
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းဗျုဟာအနီး ယနေ့ စက်တင်ဘာ ၁၁ နံနက်အစောပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံများ ကြားလိုက်ရကြောင်း ဒေသခံများက ပြောသည်။
နံနက် ၄ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်သံကို ထိုနေရာနှင့် တစ်မိုင်ဝန်းကျင်အတွင်း ကျေးရွာများတွင် နေထိုင်သူများ ကြားခဲ့ရသည်ဟု သိရသည်။
“စခန်းအရှေ့ဘက်က တောင်ကုန်းတောင်တန်းတွေကို ကြဲချခဲ့တာ။ ဂျက်တိုက်လေယာဉ်နဲ့ လာကြဲတာ။ ဘယ်နှစ်စီး ပါတယ်ဆိုတာကို မမြင်ရဘူး၊ အသံပဲ ကြားနေရတယ်။ (ဗုံး) ၆ လုံး ၇ လုံးလောက် ကြဲချခဲ့တယ်။ ကြောက်တာပေါ့။ နားတွေ ကွဲထွက်မတတ်ဖြစ်သွားတာ။ အိမ်တွေတောင် လှုပ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကြိမ်ချောင်းဗျူဟာအနီး ကြိမ်ချောင်းမြို့ရှိပြီး ထိုနေရာနှင့် တစ်မိုင်ခန့်အကွာတွင် မင်းကြီးရွာ၊ ရန်အောင်ပြင် စသည့် ကျေးရွာများရှိကြသည်။
“အဲဒီအနီးဝန်းကျင်မှာ AA တွေ ရှိနေနိုင်တဲ့ နေရာတွေကို အထင်နဲ့ဗုံးကြဲချတာ။ ဒေသခံတွေ အထိတ်တလန့်ဖြစ်ပြီး လန့်နိုးသွားကြတာမျိုး ဖြစ်သွားတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။
မောင်တောမြို့နယ်၊ ကြိမ်ချောင်း- ဂုပ္ပီသို့ ဆက်သွယ်ထားသည့် မေယုတောင်ကျော်လမ်းပေါ်တွင် ရှိသော စခန်းကို ခြေမြန်တပ်ရင်း (ခမရ) ၃၅၂ လာရောက်စခန်းထိုင်စဉ် စက်တင်ဘာ ၁၀ တွင် နံနက် ၆ နာရီခွဲက ဝင်တိုက်ခိုက်ပြီး တစ်နာရီခန့်အကြာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
ကျသွားသည့် ထိုစစ်တပ်စခန်းနေရာသည် အနောက်မြောက်ဘက်တွင် ကြိမ်ချောင်းဗျူဟာ၊ အနောက်ဘက်တွင် လောင်းဒုံရွာတို့ ရှိသည်။
ထို့နောက် ယနေ့ နံနက် အရုဏ်တက်ချိန် စစ်တပ်က ကြိမ်ချောင်းဗျူဟာ အနီးဝန်းကျင်မှ အောင်စစ်ပြင် ရိုဟင်ဂျာ ကျေးရွာပျက်၊ ဒိုးတန်းရွာပျက်နှင့် အရှေ့ဘက်ရှိ တောတောင်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယနေ့ နံနက် ၄ နာရီ ၂၆ မိနစ်တွင် ဂျက်တိုက်လေယာဉ်တစ်စီး ပျံသန်းလာသံ ကြားလိုက်ပြီးနောက် မိနစ်ပိုင်းအကြာ ပေါက်ကွဲသံတစ်ချက် ကျယ်လောင်စွာကြားလိုက်ရကြောင်း ကြိမ်ချောင်းဗျူဟာမှ သုံးမိုင်ခန့်အကွာ လောင်းဒုံရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လေယာဉ် ပျံလာတာကို ကြားရပြီးတာနဲ့ ပေါက်ကွဲသံတစ်ချက် ကြားလိုက်ရတယ်။ ဘယ်နားမှာ ပေါက်ကွဲတာလဲ ဆိုတာကို အတိအကျမသိရပါဘူး။ မနေ့ကတော့ ကြိမ်ချောင်းဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ လေယာဉ်တွေလာတဲ့အသံကိုလည်း ကြားလိုက်ရတယ်” ဟု ထိုလောင်းဒုံကျေးရွာသားက ဆိုသည်။

လောင်းဒုံကျေးရွာသည် မောင်တောမြို့မှ ခမောင်းဆိပ်သို့ ဆက်သွယ်ထားသည့် ကားမပေါ်တွင်ရှိပြီး ကြိမ်ချောင်းရွာအောက်ပိုင်း သုံးမိုင်ခန့်အကွာတွင် ရှိသည်။
“ဗုံးကျကွဲတဲ့နေရာက ဒိုးတန်းကုလားရွာရဲ့ ဗလီအနီးမှာ ကျကွဲတာလို့ သိရတယ်။ အဲဒီဒိုးတန်းကုလားရွာပျက်က လောင်းဒုံနဲ့ဆို ၂ မိုင်လောက် ဝေးတယ်” ဟု လောင်းဒုံရွာသား နောက်တစ်ဦးက ပြောသည်။
ဒိုးတန်းသည် ရိုဟင်ဂျာကျေးရွာကြီးတစ်ရွာဖြစ်ပြီး ထိုကျေးရွာသားများမှာ ၂၀၁၇ အရေးအခင်းဖြစ်ခဲ့စဉ်က အများစုသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသောကြောင့် နေထိုင်သူ မရှိတော့သဖြင့် ရွာပျက်၍ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
၎င်းကျေးရွာမှာ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်သို့ ဆက်သွယ်ထားသည့် ပင်မကားလမ်းမကြီး၏ လမ်းခွဲတစ်ခုဖြစ်သော ငါးခူရ ပြန်လည်လက်ခံရေးစခန်းဘက်သို့ သွားသော ကားလမ်းမပေါ်တွင်ရှိပြီး လောင်းဒုံကျေးရွာနှင့် ၂ မိုင်ခန့် ဝေးသည်။
ယမန်နေ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ တပ်သားအချို့ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဇူလိုင် ၁၈ ကလည်း ကြိမ်ချောင်းဗျူဟာနှင့် ၃ မိုင်ခန့်အကွာတွင် နယ်ခြားစောင့်ရဲကားတစ်စီး တိုက်ခိုက်ခံရပြီး ၁၀ ဦး ခန့် သေဆုံးကာ ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးကို AA က ဖမ်းဆီးခဲ့သည်။
အာဏာသိမ်းခါနီး စစ်တပ်က AA နှင့် အပစ်ရပ်ခဲ့ရာ ရခိုင်ဒေသခံတို့မှာ တိုက်ပွဲများနှင့် ကာလအတန်ကြာ ကင်းဝေးခဲ့သည်။
အာဏာသိမ်းမှုဆန့်ကျင်သူအများအပြား အကြမ်းဖက်၊ ပစ်သတ်ခံရပြီးနောက် လက်နက်ကိုင် ခုခံမှု နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာရာ စစ်ပညာသင်ယူလိုသူတို့ကို ကူညီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် AA လည်း ပါဝင်လာသည်။
နိုင်ငံအနှံ့ ပြည်သူများ စစ်ကောင်စီတပ်၏ ရန်ကို ဆက်လက် ရင်ဆိုင်နေရချိန်တွင် AA နှင့် စစ်ကောင်စီတပ် ဆက်ဆံရေး ပျက်ပြားလာရာမှ ရခိုင်ဒေသတွင် တိုက်ပွဲများ ပြန်လည် အစပြုလာသည်။
စစ်သည်အင်အား၊ တိုက်ခိုက်နိုင်စွမ်းတို့ အကန့်အသတ်ကြီးမားလာသော စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ပိုမို အသုံးပြုလျက်ရှိရာ မြေပြင်တွင် လက်နက်ကိုင်များသာမက အရပ်သားများလည်း ထိခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)