ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ညအချိန် ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို လျှို့ဝှက်အစည်းအဝေးရှိသည်ဟု ခေါ်ယူကာ နှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ရှိ မီးတိုက်ကျေးရွာအနီးနှင့် ဘူးသီးတောင်မြို့နယ်သွားရာ ဂုပ္ပီကျော်လမ်းတွင် ယမန်နေ့ (စက်တင်ဘာ ၉) မှ ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။
ယခုလဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစပ်ရှိ နယ်စပ်စခန်းတစ်ခု ဆုံးရှုံးပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်းကို အပြင်းအထန် တိုက်ခိုက်နေကာ ယမန်နေ့တွင် ကြိမ်ချောင်း – တောင်ပြိုကားလမ်းဘေးရှိ မီးတိုက်ကျေးရွာအနီးတွင် ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်သည့်အပြင် တောင်ပြိုဘက်မှနေ၍ လက်နက်ကြီးပစ်ကူပေးနေသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
“မနေ့ကဖြစ်တဲ့ မီးတိုက်ကျေးရွာနားကတိုက်ပွဲ ဒီမနက်ထိ ပစ်ခတ်သံတွေ ထွက်နေတုန်းပါ။ မနေ့က ည ၁၀ နာရီလောက်အထိ လေယာဉ်နဲ့ လာတိုက်နေတာ။ အဲဒီကရွာသားတွေက ဘေးလွတ်ရာကို ပြေးကုန်ကြပြီ။ ဒီမနက်လည်း အဲဒီမီးတိုက်ရွာနားမှာ ဆက်ဖြစ်နေတုန်းပါ” ဟု ၎င်းက ပြေသည်။
တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့နယ်မြောက်ပိုင်း နေရာအချို့တွင် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်းလည်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“ဖုန်းဆက်ကြည့်တော့ မီတိုက်ရွာသားတွေနဲ့ သင်္ဘောလှရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ သိရတယ်။ အဲဒီနောက်ပိုင်း ဖုန်းခေါ်လို့ မရတော့ဘူး။ မောင်တောမြို့ပေါ်ကနေ နံ့သာတောင်ကျေးရွာဘက်ကို ပြန်တဲ့သူတွေကို ဖုန်းခေါ်ကြည့်တော့ တစ်ခါပဲရလိုက်တယ်။ နောက်ထပ် ဆက်သွယ်လို့ မရဘူး” ဟု မောင်တောမြို့ခံ အမျိုးသားက ဆိုသည်။
တိုက်ပွဲကြောင့် မီးတိုက်နှင့် သင်္ဘောလှကျေးရွာဘက်မှ ရွာသားများမှာ အသုတ်လိုက် မောင်တောမြို့ပေါ်သို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးနေကြသည်ဟု ကြိမ်ချောင်းဒေသခံတစ်ဦးထံမှလည်း သိရသည်။
ယနေ့ နံနက်အစောပိုင်းတွင် ကြိမ်းချောင်းအရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ စစ်ကောင်စီစခန်းတစ်ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း အထက်ပါဒေသခံက ပြောသည်။
“အဲဒီဂုပ္ပီလမ်းမှာရှိတဲ့ စခန်းကို ဝင်တိုက်တာ ဖြစ်ဖို့များပါတယ်။ အဲဒီဘက်က လူတွေကလည်း အဲဒီစခန်းရှိတဲ့ တောင်ကျော့ဘက်က အသံထွက်နေတာလို့ ပြောတယ်။ ကြိမ်ချောင်းစခန်း ၂၄ ကတော့ လက်နက်ကြီးတွေနဲ့ အဆက်အပြတ်ပစ်နေတယ်”
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းမှာ ကြိမ်ချောင်းရီးဒါးနှင့် ဘူးသီးတောင်မြို့နယ် ဂုပ္ပီဘက်သို့ ဖြတ်ဖောက်ထားသည့် ကားလမ်းမကြီးဘေး တောင်ကုန်းပေါ်တွင်ရှိသည်ဟု သိရသည်။ ဂုပ္ပီလမ်းကို ၂၀၁၇ ခုနှစ် နောက်ပိုင်း ဖောက်လုပ်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီအတွက် အရေးပါသောလမ်းပိုင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုစစ်ကောင်စီတပ်စခန်းအနီး တောင်ကုန်းများကို ရဟတ်ယာဉ်နှစ်စီးဖြင့် ယနေ့ နံနက် ၈ နာရီခွဲက လာရောက်ပစ်ခတ်နေကြောင်း မျက်မြင်တစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်လို့ ရပ်သွားတာနဲ့ အခု အဲဒီအနီးဝန်းကျင်ကို ရဟတ်ယာဉ်နှစ်စီးနဲ့ လာပစ်နေတယ်။ အဲဒီဘက်ကို ကြိမ်ချောင်းဗျူဟာက လက်နက်ကြီးတွေနဲ့လည်း ထုနေတာ ကြားနေရတယ်။ ဒီကလူတွေက အကုန်ကြောက်နေကြပြီ” ဟု ၎င်းက ပြောသည်။
ယခုလဆန်း ၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၌ စစ်ကောင်စီက လျှို့ဝှက်အစည်းအဝေးရှိသည်ဟု ဖိတ်ခေါ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဘူးသီးတောင်မြို့ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ လာရောက်ရန် အုပ်ချုပ်ရေးမှူး ၁၂ ဦးကို ဆင့်ခေါပြီးနောက် ထိုသို့ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အုပ်ချုပ်ရေးမှူးများကို AA နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးမေးမြန်းပြီးနောက် ညနေပိုင်းတွင် တပ်မင်းချောင်းနှင့် မီးကျောင်းစျီကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်ဦးကို ဖမ်းဆီးလိုက်ကာ ကျန်သူများကို ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတချို့က ပြောသည်။
အဖမ်းခံရထားသူနှစ်ဦးမှာ တပ်မင်းချောင်းမှ အသက် ၇၀ အရွယ် ဦးကျော်လှနှင့် မီးကျောင်းစျီးရွာမှ ၄၀ အရွယ် ဦးအာမီဟူဆောင်းတို့ဖြစ်သည်ဟု သိရသည်။
“ဒီနေ့အထိ ဘာသတင်းအစအနမှ မရဘူး။ တကယ်လို့ AA နှင့် ပတ်သက်မှုရှိတယ်ဆိုရင် ထောင်ဒဏ်အနှစ် ၂၀ ခံရမယ်လို့ ပြောတာတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)