သတင်း

ပုလဲမြို့ မွေ့တုံရွာ မီးလောင်ပြင်ရှိ ယာယီတဲများကို စစ်တပ်မီးရှို့

နှစ်ကြိမ်မီးရှို့ခံထားရသော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မွေ့တုံရွာကို စက်တင်ဘာ ၁၃ နံနက်တွင် စစ်ကောင်စီတပ် ရောက်ရှိလာပြီး မီးလောင်မြေရှိ ယာယီတဲများကိုပါ မီးရှို့သွားသဖြင့် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားကြောင်း သိရသည်။

မြို့မှ ၅ မိုင်ခန့်အကွာ ပုလဲ – ဂန့်ဂေါ လမ်းမအနီး မွေ့တုံရွာသို့ စစ်သားများ ရောက်လာခြင်းမှာ မီးရှို့ရန်အတွက် ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“မနက် ကိုးနာရီလောက်မှာ စစ်ကြောင်းဝင်လာတယ်။ ဝင်လာပြီးပြီးချင်းကို မီးတန်းရှို့တာ။ တစ်ရွာလုံးနီးပါး ပြာကျသွားပြီ” ဟု ၎င်းက ပြောသည်။

ရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့သက်သက် မီးရှို့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်သည် မွေ့တုံကျေးရွာကို ယခုနှစ် ဇန်နဝါရီလ၊ ဧပြီလတို့တွင် မီးရှို့ခဲ့သည်။

ဒေသခံအများစု မီးလောင်ပြင်ရွာမြေတွင် ဝါးတဲအိမ်များ ဆောက်လုပ်နေထိုင်ကြရာမှ ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“ရွာထဲမှာ ပြန်နေဖို့က အခက်အခဲဖြစ်သွားပြီ။ အရင်မီးရှို့ခံရတုန်းကတော့ အိမ်တွေကို တဲထိုးပြီး၊ ပြန်ဆောက်ပြီး နေကြတာ။ အခု အဲဒါတွေပါ မီးရှို့ခံရတော့ ပြန်နေဖို့ ခက်ခဲသွားပြီ”

လက်ရှိတွင် ထိုရွာမှ ဒေသခံအများအပြားသည် နီးစပ်ရာ ကျေးရွာနှင့် တောတောင်များအတွင်း ထွက်ပြေးနေရပြီး နေထိုင်စားသောက်ရေး ခက်ခဲနေသည်ဟု သိရသည်။

မွေ့တုံရွာကို မီးရှို့ခဲ့သောစစ်ကြောင်းသည် ယမန်နေ့ (စက်တင်ဘာ ၁၄) နံနက်တွင် ရွာမှ ပြန်ထွက်သွားပြီး ကပ်လျက်ဖြစ်သည့် မင်းရွာကို ရောက်ရှိနေသည်ဟု ပုလဲနယ်အတွင်း အခြေချလှုပ်ရှားနေသည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပုလဲမြို့နယ်သီတင်းအရှေ့ (မင်းမအနောက်) ရွာအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ ရှင်းလင်းရေးဆောင်ရွက်နေသည်ကို မေလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Royal Eagle PDF ပုလဲတပ်ရင်း ၁)

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မွေ့တုံရွာထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း သူက ဆိုသည်။

ယင်းစစ်ကြောင်းသည် စက်တင်ဘာလဆန်းက ဆားလင်းကြီးမြို့နယ်မှ ပုလဲမြို့နယ်အတွင်းကို ဝင်ရောက်လာ ပြီး ရွာစဉ်လှည့်လည်ကာ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ဇန်နဝါရီ ၃၁ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က မွေ့တုံရွာနှင့် အခြားရွာတစ်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး မွေ့တုံရွာမှ အိမ်ခြေ ၂၀၀ ကျော် မီးလောင်ခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအများစု မီးရှို့ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိဘဲ အမြဲလိုလို ရေငုံနှုတ်ပိတ်နေလေ့ရှိသည်။ 

Data For Myanmar အဖွဲ့၏ ဩဂုတ်လ ၂၇ ရက် ထုတ်ပြန်ထားသည့် စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း ၂၀,၁၅၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ၎င်းကို လက်နက်ကိုင်ပြန်ခုခံသူများ ရှိသော စစ်ကိုင်းတိုင်းနှင့် အခြားဒေသများတွင် လက်နက်ကိုင်များကို ဒေသခံများက ထောက်ပံ့မှုများ မပြုလုပ်နိုင်စေရန် လူနေရွာများကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။ 

နိုင်ငံတကာကလည်း သတ်ဖြတ် မီးရှို့မှု ရပ်ဆိုင်းပေးရန် စစ်ကောင်စီကို ပြောဆိုထားသည်။ 

စစ်ကောင်စီကမူ စစ်သားများက ပြည်သူတို့ကို အကာအကွယ်ပေးနေကြောင်း၊ မီးရှို့မှု ကျူးလွန်ခြင်းမရှိကြောင်း  ပြန်ပြောတတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button