သတင်း

ထောင်ဖောက်ပြေးသည့် PDF နှင့် နိုင်ကျဉ်း လူငယ်များ လုံခြုံရာသို့ရောက်

စက်တင်ဘာ ၁၀ ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူထောင်ဖောက်ပြီး ထွက်ပြေးလာသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်နှင့် နိုင်ငံရေးအကျဉ်းသား အသက် ၂၀ ဝန်းကျင် လူငယ် ၅ ဦး လုံခြုံသည့်နေရာသို့ ရောက်သွားပြီဖြစ်သည်။

ထောင်အိပ်ဆောင်တွင် သံတိုင် (သို့မဟုတ်) သစ်သားတိုင်ဖြင့် ကာရံထားသည့် ဘာယာတန်းအောက်ခြေကို ဖြတ်တောက်ကာ နံနက် မိုးမလင်းမီ ထောင်မှ ထွက်သွားနိုင်ခဲ့သည်၊ မြင့်မားသည့် ထောင်အုတ်ရိုးကို ကျော်တက်ရန် ခြုံစောင်နှင့် ပုဆိုးများအသုံးပြုခဲ့ကြသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။ အသေးစိတ်မသိရပါ။

လွတ်မြောက်လာသူတို့မှာ မကြာသေးမီက ကရင်ပြည်နယ်တွင် စစ်သင်တန်းတက်ခဲ့သည့် PDF ၂ ဦး၊ အာဏာသိမ်းမှု ဆန့်ကျင်၍ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးဖြစ်သည်ဟု ထိုသူက ပြောသည်။

ထောင်ဒဏ်သုံးနှစ်ကျခံနေသော ကိုစောထွန်းလင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသော ကိုကျော်ရဲလွင်၊ ကိုကောင်းညွန့်လူ၊ ကိုမျိုးလင်းအောင်နှင့် ကိုဝေဖြိုးသူတို့ဖြစ်သည်ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။ မည်သူတို့က မည်သည့်အမှုဖြင့် အကျဉ်းကျနေသည်ကို သီးခြား အတည်မပြုနိုင်သေးပါ။

ဒေသကာကွယ်ရေးအဖွဲ့များ၊ ပြောက်ကျားအဖွဲ့များက ထိုသူတို့ကို လုံခြုံရာသို့ ပို့လိုက်ပြီဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ထောင်ကနေ လွတ်မြောက်လာတာကတော့ သူတို့ကြိုးပမ်းမှုနဲ့ပါ။ ပခုက္ကူမြို့တစ်နေရာကို ရောက်တဲ့တစ်ချိန်မှာ မြို့နယ်ပကဖကို ဆက်သွယ်လာတယ်။ သူတို့ကို ဘေးကင်းတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

လူငယ် ၅ ဦးမှာ ထွက်ပြေးချိန်တွင် ဒဏ်ရာအနည်းငယ် ရထားကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို ထုတ်ပြန်ဦးမည် မဟုတ်ကြောင်း အထက်ပါ ပကဖ တာဝန်ခံက ဆက်ပြောသည်။

“လျှပ်စစ်လွှတ်ထားတဲ့နေရာတွေကို ဖြတ်ကျော်ရတာ၊ အမြင့်က ခုန်ချရတာတွေကြောင့် ထိခိုက်ဒဏ်ရာတွေတော့ ရလာပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသူတို့ ထွက်ပြေးသွားပြီးနောက်တွင် ပခုက္ကူအကျဉ်းထောင်သို့ စစ်ကောင်စီတ်သားများ ရောက်လာကာ အကျဉ်းသား ၅ ဦးခန့်နှင့် ထောင်ဝန်ထမ်းတချို့ကို ကား ၄ စီးဖြင့် ခေါ်ဆောင်သွားကြောင်း၊ မြို့တွင် လုံခြုံ ရေး အထူးတင်းကျပ်ခဲ့ကြောင်း ပကဖ တာဝန်ခံထံမှ သိရသည်။

PDF လူငယ်များ ထောက်ဖောက်လွတ်မြောက်သွားသည့်ဖြစ်စဉ်ကြောင့် ပခုက္ကူအကျဉ်းထောင်မှူးနှင့် ဝန်ထမ်းအများအပြားကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်သေးသလို  အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပါ။

အောင်မြင်သည့် ထောင်ဖောက်ပြေးမှုမှာ စစ်တပ်အာဏာသိမ်းထားသည့် ၁ နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဇွန်လက ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဝေါလေရဲစခန်းကို တော်လှန်ရေးသမားများက ဝင်ရောက် သိမ်းပိုက်နိုင်သဖြင့် ထိုစခန်းတွင် ရက် ၁၀၀ ကျော် ဖမ်းချုပ်ခံထားရသည့် PDF စစ်သည်များကို ကယ်ထုတ်နိုင်ခဲ့သည်။  

စစ်ကိုင်းတိုင်းအတွင်းတွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားသော ဒေသခံများကို PDF တို့ တွေ့ရှိ ကယ်ဆယ်နိုင်သည့် သတင်းတချို့လည်း တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သည်။

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဆက်လက် ဖမ်းဆီးခံထားရသူ ၁၅,၀၀၀ ကျော်၊ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂,၀၀၀ ကျော် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်က နေရာအနှံ့တွင် တရားလက်လွတ် ဖမ်းဆီးနေသဖြင့် အကျဉ်းးသားစာရင်းမှန်မှာ မည်သည့်အဖွဲ့အစည်းတွင်မှ ရှိမနေပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button