သတင်း

ကောလင်းတိုက်ပွဲအတွင်း တော်လှန်ရေးသမား ၈ ဦးနှင့် အရပ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်က စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား ၄နာရီဝန်းကျင်ကြာ ပြင်းထန်သော တိုက်ပွဲများအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များအပြင် အရပ်သားအချို့ပါ သေဆုံးခဲ့ရသည်။

ကန့်ဘလူမြောက်ပိုင်း ကိုးတောင်ဘို့ရွာတွင် အခြေစိုက်သည့် စစ်တပ်က နယ်မြေစပ်လျက်ရှိ ကောလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် ဒေါ်လှမိတောင်ခေါ် အရိုးတောင်ပေါ်၌  မွန်းလွဲ ၂ နာရီမှ ၅ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်သားများ သေဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း လက်လုပ်သေနတ်များဖြင့် ခုခံခဲ့သည့် တော်လှန်ရေးသမား ၈ ဦး၊ စစ်ကြောင်းဖြတ်သန်းသွားသည့် ကပ်ပ္ဖလူးရွာပြင်ရှိ လယ်ကွင်းထဲတွင် သေနတ်ဒဏ်ရာရထားသည့် အရပ်သား ၂ ဦးတို့၏ ရုပ်အလောင်းများကို ယနေ့ (စက်တင်ဘာ ၁၃) ရှာတွေ့ကြောင်း ကောလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဘက်က ပြောသည်။ 

အရပ်သား ၂ ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ၃၂ နှစ်အရွယ် ကျောင်းဆရာ ကိုချမ်းသာ၊ ၂၂ နှစ်အရွယ် အရပ်သား ကိုသိန်းဇော်တို့ဖြစ်ကြောင်း၊ သေဆုံးသည့် အဖွဲ့ဝင်များ၏ အသေးစိတ်အချက်အလက်တို့ကို ထုတ်မပြောနိုင်ကြောင်း ကောလင်းမြို့နယ် ပကဖ ခေါင်းဆောင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း မောင်းပြန်သေနတ်ရှိသည့် ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပါဝင်ခဲ့သော်လည်း တော်လှန်ရေးသမားအများစုတွင် လုပ်သေနတ်သာရှိကြောင်း၊ စစ်တပ်ဘက်မှ ပခုံးထမ်းလောင်ချာများပါ သုံးခဲ့ရာ တပ်ဆုတ်ပေးလိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ဘက်က လက်နက်အင်အားမမျှတာလေ” ဟု ထိုသူက မှတ်ချက်ပြုသည်။

ခုခံစစ်မှသည် တန်ပြန်စစ် စတင်တော့မည်ဟု ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တော်လှန်ရေးအဖွဲ့များထံ လက်နက်တပ်ဆင်မှု အခြေအနေကို မသိရသေးပေ။

သေဆုံးသည့် တော်လှန်ရေးသမားများမှာ ဒဏ်ရာဖြင့် ကျန်ခဲ့သူ ပကဖ ၂ ဦးကို သွားကယ်သည့် အဖွဲ့မှ ပကဖ ၅ ဦး၊ ကောလင်းခရိုင် PDF ၃ ဦးဖြစ်ကြောင်း၊ စစ်ကြောင်း ပြန်ထွက်ချိန် ယနေ့ (စက်တင်ဘာ ၁၃) နံနက်တွင် အလောင်းကောက်ကာ  အရပ်သား ၂ဦးနှင့်အတူ မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း သိရသည်။

“(သွားကယ်တဲ့အဖွဲ့) ကိုယ့်ဘက်က မောင်းပြန်တစ်လက်ပဲ ပါတယ်။ လက်လုပ်တွေပဲ ကိုယ့်ဘက်က ပါတာ၊ သူတို့ (စစ်တပ်) က တောင်ရိုးပေါ်ကနေ ကုန်းမြင့်ပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်နဲ့ ဆွဲနေတာ။ စနိုက်ပါနဲ့ပါ ပစ်နေတာ၊ ကိုယ်လူတွေက လယ်ထဲ ဆင်းပြေးရတာ။ သူတို့နေရာယူထားပြီးသားနေရာကို သွားလိုက်သလိုဖြစ်သွားတာ” ဟု အထက်ပါ ပကဖ တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ပွဲအပြီးတွင် အင်အား ၈၀ ပါ စစ်ကောင်စီတပ်ဖွဲ့က အရိုးတောင် အရှေ့ဘက်၊ ရွာချင်းဆက်ရှိသည့် ဇီးကုန်း၊ အင်ပင်သာ၊ ကပ္ဖလူးရွာတို့တွင် ဖြန့်၍ တပ်စွဲကြောင်း၊ ယနေ့ နံနက် ကိုးတောင်ဘို့ဘက် စစ်ကြောင်းပြန်ထွက်ချိန်တွင် ထမ်းစင် ၃ ခုဖြင့် အလောင်း (သို့မဟုတ်) ဒဏ်ရာရသူများကို သယ်သွားကြောင်း ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းမှာ ထင်ရှားစွာပါဝင်သည်။ စစ်တပ်လက်ချက်ဖြင့် အိုးအိမ်ပျက်စီးဆုံးရှုံးသည့် ဒေသစာရင်းတွင် စစ်ကိုင်းသည် ထိပ်ဆုံးမှဖြစ်သည်ဟု အရပ်ဘက် အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ စာရင်းတွင် တွေ့ရသည်။

အထက်ပါအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီထံသို့ မေး၍မရပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button