သတင်း

မန္တလေးတွင် အမျိုးသား ၃ ဦး၏ အလောင်းများ လမ်းပေါ်တွင် စွန့်ပစ်ထား

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း-မန္တလေးကားလမ်း ဧရာဝတီမြစ်တာရိုး၊ တံတားဖြူရေထိန်းတံတားအနီး ကားလမ်းဘေးတွင် စက်တင်ဘာ ၁၁၊ နံနက် ၆ နာရီခန့်က အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သေဆုံးနေသူတို့မှာ အသက် ၃၀ ဝန်းကျင် လူငယ်များဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သားတို့ သုံးလေ့ရှိသည့် သွေးသောက်ဆိုသည့် စာသားပါ ကတ်ပြားများ ရုပ်အလောင်းများတွင် တွေ့ရကြောင်း မျက်မြင်များကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

“လည်လှီးသတ်ခံထားရတာ။ သတ်ပြီးမှ လာစွန့်ပစ်တာလို့ ထင်တယ်။ ဘယ်သူမှတော့ မမြင်လိုက်ဘူး။ ဒီနေရာက မနက် လေးနာရီ ငါးနာရီဆိုရင်ကို ကုန်တင်ကားတွေက ဖြတ်နေတော့ ညဦးပိုင်းကတည်းက လုပ်တာလို့ ယူဆရတယ်။ အလောင်းမှာလည်း မိုးရေတွေ ရွှဲနေတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

သွေးသောက်အမည်ရ အဖွဲ့မှာ လူမှုကွန်ရက်တစ်ခုဖြစ်သည့် တယ်လီဂရမ်တွင် ဧပြီ ၂၄ ရက်နေ့က စတင် ပေါ်ပေါက်လာသည်။ ထို့နောက် တစ်လအတွင်း မန္တလေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်စပ်သူ ၇ ဦးထက်မနည်း သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များတွင် သွေးသောက်ဆိုသော စာသားပါ ကတ်ပြားများ ရုပ်အလောင်းအနီးတွင် တွေ့ရသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ ပေါ်ပေါက်လာချိန်တွင် တော်လှန်သူများကို နှိမ်နင်းရန် စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသည့် အရပ်သားတချို့ကို လက်နက်တရားဝင် တပ်ဆင်ပေးနေသည်။

စစ်တပ်က ပြည်သူ့စစ်ဟု ခေါ်ဆိုပြီး အများက ပျူစောထီးဟု ခေါ်ကြသည့် အဖွဲ့တချို့ကို မန္တလေးမြို့ ရပ်ကွက်အသီးသီး၌ စစ်ကောင်စီက လက်နက်အပ်ပွဲများ ပြုလုပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button