သတင်း

ကုမ္ပဏီများသိမ်းယူထားသည်ဆိုသည့် ရန်ကုန် ဒဂုံမြို့သစ် ၄မြို့နယ်မှ လယ်မြေများကို လယ်သမားများ ပြန်တောင်း

(ရန်ကုန်) – ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်မှ ကုမ္ပဏီများရယူထားသည့် လယ်ဧက ၂ သောင်းကျော်ပြန်ရရေး လယ်ယာမြေစိစစ်ရေးကော်မတီက ဆောင်ရွက်ပေးရန် မူလစိုက်ပျိုးခဲ့သည်ဆိုသည့် လယ်သမားများက ယနေ့တွင် တောင်းဆိုလိုက်သည်။

၎င်းတို့စိုက်ပျိုးနေသော လယ်ယာမြေများကို မြို့သစ်စီမံကိန်းအကြောင်းပြချက်ဖြင့် ၁၉၉၃- ၉၄ ခုနှစ်တွင် အစိုးရက သိမ်းယူသွားသော်လည်း စီမံကိန်းအကောင်အထည်မဖော်သည့် မြေလွတ်အများအပြားရှိကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ စစ်ပင်တောင်ရပ်ကွက်ရှိ ဓမ္မာရုံတွင် သတင်းစာရှင်းလင်းပွဲ တွင် လယ်သမားများက ဆိုသည်။

မြို့သစ်မံကိန်း အကောင်အထည်မဖော်လာဘဲ လယ်မြေများအားသိမ်းယူပြီး နောင်လေးနှစ်အကြာ ၁၉၉၈တွင် ကုမ္ပဏီများနှင့် မူလလယ်သမားများ ပူးပေါင်းကာ ကန်ထရိုက်လယ်ယာမြေစနစ်ကို အကောင်အထည်ဖော်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်ခဲ့သော အသိမ်းခံလယ်သမားများက ပြောသည်။

မူလကတည်းက စိုက်ပျိုးခဲ့သည်ဆိုသည့် လယ်သမားများနှင့် ကုမ္ပဏီများအကြား လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အငြင်းပွားခဲ့ကြသောကြောင့် ၂၀၁၃ တွင် လယ်ယာမြေစိစစ်ရေးကော်မတီက ဝင်ရောက်စစ်ဆေးခဲ့ရသည်။

လယ်သမားများကို ကုမ္ပဏီဘက်မှ ကရုဏာကြေးအဖြစ် တစ်ဧကလျှင် ကျပ် ၂၅ သိန်းကို နှစ်ရစ်ပေးအပ်ခဲ့ပြီးနောက် လယ်သမားများထံမှ ကုမ္ပဏီများက အပြီးအပိုင်သိမ်းပိုက်ပြီး အစိုးရမှလည်း လယ်ယာမြေမှ မြို့အိမ်ရာတည်ဆောက်ခွင့် ပုံစံ ၇ ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒဂုံအရှေ့ပိုင်းမြို့နယ်မှ လယ်ဧက ၆၃ ဧကကျော် အသိမ်းခံလိုက်ရသည့် လယ်သမား ဦးမောင်စိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“၂၀၁၃ ခုနှစ်မှာ တစ်ဧကကို ကျပ် ၂၅ သိန်းဆိုပြီး ကရုဏာကြေးပေးတဲ့အခါမှာလည်း တချို့လယ်သမားတွေ မရခဲ့တာ၊ မယူခဲ့တာတွေ ရှိပြန်တယ်။ အဲ့ဒီလယ်တွေကို ကျွန်တော်တို့ကတော့ လယ်သမားပီပီ လယ်ပြန်ရဖို့ပဲ တောင်းဆိုချင် တယ်” ဟု သူက ဆိုသည်။

သိမ်းယူထားသော လယ်မြေများကို ကန်ထရိုက်စနစ် ဖော်ဆောင်ရန်အတွက် ချထားပေးခဲ့သည့် ကုမ္ပဏီ ၁၆ ခုဝန်းကျင်ရှိခဲ့ပြီး အဆိုပါကုမ္ပဏီများထဲတွင် ယခင်ဦးသိန်းစိန်အစိုးရလက်ထက် လယ်ယာနှင့် ဆည်မြောင်းပြည်ထောင်စု ဝန်ကြီးဖြစ်ခဲ့သည့် ဦးမြင့်လှိုင်မိသားစု ပိုင်ဆိုင်သည့် ကုမ္ပဏီလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ၎င်းတို့ထံမှ ရရှိခဲ့သည့် အထောက်အထားတချို့အရ သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်းတွင်ပင် တောင်တလုပ်အရပ်ရှိ ဧက ၅၆၀ ကို မြင့်ဇေယျာကုမ္ပဏီ၊ တောင်တလုပ်အရပ်ရှိလယ်ဧက ၅၇၇ ဧကကို လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်၏ ဆင်းရွှေလီကုမ္ပဏီ (ဇေယျာပရီမီယာကုမ္ပဏီ)၊ စစ်ပင်တောင်အရပ်ရှိ ဧက ၅၉၅ ဧကကို လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်၏ ဆင်းရွှေလီကုမ္ပဏီ(ဇေယျာပရီမီယာကုမ္ပဏီ)၊ တောင်တလုပ်အရပ်ရှိ လယ်ဧက ၅၆၀ ကို ယုဇနကုမ္ပဏီ၊ ရွာသာကြီးနှင့် ဒဂုံအရှေ့စပ်ကြားရှိ လယ်ဧက ၆၅၈ ကို ဦးဝင်းအောင်(ဒဂုန်အင်တာနေရှင်နယ်ကုမ္ပဏီ) တို့က လယ်ယာမြေပိုင်ဆိုင်ခွင့်လျှောက်ထားမှုကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ၂၀၁၃ ခုနှစ် ၁၀ လပိုင်းက အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ဖူးကြောင်း လယ်သမားများထံမှ သိရသည်။

ထို့အပြင် လယ်သမားများကို ကရုဏာကြေး တစ်ဧက ကျပ် ၂၅ သိန်း ပေးအပ်မှုတွင်လည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တစ်ခုတည်းတွင်ပင် လယ်ဧက ၆၀၀ နီးပါး သိမ်းယူထားပေမယ့် အမှန်တကယ်ပေးအပ်ခဲ့မှုသည် လယ်ဧက ၄၀၀ ကျော် သာရှိနေပြီး ဧက ၂၀၀ နီးပါးမှာ ပေးအပ်ထားမှုမရှိသည့်အတွက် မည်သည့်အတွက်ကြောင့်ဆိုသည်ကို သက်ဆိုင်ရာ မြို့နယ်အဆင့်များသို့ ရပ်ကွက်အုပ်ချုပ်ရေးအပိုင်းမှ မေးမြန်းထားခဲ့သည့် စာများလည်းရှိခဲ့ကြောင်း သိရသည်။

လယ်သမားများနှင့် ကုမ္ပဏီတို့ ချုပ်ဆိုခဲ့ကြသည့် ကရုဏာကြေး ၂၅ သိန်းပေးအပ်သည့် စာချုပ်တွင် ကုမ္ပဏီသို့ အဆိုပါလယ်မြေများကို အပြီးအပိုင် လွှဲပြောင်းပေးရမည်ဆိုသည့်အချက်အပြင် စွန့်လွှတ်လိုက်ရမည့် လယ်သမားများ အမွေစားအမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် ဥပဒေအရ တာဝန်ရှိသူများအားလုံး ပါဝင်သည်ဟု မှတ်ယူရမည်ဆိုသည့် အချက်လည်း ပါဝင်သည်။

သို့သော် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြေသော လယ်သမားအများစုက မိမိတို့သည် စာချုပ်ကို သေချာစွာ ဖတ်ရှု့ခဲ့ခြင်းမရှိသလို မိမိတို့လယ်သမားအများစုသည် ပညာအရည်အချင်း အားနည်းသူများဖြစ်ကြသည့်အတွက် စာချုပ်ပါ အချက်များအပေါ် သေချာစွာ နားလည်သဘောပေါက်ခဲ့ခြင်းမရှိခဲ့ဘဲ တချို့မှာ မည်သည့်အကျိုးခံစားခွင့်မှ မရမည့်အတူတူ ရသလောက်နှင့် ယူလိုက်မည်ဆိုသည့် စိတ်ထားမျိုးဖြင့် လက်မှတ်ရေးထိုးခဲ့ကြရခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

ထိုကုမ္ပဏီများသည် ၁၉၉၈ ခုနှစ် ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်စဉ်ကတည်းက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အပြည့်အ၀ မဖော်ဆောင်ခဲ့သလို ယနေ့အချိန်အထိလည်း သက်ဆိုင်ရာဌာနများသို့ အကြိမ်ကြိမ် တိုင်ကြားစာများ ပို့ခဲ့ပေမယ့် အရေးတယူ ဆောင်ရွက်ခြင်းမရှိသေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှ ၄ ဧကကျော် အသိမ်းခံထားရသည့် လယ်သမား ဦးမြင့်အောင်က ပြောခဲ့သည်။

“ကျွန်တော်တို့ သက်ဆိုင်တဲ့ မြို့နယ်ကနေ ခရိုင်အဆင့်အထိ စိစစ်ပေးဖို့ တိုင်စာ ၁၃ ကြိမ်အထိ တင်ခဲ့တယ်။ ကနေ့အထိ ဘာမှ မထူးခြားလာဘူး။ ၂၀၁၂ ခုနှစ်မှာ ဆန္ဒပြခဲ့ဖူးတယ်။ တချို့ဆို ကိုယ့်လယ်ပြန်ရဖို့ ထွန်တုံးတိုက်ပွဲ လုပ်လို့ဆိုပြီး တစ်နှစ်ကျော် တရားစွဲခံခဲ့ရသူတွေတောင် ရှိခဲ့ဖူးတယ်။ ၂၀၁၇ ခုနှစ်မှာ လယ်ကွက်အမည်ပေါက်ပါတဲ့ မြေပုံနဲ့တကွ တင်ပြတာကို အဲ့ဒီမြေပုံကို ဖျောက်ဖျက်ပြီး သူတို့လုပ်ချင်တဲ့ မြေပုံတွေပဲ အထက်ကိုတင်ပြတာမို့ ကျွန်တော်တို့က ကန့်ကွက် ပြောခဲ့ရဖူးတယ်” ဟု သူက ဆိုသည်။

Show More

Related Articles

Back to top button