သတင်း

ကြည့်မြင်တိုင် အေးရွာသင်္ချိုင်းဟောင်း နေရာရွှေ့မည့်ကိစ္စ ယာယီဆိုင်းငံ့လိုက်ရ

ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ် အေးရွာရပ်ကွက်ရှိ နှစ် ၁၀၀ ခန့် သက်တမ်းရှိ သင်္ချိုင်းကို အာဏာပိုင်များက ဖျက်သိမ်းပြီး သင်္ချိုင်းနေရာသစ်သို့ ပြောင်းရွှေ့ရန် ကြိုးပမ်းချက်မှာ ရပ်ကွက်နေပြည်သူများ ပိတ်ဆို့တားဆီးမှု ကြောင့် ယာယီရပ်ဆိုင်းထားလိုက်ရသည်။

အာဏာပိုင်များက သင်္ချိုင်းမြေနေရာဟောင်းသည် မြစ်ကမ်းနားတွင် တည်ရှိသဖြင့် မြစ်ရေတိုက်စားမှုကြောင့် တဖြည်းဖြည်း နေရာကျဉ်းမြောင်းလာသောကြောင့် နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ရခြင်းဖြစ်သည်ဟု ပြောသည်။

အေးရွာ ဒေသခံများအဆိုအရမူ ရှစ်ပေခန့်ကျယ်သည့် သင်္ချိုင်းသွားရာ မြေနီလမ်းမှာ ရပ်ကွက်ချင်းဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး ညဘက်အလုပ်သွား၊ အလုပ်ပြန် ကျောင်းသွားကျောင်းပြန် ဖြတ်သန်းသွားလာသည့် တစ်ခုတည်းသော လမ်းဖြစ်ကြောင်း၊ ထိုလမ်းဘေးတွင် ကုမ္ပဏီမှငွေဖြင့် ဝယ်ယူခဲ့သည့် ကုမ္ပဏီပိုင်မြေနေရာများရှိကြောင်း၊ ထိုသင်္ချိုင်းကို ဖျက်သိမ်းပြီး သင်္ဘောတင်ပို့၊ တင်ချ ပြုလုပ်သည့် ကုမ္ပဏီများက ဝယ်ယူမည်ဆိုသည့် သတင်းကို ကြားသိထားရပြီး ယင်းသို့ဝယ်ယူမှာကို စိုးရိမ်ကြောင်း ပြောသည်။

သင်္ချိုင်းပြောင်းရွှေ့ပါက ယင်းလမ်းကို ပိတ်လိုက်မည်ဖြစ်ပြီး ဒေသခံများက သင်္ချိုင်းအသစ်ထားရှိရာ ရွာနောက်ဘက် လယ်ကွင်းများမှ ဖြစ်သန်းသွားလာရမည်ဟု ၎င်းတို့က ပြောသည်။

ဇူလိုင်လ ၂၁ ရက် (ယနေ့) တွင် ကြည့်မြင်တိုင်မြို့နယ် အေးရွာရပ်ကွက်သို့ ရဲအင်အား ၃၀ ခန့် နှင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ ၁၀ ဦးခန့် မွန်းလွဲ ၂ နာရီခန့်တွင် ရပ်ကွက်အဝင်လမ်းသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူ ၁၀၀ ကျော်က သင်္ချိုင်းဝင်ပေါက်တွင် ပိတ်ဆို့တားဆီးခဲ့ကြသည်။

သုသာန်သို့သွားရာ လမ်းသုံးပေါက်ကို ရပ်ကွက်နေပြည်သူက ပိတ်ဆို့ထားပြီး “သင်္ချိုင်းသစ်ကို ဖျက်ပေးပါ အများပြည်သူသွားရာလမ်း ပိတ်ပင်မှု အလိုမရှိ” စသည့် ဟစ်အော်ကြွေးကြော်မှုများ ပြုလုပ်ခဲ့သည်။

“မုဒိမ်းမှုတွေ ဒီလောက်ဖြစ်နေတာ ကျောင်းသွားကျောင်းပြန်ကလေးတွေကို လယ်ကွင်းဘက်တွေက ဖြတ်သွားခိုင်းရမှာလား။ တစ်ကိုယ်ထဲချမ်းသာဖို့ ရွာကိုဒုက္ခလာပေးတာ” ဟု ပိတ်ဆို့တားဆီးထားသည့် ရပ်ကွက်နေ အမျိုးသမီးတစ်ဦး က ပြောသည်။

“ကျွန်မတို့ လုံးဝ အရွှေ့မခံနိုင်ဘူး။ သူတို့ဘက်က အတင်းအကျပ်လုပ်ရင် ကျွန်မတို့ဘက်ကလည်း ညမအိပ်ဘဲ သင်္ချိုင်းထဲစောင့်ရမှာပဲ” ဟု ဒေသခံတစ်ဦးဖြစ်သည့် အသက် ၄၀ ကျော် ဒေါ်ညိုက သင်္ချိုင်းဇရပ်ထဲတွင် ပြောသည်။

သင်္ချိုင်းသစ်တည်ဆောက်ကာ အဟောင်းကို ပြောင်းရွှေ့ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက် ရရှိထားပြီဖြစ်ကြောင်း အေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောသည်။

“သင်္ချိုင်းဟောင်းဖယ်ပြီးရင်တော့ ဒီမြေနေရာကို ကျွန်တော်တို့ရပ်ကွက်က ရပ်မိရပ်ဖတစ်ယောက်ယောက်စီ အပ်မှာပေါ့။ ထပ်မြှုပ်လို့မရတော့ဘူး။ အောက်မှာ အလောင်းတွေကထပ်နေပြီ” ဟု Myanmar Now ကို ပြောသည်။

အဆိုပါသင်္ချိုင်း၏ယခင် ဧရိယာအကျယ်အဝန်းမှာ သုည ဒသမ ၆၈ ဧက ရှိခဲ့ပြီး ယခုအချိန်တွင် ကမ်းပါးရေတိုက်စားမှုကြောင့် သုည ဒသမ ၀၆ ဧကသာ ကျန်ရှိကြောင်း ကြည့်မြင်တိုင်မြို့နယ် မြေစာရင်းရုံးက ထုတ်ပြန်သည့် အကျယ်အဝန်းကို ကိုးကား၍ ပြောသည်။

အုပ်ချုပ်ရေးပိုင်းမှ ၂၀၁၇ တွင် တည်ဆောက်ပေးခဲ့သည့် သင်္ချိုင်းသစ်မှာ လူလျှောက်သည့်လမ်းတချို့တွင် ချိုင့်ဝင်ပျက်စီးမှုများ ရှိနေပြီး ဒေသခံများက ယခုအချိန်ထိ ထိုသင်္ချိုင်းသစ်ကို အသုံးပြုခြင်း မရှိသေးပေ။

ယင်းသင်္ချိုင်းသစ် ဖျက်သိမ်းပေးရန် ရပ်ကွက်ရှိလူထုထံမှ လက်မှတ်ကောက်ခံသွားမည်ဖြစ်ပြီး လာမည့် သီတင်းပတ်ထဲတွင် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကို အသနားခံစာ တင်ပြသွားမည် ဟု သိရသည်။

ရပ်ကွက်လူထု၏ တားဆီးမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနှင့် ရဲတပ်ဖွဲ့တို့သည် ရွှေ့ပြောင်းသည့်ကိစ္စကို မလုပ်ဆောင်တော့ဘဲ အဆိုပါရပ်ကွက်မှ ညနေ ၅ နာရီခွဲခန့်တွင် ထွက်ခွာခဲ့ကြသည်။ ဖြစ်စဉ်အတွင်း အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်း မရှိပါ။

Show More

Related Articles

Back to top button