲ ခေါင်းရွက်ဗြက်ထိုးဈေး ရောင်းမယ်ဆိုတော့လည်း အပြစ်ရှာဖမ်းနေလို့ ထွက်ပြေးရ၊ အစကတည်းက လစာလေးနဲ့ ရပ်တည်နေရတဲ့ မိသားစုတွေမို့ ခက်ခဲလွန်းလို့ ၅၀၀၊ ၁၀၀၀ ကူညီကြပါဦးလို့ မျက်နှာအောက်ချ အကူအညီတောင်းနေ ကြရတယ်” ဟုလည်း အထက်ပါ ကျောင်းဆရာက ဆက်ပြောသည်။
CDM ဝန်ထမ်းများကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရပေ။
ပညာရေးဝန်ထမ်းများ အပါအဝင် CDM ပြုလုပ်သူများ လုပ်ငန်းခွင်ပြန်ဝင်ကြရန် စစ်ကောင်စီက ယင်း ထိန်းချုပ်သည့် မီဒီများမှတဆင့် အကြိမ်ကြိမ်ဖိတ်ခေါ်လျက်ရှိသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် ကျန်းမာရေး၊ ပညာရေး၊ မီးရထားဝန်ထမ်းများအပါအဝင် တစ်နိုင်ငံလုံးမှ ဝန်ထမ်းအများစုက CDM ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ၏ ဖိအားကြောင့် ခံဝန်ထိုးကာ လုပ်ငန်းခွင်ပြန်ဝင်သူများလည်း ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယခုလ ၁၄ ရက်နေ့ ထုတ်ပြန်ချက် အရ လူပေါင်း ၁၂,၄၀၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထိုအထဲတွင် ပညာရေးနယ်ပယ်မှ ၁,၄၄၇ ဦး ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)