သတင်း

မတူပီ CDF စစ်ဆေးရေးဂိတ်တွင် အရပ်ဝတ် စစ်သား ၃ ဦး ဖမ်းမိ

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၏စစ်ဆေးရေးဂိတ်ကို ဖြတ်လာသည့် စစ်ကောင်စီတပ်သား ၃ ဦး ဖမ်းမိခဲ့ပြီး စစ်ဆေးနေကြောင်း CDF မတူပီထံမှ သိရသည်။

ခြေလျင်တပ်ရင်း (ခလရ) ၁၀၆ တပ်မှ တပ်သားအဆင့် ၃ ဦးကို အရပ်ဝတ်ဖြင့် စက်တင်ဘာ ၇ က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း CDF မတူပီ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“ခလရ ၁၀၆ ကပါ။ သူတို့က ဂိတ်ဘက်ကို ဖြတ်လာတာ။ ကျွန်တော်တို့က ဂိတ်စောင့်နေတာ။ လက်နက်တွေတော့ ဘာမှ မပါဘူး။ လက်ပစ်ဗုံးတစ်လုံးပါလာတယ်။ အဲဒါကို ကျွန်တော်တို့ သိမ်းလိုက်တယ်။ သူတို့က မခုခံဘူး။ သူတို့က ဂိတ်ထဲမှာ ဒီအတိုင်းဝင်လာတာ။ …. လက်ပစ်ဗုံးဖွက်ထားပြီးတော့ ရိုးရိုးအရပ်သားပုံစံနဲ့ ဂိတ်ကို ဖြတ်လာတာ” ဟု ဆိုသည်။

ထို ၃ ဦးမှာ ရခိုင်ပြည်နယ်ဘက်မှ လာသည်ဟု ယူဆရပြီး အသေးစိတ်အချက်အလက်များကို CDF ဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

ခလရ ၁၀၆ သည် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၉) လက်အောက်ခံတပ် ဖြစ်သည်။ 

မတူပီမြို့နယ်တွင်  ခြေလျင်တပ်ရင်း ၁၄၀၊  ခြေမြန်တပ်ရင်း ၃၀၄ နှင့် စစ်ဗျူဟာတစ်ခု အခြေစိုက်ထားသော်လည်း မြို့ပေါ်ရပ်ကွက်များကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်သည်၊ ကျန်ဒေသများတွင် CDF က ထိန်းချုပ်ထားပြီး ဂိတ်စခန်းများ ဖွင့်လှစ်ထားသည်ဟု CDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“သူတို့ (စစ်တပ်) က မြို့ထဲမှာပဲ နေတော့တာ။ ဘေးပတ်ပတ်လည်ရွာတွေကို CDF က ထိန်းချုပ်ထားတယ်။ ပညာရေးတွေကအစ အကုန်လည်ပတ်နေတယ်။ မြို့ပေါ်မှာ သူတို့ကျောင်းဖွင့်ပေမဲ့ တက်တာက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့က နယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရတယ်” ဟု သူက ပြောသည်။

မြို့နယ်အတွင်း အဓိကလမ်းမကြီးများဖြစ်သည့် မင်းတပ် – မတူပီလမ်း၊ ဟားခါး -မတူပီလမ်း၊ ပလက်ဝ – မတူပီလမ်း၊ လိုင်လင်းပီ – မတူပီလမ်းပိုင်းတွင် CDF မတူပီက စစ်ဆေးရေးဂိတ်များ ဖွင့်ထားကြောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်း ရှိ မရှိ စစ်ဆေးနေကြောင်း  သိရသည်။ 

“အဓိက စစ်ဆေးတာက Non CDM အချက်အလက်တွေကို စာရင်းနဲ့ သေချာလုပ်ပြီးတော့ Non CDM တွေကို စစ်တယ်။ … ဧည့်သည်တွေကို စစ်တယ်” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို အစောဆုံးတုံ့ပြန်ခဲ့သည့် ချင်းပြည်နယ်တွင် မြို့နယ်အလိုက်ဖွဲ့ထားသည့် ဒေသကာကွယ်ရေးအဖွဲ့များ အားကောင်းနေသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဧပြီလအထိ တစ်နှစ်တာကာလအတွင်း CDF မတူပီနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း ၆၀ နီးပါး ဖြစ်ပွားခဲ့ပြီး ၁၅ ဦးကျဆုံးကာ တပ်ဖွဲ့ဝင် ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF Matupi က ဧပြီလက ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button